Sunday 10 March 2013

ဗင်နီဇွဲလား သမတ နာရေး သတင်း

ဗင်နီဇွဲလားသမ္မတ ချားဗတ်ဇ်၏ ဈာပနသို့ နိုင်ငံ ၃၀ ကျော်မှ
ခေါင်းဆောင်များ တက်ရောက်၊ ဒုတိယသမ္မတ မန်ဒူရိုက ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူ
Sunday, March 10, 2013

မတ် ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗတ်ဇ်၏ ဈာပနသို့ ကျူးဘား၊ အီရန်နှင့် ဘီလာရုဇ်နိုင်ငံတို့ အပါအ၀င် နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဗင်နီဇွဲလား အစိုးရက ထုတ်ပြန်ခဲ့သည်။

အာဖရိက၊ အာရှ၊ ဥရောပ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယန်မှ
နိုင်ငံ့ခေါင်းဆောင်များသည်လည်း ကာရာကစ်စစ်တက္ကသိုလ်တွင်
ပြုလုပ်သည့် ချားဗတ်ဇ်၏ဈာပနကို တက်ရောက်ခဲ့ကြသည်ဟု ဗင်နီဇွဲလား ဒုတိယသမ္မတ နီကိုလတ်စ်မန်ဒူရိုက ပြောကြားခဲ့သည်။

"သူဟာ အနိုင်မခံ အရှုံးမပေးသူပါ။ သမိုင်းမှာ ဖော်ပြနိုင်မယ့် အောင်မြင်မှု
တွေကို သူချန်ထားခဲ့ပါတယ်" ဟု ချားဗတ်၏ အရင်းနှီးဆုံး မဟာမိတ်
ဖြစ်သည့် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုက ဗင်နီဇွဲလား
ရွေးကောက်ပွဲ များတွင် ချားဗတ်ဇ်၏ လေးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့မှုကို ရည်ညွှန်းပြောကြားခဲ့သည်။

ဥရောပရှိ တစ်ခုတည်းသော အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရသော ဘီလာရုဇ်သမ္မတ အလက်ဇန်ဒါ လူကာရှင်ကို၊ ကိုလံဘီယာသမ္မတ မန်နျူရယ်ဆန်းတို့စ်၊ ဘရာဇီးသမ္မတ ဒီလ်မာရူးဆက်ဖ်၊ သမ္မတဟောင်း လူလာဒါဆေးဗား၊ အီကွေဒေါသမ္မတ ရာဖေးကော်ရီရာ၊ ဘိုလစ်ဗီးယားသမ္မတ အီဗိုမိုရေးစ်နှင့် အာဂျင်တီးနားသမ္မတ ကာ့ခ်ျနာတို့အပါအ၀င် လက်တင်အမေရိကမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

ချားဗတ်ဇ်သည် သမ္မတရာထူး ထမ်းဆောင်ခဲ့သည့် ၁၄ နှစ်အတွင်း ဆီးရီးယားသမ္မတ ဘာရှားအာဆတ်၊ အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်နှင့် ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီတို့နှင့် ရင်းနှီးခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံများကမူ ချားဗတ်ဇ်၏ ဈာပနအခမ်းအနားကို တက်ရောက်ရန်အတွက် ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သည်။ စပိန်က ထီးနန်းဆက်ခံမည့်သူ မင်းသားဖီးလစ်ကို စေလွှတ်ခဲ့ပြီး
ပြင်သစ်က ပြည်ပရေးရာဝန်ကြီး Victorin Lurel ကို စေလွှတ်ခဲ့သည်။

ရုရှားက နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ကို စေလွှတ်ခဲ့သည်ဟု
ပြောကြားခဲ့သော်လည်း စာရင်းတွင် မတွေ့ရှိရသေးဟု မန်ဒူရိုက
ပြောကြားခဲ့သည်။ အမေရိကန် အောက်လွှတ်တော်အမတ် Gregory Meeks နှင့် လွှတ်တော်အမတ်ဟောင်း William Delahunt တို့သည်လည်း အမေရိကန် ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။

အမေရိကန် သရုပ်ဆောင် ရှောင်ပင်း၊ ဒါရိုက်တာ အိုလီဗာစတုန်း၊ သရုပ်ဆောင် ဒန်နီဂလိုဗာ၊ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးခဲ့သူ မိုက်ကယ်မိုးတို့လည်း တက်ရောက်ခဲ့သည်။

ချားဗတ်၏ ရုပ်အလောင်း မပုပ်မသိုးအောင် ဆေးစီရင်ပြီး လီနင်၊ စတာလင်နှင့် မော်စီတုန်းတို့ကဲ့သို့ပင် လူထုကို ပြသသွားမည်ဟု မန်ဒူရိုက ပြောကြားခဲ့သည်။ ချားဗတ်ဇ်သည် မည်သည့်ကင်ဆာရောဂါ ခံစားရသည်ကိုမူ ဗင်နီဇွဲလားအစိုးရက မထုတ်ပြန်ခဲ့ပေ။

ဗင်နီဇွဲလားပြည်သူ သန်းပေါင်းများစွာသည် သူတို့လေးစားသည့်
ခေါင်းဆောင်ကို နောက်ဆုံး အရိုအသေပေးရန်အတွက် ချားဗတ်ဇ်၏ အခေါင်းအနီးတွင် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ၇ ရက် ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများက
ပြောကြားခဲ့သည်။

မတ် ၈ ရက်ညပိုင်းတွင် မန်ဒူရိုက မြို့တော်ကာရာကစ်ရှိ လွှတ်တော်တွင် ကြားဖြတ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အဓိက အတိုက်အခံ ညွန့်ပေါင်းကမူ ယင်းကျမ်းသစ္စာ ကျိန်ဆိုမှုမှာ အခြေခံဥပဒေနှင့် မညီဟု ဆိုကာ သပိတ်မှောက်ခဲ့ကြသည်။

"နီကိုလတ်စ်၊ ဘယ်သူမှ ခင်ဗျားကို သမ္မတအဖြစ် မရွေးဘူး။ ပြည်သူတွေက ခင်ဗျားကို မဲမပေးခဲ့ဘူး။ ကလေးလေး" ဟု အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ ဟင်းနရစ်ကက်ရိုင်းစ်က ပြောကြားခဲ့သည်။

ဓာတ်ပုံ - လက်တင်အမေရိက လွတ်မြောက်ရေးခေါင်းဆောင် ဆိုင်မွန်ဘိုလီဗာ၏ ဓားတစ်ချောင်းကို ချားဗတ်ဇ်၏ အခေါင်းတွင်
မန်ဒူရို (လယ်) က ထားရှိစဉ်

Ref:AFP:CNN
Eleven Media Group

No comments :