Wednesday 20 March 2013

" အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ" ဆိုသော သတင်းဆောင်းပါးနှင့် စပ်လျဉ်း၍





မဇ္ဈိမသတင်းဌာနရဲ့ မြန်မာပိုင်း စာမျက်နှာပေါ်မှာ ပါရှိတဲ့ " အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ" ဆိုသော သတင်းဆောင်းပါးနဲ့ စပ်လျဉ်းပြီး အနည်းငယ် တင်ပြလိုပါတယ်။

() ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အနည်းငယ်မှားနေပါတယ်။ ဒီပွဲကို အောက်စဖို့ဒ်ကျောင်းသားကိုယ်စားလှယ်အဖွဲ့က ကျင်းပတာ မဟုတ်ပါဘူး။ အောက်စဖို့ဒ်တက္ကသိုလ်မှာ အရှေ့တောင်အာရှပရောဂျက်ဆိုတဲ့ သုတေသနပရောဂျက်ရှိပါတယ်။ ဌာနစုံက ပါမောက္ခတွေ အပါအ၀င် ဒေါက်တာဘွဲ့ရပြီးသူအများစု ဦးဆောင်ပြီး သုတေသနတွေ လုပ်နေကြပါတယ်။အဲဒီသုတေသနပရောဂျက်က ပြုလုပ်တဲ့ 2nd Annual Southeast Asian Studies Symposium ဖြစ်ပါတယ်။

() ဒီပွဲမှာ မြန်မာ့အရေးကပဲ လွှမ်းမိုးခဲ့တာမဟုတ်ပါဘူး။ Panel 21 ခု ပါဝင်ပြီး၊ Roundtable 3 ခု ပါဝင်ပါတယ်။ အဲဒီမှာ စာတမ်း (၁၀၂) စောင် တင်သွင်းဆွေးနွေးကြရာမှာ မြန်မာနဲ့ ပတ်သက်တဲ့ စာတမ်း သုံးလေးခုပဲ ပါဝင်ပြီး၊ စာတမ်းတက်ရောက်ဖတ်ကြားတဲ့ မြန်မာနှစ်ဦး၊ Roundtable မှာ ပါဝင်သူ မြန်မာတဦးနဲ့ အခြားလေ့လာသူ မြန်မာအချို့ တက်ရောက်ခဲ့ကြပါတယ်။ Roundtables ၃ခု မှာ တခုက The Future of Myanmar ဖြစ်ပြီး၊ အဲဒီမှာ ခြောက်ဦးပါဝင်ဆွေးနွေးကြပါတယ်။ ဆွေးနွေးသူ ခြောက်ဦးကတော့ လန်ဒန်တက္ကသိုလ်၊ Queen Mary မှ Dr Lee Jones၊ ဘားမားကင်ပိန်းမှ Ms Anna Roberts၊ လန်ဒန်တက္ကသိုလ် SOAS မှ Dr Mandy Sadan၊ အင်ဒိုနီးရှားတက္ကသိုလ်မှ Dr Peter Carey၊ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံအမတ်ဟောင်း Ms Vicky Bowman နဲ့ Burma Independence Advocates မှ Mr Zaw Nay Aung (မြန်မာလူမျိုး) တို့ ဖြစ်ပါတယ်။ မတ်လ () ရက်နဲ့ မတ်လ (၁၀) ရက်တို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပထမနေ့မှာ နံနက် (၁၀) နာရီမှ (၁၁) နာရီခွဲအထိ အချိန် တနာရီခွဲကြာ ဆွေးနွေးခဲ့ပြီး၊ တပြိုင်နက်တည်းမှာပဲ အခြား Panel သုံးခုလဲ ရှိနေပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲတက်ရောက်ခဲ့သူများက ပွဲလေးပွဲမှာ ပျံ့ကျဲနေတာ ဖြစ်ပါတယ်။ မြန်မာပြည်အကြောင်းကိုပဲ အားလုံးပါဝင်ဆွေးနွေးကြတာ မဟုတ်ပဲ၊ အရှေ့တောင်အာရှလေ့လာရေးဖြစ်တဲ့အတွက် မြန်မာ့အရေးကပဲ လွှမ်းမိုးခဲ့တာ မဟုတ်ကြောင်း ပြောကြားလိုပါတယ်။

() ဆွေးနွေးပွဲအနှစ်ချုပ်တွေနဲ့ ပတ်သက်လို့ အခုဒီသတင်းမှာ ဘားမားကင်ပိန်းက Ms Anna Roberts ရဲ့ ဆွေးနွေးချက်နဲ့ အင်ဒိုနီးရှား တက္ကသိုလ်က Dr Carey ရဲ့ ဆွေးနွေးချက်တွေကိုပဲ ထည့်သွင်းထား ပါတယ်။ အခြားလေးယောက်ရဲ့ ဆွေးနွေးချက်တွေ ထည့်သွင်းထားတာ မတွေ့ရှိရပါဘူး။ ပါဝင်သူ ခြောက်ယောက်မှာ တဦးကို (၁၅) မိနစ်ခန့် သူတို့ကိုယ်ပိုင်အမြင်ကို တင်ပြဆွေးနွေးခွင့်ရှိပြီး၊ အားလုံးပြီးသွားချိန်ကျမှ မေးခွန်းများဖြေကြားခြင်း၊ မှတ်ချက်များပေးခြင်းတို့ကို ပြုလုပ်တာ ဖြစ်ပါတယ်။ တဦးချင်းရဲ့ တင်ပြချက်အမြင်များသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထောက်ခံမှု၊ ဝေဖန်မှုများကို သုတေသန စာတမ်းများ ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့ခြင်း လုံးဝ မရှိပါဘူး။ အရှေ့တောင်အာရှ ပရောဂျက်ကို အဆင့်မြှင့်ပြီး၊ အောက်စဖိုဒ့်တက္ကသိုလ်မှာ အရှေ့တောင်လေ့လာရေး သုတေသနစင်တာ တခု တည်ထောင်နိုင်ရေးအတွက် မျှော်မှန်းပြီး၊ အရှေ့တောင်အာရှရေးရာ သုတေသီများရဲ့ focal point အဖြစ်၊ ဆွေးနွေးပွဲ ကျင်းပခြင်းသာ ဖြစ်ပါတယ်။

() ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အောက်ပါ လင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။



() သဘောထားအမြင်များနဲ့ ပတ်သက်ပြီး ဘာမှ comment မပေးလိုပါ။ သတင်းအချက်အလက် အနည်းငယ် မှားယွင်းနေမှုကို ဖြည့်စွက်ပြင်ဆင် တင်ပြပေးခြင်း ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲရဲ့ Panel 13 မှာ ကျွန်မ ပါဝင်ပါတယ်။


ခင်မမမျိုး (၁၉၊ ၃၊ ၂၀၁၃)


No comments :