Sunday, 6 January 2013

လူလေးဖတ်ဖို့ ကဗျာ

ကျနော့်သားအတွက် နောက်ဆုံးရေးဖြစ်တဲ့ကဗျာရှည်ပါ...

by Wai Hmuu Thwin on Sunday, January 6, 2013 at 10:54pm ·
                                                                     ဒီဇင်ဘာသတင်း
                                                                        ဝေမှူးသွင်

။၁။

(၂၁.၁၂.၁၂) သောကြာနေ့
နေ့လည်(၁)နာရီ(၂၀)မိနစ်တိတိမှာ
ကျနော်နဲ့ သက်ဆိုင်တဲ့ သန္ဓေသားတစ်ခု…
လူ့လောကထဲ ရောက်ရှိလာရဲ့။

ပြောရရင်ကိန်းဂဏန်းတွေက
(၁၂)နဲ့(၂၁)တွေချည်းဖြစ်နေတာ
ရယ်စရာ တိုက်ဆိုင်မှုပေါ့။

ထပ်ပြောရရင်အဲဒီနေ့ဟာ
မာယာလူမျိုး တွေရဲ့ပြက္ခဒိန်အလိုအရ
ကမ္ဘာကြီးပျက်သုန်းမဲ့ နောက်ဆုံးရက်စွဲပေါ့။

။၂။

အူဝဲ…အူဝဲ…ဆိုတဲ့
အော်မြည် ငိုကြွေးသံ တွေကြားထဲ
သားရဲ့ပထမဆုံးနေ့ကို
တခြားသာမန် ကလေးများလိုပဲ စတင်နိုင်ခဲ့တယ်။

ဖခင် တစ်ယောက်ဖြစ်လာခဲ့ ပြီးနောက်
ကျနော်ဟာ သားအတွက်
အဲဒီ(သာမန်)ဆိုတာကိုသာ
မျှော်လင့်ချက် ထားလို ပါတယ်။

သာမန်ပညာရေးပဲ
သာမန် ပတ်ဝန်းကျင်မှာ
သာမန် ရှင်သန်မှုပဲ….
ဒါဆို ရပြီ။

ကိုယ်မွေးထားတဲ့ သား၊သမီးမို့
သူများကလေး တွေထက် ရုပ်ပိုချောတယ်
ဥာဏ်ပိုကောင်းတယ်…ဆိုတာမျိုး၊
နေ့ကြီး၊ရက်ကြီး မှာမွေးဖွားလို့
ဘယ်လို ဇာတာကောင်းပြီး၊
ဘယ်ပုံ မျိုးရိုးမြင့်မြတ်တယ်…ဆိုတာမျိုး (အစရှိသော)
ပေါတောတော အတ္တတွေနဲ့
စစ်ပဒေသရာဇ်တို့ရဲ့ အရူးစိတ်များ
ကျနော့်ထံမှာ မရှိပါ။

သားအရွယ်ရောက်လာရင်
ရပ်ကွက်ထဲက တခြားသော သာမန်ဘ၀တွေလိုပဲ
လမ်းသရဲ၊၀န်ထမ်း၊ ဈေးသည်၊ဆရာဝန်၊
ဖာဂေါင်း၊ အခြောက်၊ကျောင်းဆရာ….
ဘာမဆိုဖြစ်လာ နိုင်မှန်း
ကျနော် လက်ခံထားပြီးသားပါ။

သားရဲ့အနာဂတ် ဘ၀မှာ
အတော်ဆုံး၊ အတတ်ဆုံး၊
အထူးချွန်ဆုံး လူတစ်ဦးဖြစ်ချင်မှဖြစ်မယ်။
ဂုဏ်သတင်းနဲ့ သြဇာကြီးမားတဲ့
ပညာရှိ ခေါင်းဆောင် တစ်ဦးဖြစ်ချင် မှဖြစ်မယ်။
နောက်ပြီး…ငွေကြေးဓန ကြွယ်ဝသော
လူကုံထံ သူဌေး ကြီးတစ်ဦးလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့လို့
တာဝန်ကျေတဲ့ အခွန်ထမ်းပြည်သူ တစ်ယောက်အဖြစ်
အမှန်တရားကိုချစ်ပါ
သူရဲကောင်းတွေကို လေးစားပါ
လူ့ဂုဏ်သိက္ခာ အတွက်
တိုက်ပွဲဝင်ပါ။

တစ်နေ့နေ့၊ တစ်ချိန်ချိန်
တိုင်းပြည်က မင်းကိုလိုအပ် လာတဲ့အခါ
သာမန်လူငယ်လေး တစ်ယောက်ပေမဲ့ သွေးရဲကြောင်းကိုတော့
ပြသ နိုင်ပါစေ။

။၃။

သားရေ…
ဒီအတိုင်းဆို ခေတ်ဆိုး၊စနစ်ဆိုးကြီးက
အမှောင်လမ်းပေါ် သွေးညှီနံ့တွေ ထွန်းညှိပြီး
အောင်ပွဲခံ နေဦးမှာပါလား။
နိုင်ငံ တ၀ှမ်းရှိ အဖိနှိပ်ခံပြည်သူတွေ ကလည်း
သပိတ်လက်နက်ကို မြဲမြဲကိုင်စွဲလို့
ချီတက် တိုက်ပွဲဝင်နေကြဆဲပါလား။

အစိုးရမင်းများကတော့
ဒါကို ပုဒ်မ(၁၈)၊ပုဒ်မ(၅၀၅-ခ) ဆိုတာတွေနဲ့
သွေးရူး၊သွေးတန်း ခုခံနေကြရဲ့။

ဒီကနေ့ ပြည်သူလူထုကြီးဟာ
နှစ်ပေါင်း(၅၀)ကျော် အတွေ့အကြုံများ အရ
မိမိတို့အခွင့်အရေး အတွက်ကိုယ်တိုင် တိုက်ယူရမယ်ဆိုတာ
အတိအကျ သဘောပေါက်နေကြပြီ။

မကြာမီ လာမည် ဆိုတဲ့
မင်းလောင်းမျှော် စိတ်ဟာ
လုံးဝ အလုပ်မဖြစ်တော့ဘူးလေ။

။၎။

တကယ်တော့
ဒါတွေဟာ မတော်တဆပါ။
(ဒီ့ထက် ရိုးရိုးသားသား ၀န်ခံရရင်)
သားတို့ လူဖြစ်လာမဲ့ခေတ် မတိုင်မီ၊
ရှေ့က ကျနော်တို့မျိုးဆက်များရဲ့ ပေါ့ဆမှုတွေလည်း
အများကြီး ပါတာပေါ့။

အခုဆို
အပြင်းဖျားနေတဲ့ အတွင်းသားတွေဆီ
ဘယ်ရိုးသားမှု နဲ့မှမချဉ်းကပ်နိုင်တော့၊
စားဝတ် နေရေးပုံပြင် များမှာ
သားချော့တေး ဆိုနေရှာသောမိခင်တွေလည်း
နိုင်ငံတော် ပုန်ကန်မှု ဖြစ်လိုဖြစ်၊
ဆယ်စု နှစ်ပေါင်းများစွာ
ဥပဒေပြု လွှတ်တော်မရှိခဲ့တဲ့ တိုင်းပြည်အဖို့
တရားဥပဒေ စိုးမိုးရေးဆိုတာ
အကြောက်တရား လွှမ်းမိုးထားတဲ့ ငြိမ်ဝပ်ပိပြားရေးပဲရမယ်။

ဒါဖြင့်
ဘယ်အရာတွေဟာ ထိလွယ်၊ရှလွယ်
တည်ဆောက်ရေး မျိုးဖြစ်ခဲ့လို့လဲ။

ဒါဖြင့်
စစ်အာဏာရှင် အလိုမရှိ၊
ရုပ်သေး သမ္မတအလိုမရှိ…ပဲ။

ဒါဖြင့်
အာဏာဟာ လူထုဆီ ကမလာဘဲ
သေနတ်ပြောင်းဝက ပဲလာနေတုန်းပေါ့။
အခုလည်း ကြည့်…
စစ်ဗိုလ် လူထွက်တချို့က
အမျိုးသားနိုင်ငံရေး တဲ့။
(တကယ်တမ်းမှာ နာဇီဖက်ဆစ်ဝါဒီတွေကလည်း
သူတို့ ကိုယ်သူတို့ အမျိုးသားနိုင်ငံရေးလို့
ဟစ်ကြွေးခဲ့ ကြတာပဲ။)

သားရေ…
မင်းရှေ့လျှောက် ရင်ဆိုင်တွေ့ရမဲ့
လူ့အဖွဲ့ အစည်းကြီးဟာ
အဲသလို မဖွယ်မရာ
ရင်မောစရာ အတိ ပြီးနေတာပေါ့ကွာ။

။၅။

အနက်ရောင် ဆောင်းရက်စွဲ များကြားမှာ
သားကြောင့်
အရာရာကို ချစ်စိတ်ဝင်နေခဲ့တဲ့ ကျနော်
သားကြောင့်ပဲ
အရာရာကို အစိုးရိမ်ကြီးနေမိ ပြန်တယ်။

ဒီကျနော့် စိုးရိမ်မှုတွေဟာ
နောင်တစ်ချိန် သားအတွက်
ကျမ်းကိုးဖို့ လိုအပ်လာတဲ့အခါ
လုံလောက်တဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်ပါ့မလား။

ဘာပဲဖြစ်ဖြစ် သေချာတာက
သားသည် ရှုံးနိမ့် လုနီးပါး စစ်ပန်း နေသော
သူ့ဖခင် (ကျနော့်)ရဲ့ စစ်ကူမဟုတ်၊
အမွေခံ နိုင်ငံရေးသမား (သို့မဟုတ်)
အမွေခံ အနုပညာသမား တစ်ယောက်ဖြစ်လာရန်  ပို၍ မဟုတ်…၊
သားကို ကျနော်က
လွတ်လွတ်လပ်လပ် နဲ့လောင်းရိပ်ကင်းစွာ
ရှင်သန် ကြီးပြင်းလာစေ ဖို့ဆန္ဒရှိ ပါတယ်။

အကြောင်းကတော့ လူမမယ်ကလေးငယ် တစ်ယောက်ပေါ်
တစ်စုံတရာ မျှော်လင့်ချက် ထားတာဟာ
မမျှတ တဲ့တာဝန်ပေခြင်း ဖြစ်တယ် လို့
ကျနော်က ယုံကြည်ယူဆ လို့ပါပဲ။

။၆။

အို-
အဝေးဆီက ပဲ့တင်လာတဲ့
မြောက်ပြန်လေ တစ်ချက်က
ကျနော့် ခန္ဓာကို ရုတ်ခနဲ အဖျားခတ်သွားရဲ့။

။၇။

ကျနော်က သက်ပြင်းကို
(ဖြေးဖြေးချင်းပဲ)
သေသေချာချာ ချလိုက်တယ်။

သားဆိုတဲ့ဇောနဲ့ ရေးလိုက်မိတဲ့
ဟောဒီ ကဗျာဟာ
ချောင်ကြို၊ ချောင်ကြားမှာကပ်နေတဲ့ သုညတစ်လုံးရဲ့
အတ္ထုပတ္တိလည်း ဖြစ်နိုင်ပါတယ်။

ကဲ…လာကြ၊
ပြီးရင် အထုပ်ကိုယ်စီ ဖြည်ပြကြ…

ခေတ်ကာလ ကိုဖျော်ဖြေရန်
ကျီးကန်း အလှမွေးမြူသူတွေ
ရှိခဲ့ပြီ…။      ။

(သားအတွက် ရည်ညွှန်းပြီး ဒီကဗျာကို အလွန်တာဝန်ကြီးစွာရေးဖွဲ့ လိုက်ပါတယ်။)

No comments :