Thursday, 21 February 2013
တုံးမောင်ခေါက်သံ
တုံးမောင်းခေါက်သံ 
 ---------------------------------------------
(မိုးသီးဇွန်)
တစ်။
ကုန်သည်လေ တိုက်ချိန် ကြ မှာ
ငါဒို့ ဟာ လက်ဗလာနဲ့ 
အိမ်ကိုပြန်လာကြ။
လယ်တွေကို ဒို့ မပိုင်ကြတော့ဘူးလေ ။
ဒါမြေကိုသိမ်းတာမဟုတ်၊
ဘ၀တွေကိုဖျက်သိမ်းလိုက်တာလေ။
မြေတွေကိုယူသွားတာမဟုတ်
ရွှေတွေကိုယူသွားတာ။
တောင်တွေကိုယူသွားတာမဟုတ်
အပြုံးတွေကိုယူသွားတာ။
ထန်းတော ကိုယူသွားတာမဟုတ်
ယဉ်ကျေးမှုကို ယူသွားကြတာလေ။
သူတို့ တံခါးတွေ ဖွင့်၊
ဒို့  တခါးတွေကို ပိတ်လိုက်တာ။
နှစ်ပေါင်း ၅၀ ကျော်အတွင်း၊
သူတို့  ရဲ့  ခနခန ပြောင်းလဲခြင်းတွေထဲမှာ
ပြောင်းလဲခွင့်မရသူတွေသာများလာရဲ့  ။
လမ်းကောင်းကောင်းပေါ်မှာ မလျှောက်ခဲ့ရပေဘူး။
ကျောင်းကောင်းကောင်းမနေခဲ့ရဘူး။
ဆေးရုံကောင်းကောင်း ပေါ်မပြခဲ့ရဘူး။
ဈေးကောင်းကောင်း မ၀ယ်ဖြစ်ခဲ့ဘူး။
ဒီတော့
လူကောင်းကောင်းမဖြစ်ခဲ့ဘူးဆိုပါတော့။
လူတွေကြုံ လှီလာတာနဲ့အမျှ
တယောက်ကိုတယောက်
အမုန်းပွားဖို့ လွယ်လာကြတာပဲရှိတယ်။
ဒါကိုသူတို လိုခြင်နေတာလေ။
နှစ်။
သူတို့ တခါးမဖွင့်ခင်အချိန် အထိ
ရွာပတ်လည်မှာတောင်တွေရှိနေသေးတယ်။
တောတွေရှိနေသေးတယ်။
ရေတွင်းထဲကရေကိုသောက်လို့ ရသေးတယ်။
ဖွင့်ထားတဲ့တံခါးက
ယင်ကောင်တွေတ၀ီးဝီးဝင်လာကြတယ်။
သုံး။
ပျား၊ပိတုန်း၊လိပ်ပြာတွေ
ရေကန်မှာ ကြာရိုးကြာစွယ် တွေနဲ့  လှနေတဲ့ ရွာဟာ ၊
မနက်မှာ နေ
ည မှာ လ။
လယ်တောနဲ့ တောင် ပဏာရ
သွယ်လျလျ မြစ်ကြောင်း
နှစ်ပေါင်းများလှပေါ့။
ဘူတိုဇာတွေ ၀င်လာကထဲက  ကတည်းက
ဖုန်တထောင်းထောင်းထ၊
အကျည်းတန်သွားခဲ့ရပြီ။
အဖိုးတွေ လက်ထက်ကတည်းက
တောလိုက်ခဲ့တဲ့ တောင်။
ခွေးလျှက်ထားတဲ့ပန်းကန် လို ပြောင်သလင်းခါလို့ ....။
ကျွဲလူး အိုင်လို ဟောက်ပက်၊
(ယောက်ဖရေ)
တကယ့်ရုပ်ပျက်ဆင်းပျက်ပါပဲ။
လေး။
ဒီတောင်ပေါ်မှာ
ပဒပ်စာ ခူးရင်း ၊
မမင်း ရယ်လေ၊
မြှစ်စို့  ပေါက် အသွင်
မစွမ်းရင်းက ရှိခဲ့ကြ။
‘’ စပယ်နှစ်ပွင့်ကိုထရံကာမိကြတယ်။’’
ချစ်သူတို့ ပေါ့…။
တရွာလုံးကို
လျှောက်ပြုံးပြခဲ့တဲ့နေရက်တို့ ပေါ့။
မိုးရွာလို့ နမ်း၊
လေတိုက်လို့ နမ်း။
ချစ်လို့ နမ်းနဲ့ 
ဘ၀မှာအနမ်းဟာအရေးကြီးဆုံးပဲ။
ဒါကိုသိသည့်နောက်
ခြေလှမ်းတိုင်းဟာယုံကြည်မှုရှိလာတယ်။
လက်ပန်နဲ့  ဇရက်
ချစ်ပွဲကြီးနွဲ ခဲ့တယ်။
တောင်ပေါ်မှာတခါ၊
တောင်အောက်မှာတခါ။
ရှိုထဲမှာတခါ။
မခွဲနိင်မခွာရက်၊
ရက်ဆက် ကြိုထောက်။
ချစ်သူနှစ်ယောက်အကြောင်း၊
လက်ပဒေါင်း တောင် သက်သေတည်ခဲ့ပြီ။
အို .. ကိုးမြို့ ရှင် ..
အရင်လိုပဲ
လာ ပါ။
 စားပါ။
သောက်ပါ။
 ပျော်ပါးပါ။
ပုဆိုးတန်းတင်ပွဲမှာ။
အချစ်တခုရဲ့  မြစ်ဖျားခံရာ ဟာလဲ
နီညိုရောင်  သန်း
ဟော့ဒီ … တွန့် ခေါက်တောင်တန်း ပါပဲ။
ငါး။
ဒီနယ်တရိုးမှာ
ဒို့ ရွာပေါ်က
မိုးကောင်းကင်ဟာ
အပြာ ဆုံး။
ငါဒို့မြေပဲဟာဆီအထွက်ဆုံး။
ထန်းမြစ်ဟာအချိုဆုံး။
သားတွေဟာ အသန်မာဆုံး
သမီးတွေဟာအချောဆုံး။
စံနှုန်းတွေကို ဂုဏ်ယူခဲ့ကြ။
လူဟာ အောင်မြင်မှုထက် တန်ဖိုးရှိမှု ကို ပို လိုလား
ဒါဟာဒို့ရွာရဲ့  ထုံးထားပါပဲ။
တရွာလုံးက အပျိုမ တွေ ၊
ဆင်းကူးနေကြ၊
လှတဲ့ မြစ်။
ချစ်တဲ့လှိုင်း၊
နွားရိုင်းမောင်းသံ
မြစ်ရိုးမှာကျွတ်ကျွတ်ညံခဲ့။
မြစ်ဆိုတာ လူနဲ့ သတ္တ၀ါတွေကြား၊
သစ္စာတရား တခုပါပဲ။
ငါဒို့ ရွာသားများ ဟာ
ကျွဲနွားတအုပ်ကစ
ငါးသန်သေးနုပ်အဆုံး
အားလုံး အပေးယူ မျှ မျှ နေခဲ့ကြတယ် ။
 တပုံကိုယူ၊
တပုံကိုလျှူ  ခဲ့ကြရဲ့ ။
ခုတော့ ..
အက်ဆစ်တွေက
မြစ်ပြင်ကိုမီးတင်လိုက်ကြပြီ။
တောင်ကြီး တွေ ပြို သွားရင်
ထန်းပင်တွေ ရင်ကွဲ၊
မိုးတိမ်တွေလည်း လွှင့်ပါးပျောက်
ဗျိုင်းအောက် တွေ မပျံဝဲ နိင်တော့ပေဘူး။
ခြောက်။
ဒီမြေမှ နေ
ဒီရေကိုသောက်။
ငါနဲ့ ငါယောက်ဖ
လည်ပင်းဖက်ကြီးလာကြရဲ့  ။
မြေပဲနှုတ်အပြီးအပြန်၊
ကျူးကျော်သူတွေ လို့ သတ်မှတ်ခံလိုက်ရတယ်။
ဒို လယ်တွေပြန်မရတော့ပေဘူး။
ပါးစပ်က ထန်းရေ နံ ထ  တာကလွဲလို့ 
ငါဒို့ ဟာ ဥပဒေကိုမချိုးဖေါက်ခဲ့ကြပါဘူး။
တိုင်းပြည် အပေါ်မှာသစ္စာမဖေါက်ခဲ့ကြပါဘူး။
အဖမြင်းဖြူရှင်ကို ပူဇော်မပျက်ခဲ့ပါဘူး။
ငါယောက်ဖ က တအံတသြနဲ့ 
‘’ ဒို့ မြေပဲခင်းတွေအားလုံး ကို နိင်ငံတော်က ပို်င်သတဲ့ကွ’’
လို့ ဆိုလိုက်တဲ့အခါ
ရွာတော့ အပမှီ ပြီဆိုတာသိလိုက်ကြတယ်။
ကုန်သည်လေ တိုက်ချိန် ကြ မှာ
ငါဒို့ ဟာလက်ဗလာနဲ့ 
အိမ်ကိုပြန်လာကြ၊
လယ်တွေကို ဒို့ မပိုင်ကြတော့ဘူး။
ဒို့ ရွာပတ်ပတ်လည်မှာ
ကျန်ခဲ့တဲ့ အရာတွေက
ခေါစာပြစ်လို့ မရတဲ့ ခရိုနီတွေရယ်
မကျူးးကျော်ရဆိုတဲ့ဆိုင်းပုဒ်တွေရယ်၊
ရောဂါဆိုးတွေရယ်၊
ကျွတ်ကျွတ် အိပ်တွေ ရယ်ပါပဲ။
ခုနစ်။
သူငယ်ချင်းကောင်းယောင်းမတို့ ရေ ၊
ငိုမနေကြနဲ့ 
မိုးမချုပ်မီ
စောစောလာခဲ့ကြ။
ကောက်ဆွ တွေယူခဲ့ကြ။
ယာတွေကိုမီးရှို့ ကြမယ်။
လယ်ကွင်းတွေထဲက တေးသံ လွင့်ပျံ  ။
နာနာဘာဝမှန်သမျှ မောင်းထုတ်ကြတဲ့ပွဲ မှာ၊
တုံးမောင်းခေါက်သံတွေ၊
ဘ၀ဂ်ညံနေရခြိမ့် မယ်။
(မိုးသီးဇွန် )
ဒီဇင်ဘာ ၄၊၂၀၁၂ ။
လက်ပဒေါင်းတောင်ရွာ သူရွာသားများနှင့်
ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့ အတွက်။
++++++++++++++++++++++
မောင်မောင်ကျော်ရဲ့  အမှာ
၁၉၈၈ဇူလိုင်လရဲ့နေ့တနေ့မှာကျနော်ပုန်းနေတဲ့ကြည့်မြင်တိုင်ကအိမ်ကို၊ကိုညိုထွန်းရောက်လာပြီး
ဗကသဖွဲ့စည်းဖို့ကိစ္စပြောတယ်၊သူကမိုးသီးဇွန်နဲ့တွေ့ဖို့သူစီစဉ်ပေးမယ်ပြောတယ်။ မိုးသီးဇွန်ဆိုသူရဲ့အကြောင်းအကျဉ်းချုံးပြောပြတယ်၊အဲဒီအထဲမှာဒီလူဟာကဗျာတွေရေးတယ်တာ
ည်းပါတယ်။ ၁၉ ၈၅ ခုနှစ် မှာ သူရေးတဲ့  တောရိုင်းနှင်းဆီ ကဗျာ စာအုပ်က မြေအောက်မှာကျော်ကြားနေတယ်။ 
ဒီကာလက သူဟာလူငယ်တယောက်ဖြစ်ပေမဲ့ သူကဗျာတွေက တွေ့ နေကြအချစ် သီးသန့်  ကဗျာတွေမဟုတ်ပဲဘူး။ 
အဖိနှိပ်ခံပြည်သူတွေဖက်က မားမားရပ်တည်ထားတဲ့ ကဗျာတွေ။ ဒါပေမဲ့ဒီထဲမှာ သူရဲ့  နူးညံတဲ့ အချစ်တွေကိုလဲ
တွေ့ ရှိနိင်မှာဖြစ်တယ်။ 
ဇွန်လ မိုးစက်တွေကြားမှာ  ကျနော်တို့ နှစ်ယောက်စလုံး မီးဟုန်းဟုန်းတောက်စကားတွေကို အဓိပတိလမ်းမ
မှာပြောခဲ့ကြတယ်။ ဒီတုန်းက သူပုံကို မြင်ယောင်မိသေးတယ်။ ကျနော် နယ်စပ်ကိုထွက်သွားတာသူထက်စောတယ်။
 သူနဲ့မတွေ့ဖြစ်လိုက်ဘူး။ ၂၀၁၁မှာနယူးယော့ခ်ကိုပြောင်းလာတော့
သူပုန်ဗိုလ်ချုပ်ဟောင်းမိုးသီဇွန်ကိုဘဲတွေ့ရတယ်။ သူက တက်ကြွနေတုန်း နိင်ငံရေးကိုးကို်ယ်ရောစိတ်ပါမြှပ်နှံနေတုန်း ... ဗျုံး ဆို  တုံးမောင်းခေါက်သံ ဆိုတဲ့ကဗျာ ကို ပြန်ဖတ်ရတော့
အခုတော့လွန်ခဲ့တဲ့၂၅နှစ်ကမတွေ့ဖြစ်
လိုက်တဲ့ကဗျာဆရာမိုးသီးဇွန်ကိုတွေ့ရပါပြီ။ 
(  မောင်မောင်ကျော် )  
အထူးကျေးဇူး 
( စားလုံးပေါင်းသတ်ပုံ တည်းဖြတ်ပေးသော ကို သန်းဆွေ ကို ကျေးဇူးတင်ရှိပါတယ်။  )
No comments :