Saturday, 23 March 2013
ငရဲသားကြီး မြို့ ထဲ ကို ၀င်လာပြီ
ငရဲ သား ကြီး မြို့ထဲ ကို ၀င်လာပြီ
အမှောင်ထုဟာ
တစတစကြီးဆိုးလို့ လာပြီ။
သဂြိုင်းကုန်းထဲက..
ငရဲသား ကြီးတကောင်ထွက်လာပြီ။
ငရဲသားကြီး နဲ့အတူ
သွေးစုတ်ဖုတ်ကောင်များ၊
သရဲသဘက်များဟာ  
မိစ္ဆာဝင်ရိုးတန်းဖွဲ့ လိုက်ကြပြီ။
ငရဲ သား ကြီးဟာ အတိတ်ဆိတ်ဆုံးခြေလှမ်းများ နဲ့ 
မြို့ထဲကိုဝင်လာပြီဟေ့
အားလုံးသတိထားကြ။
အသံတွေတိတ်
မြို့ကြီးဟာ စိုးထိတ်အိပ်မော ကျ သွားပြီ။  
အလင်းတွေပျောက်
တမြို့လုံးအမှောင်ထုအောက်ကိုရောက်သွားရဲ့   ။  
သူကိုတွန်းလှန်လို့ မရအောင်
ငါတို့  အသိညဏ်တွေတုံးနေအောင် လုပ်ထားပေါ့
ငါဒို့ ရဲ့ မျက်စိတွေကို ကန်းအောင်လုပ်ထားရဲ့  
ငါဒို့ ခွန်အားတွေ မဲ့
အသံတောင်ယဲ့ယဲ့ပဲထွက်နိင်တော့တယ်။
သူကိုတွန်းလှန် လို့ မရအောင်
ငါတို့ ကို ပြို ကွဲနေအောင်လုပ်ထားလိုက်ပြီ။
ညီအကိုချင်းတွေစိတ်ဝမ်းကွဲအောင်
သူငယ်ချင်းတွေစိတ်ဝမ်းကွဲအောင်
သူသွေးဆောင်ဖျာယောင်ဖျက်ဆီးလိုက်ပေါ့။
တယောက်ကို တယောက်မယုံကြည်ကြ
ကိုယ်အရိပ်တွေကိုတောင်သံသယဖြစ်ကုန်ကြရဲ့ ။
သူဟာ
အရိုင်းစိုင်းဆုံးတွေနဲ့  လဲပြစ် ၊
ကျောက်ခေတ်ဘ၀ကိုရောက်သွားကြပြီ။
သင့်တို့  ကိုယ်မှာ  ဆင်မြန်းထားတဲ့   
အချစ်၊
အပြုံး
ပျော်ရွင်မှု
 စာနာမှု
နွေးထွေးမှု
ယုံကြည်မှု၊
အသိတရားများ ဆိုတဲ့ရတနာများ
အားလုံးကိုဖြုတ်ယူ ပြီး
လိုက်လံသိမ်းဆည်းနေတယ်။
ဒီရတာနာတွေကို လုံခြုံအောင်ကာကွယ်ထားကြ။
သုခမြို့ ကိုဒါ တွေ နဲပြန်တည်ဆောက်ရမယ်။
အရိုင်းတကာ့အရိုင်းဆုံးတရိစ္ဆာန်တကောင်ရဲ့ 
အရည်ခွံကို သင်ကိုလွမ်း ခြုံသွား၊
အားလုံးသတိထားကြ။
သူပေးတာကို မယူမိစေနဲ့
ယူမိရင်တော့
သင်ဟာ
သူပြောသမျကိုဆိုရလိမ့်မယ်။
သူခိုင်းသမျှကိုလုပ်ရလိမ့်မယ်။
သူအမိန့် ပေးတာကို့  နာခံရလိမ့်မယ်။
သူကြွေးတာကို မစားမိစေနဲ့ ။
စားမိရင်တော့
သင်ဟာ
သတ္တိတွေကင်း အကြောက်တရားကမင်းမူလာမယ်။
မကောင်းမှု ကိုကောင်းမှုလိုမြင်လာမယ်။
မတရားမှုကို တရားမှုလို့ မြင်လာမယ်။
ရန်သူကို မိတ်ဆွေလို့ မြင်လာလိမ့်မယ်။
ငရဲသား တွေဟာ အကြမ်းတမ်းဆုံး စကားလုံးတွေနဲ့ 
မြို့ထဲမှာ သောင်းကျန်းနေတယ်။
အားလုံးသတိထားကြ။
သူတို့  ကြွေးတာကိုမစားမိကြစေနဲ့ ။
ငရဲသားကြီး ရဲ့ သက်တန်း
အမှောင်ည နဲ့အတူ ကုန်ခမ်း တော့မယ်။
အာရုဏ်ဦးအလင်းတန်း တွေ
အရှေ့ဖက်ကသန်းလေပြီ။   
အလံတွေဝှေ့ ယမ်း လို့ 
တပြိုင်နက်တော်လှန်ကြစို့ ရဲ့ ။
မိုးသီးဇွန်
မတ်၂၃၊၂၀၁၃။
3
No comments :