Saturday 23 March 2013

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို အကာအကွယ် မပေးနိုင်ရင် တာဝန်ရှိသူတွေ လူကြီးလူကောင်း ပီသစွာ နုတ်ထွက် သင့်ပါသလား?




 -wfww-

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေရာ ခရိုင်အားကစားကွင်းရှိ ဒုက္ခသည်စခန်းအား ယနေ့မွန်းလွဲပိုင်းကတွေ့ရတဲ့ မြင်ကွင်းပါ။ ကမ္ဘာ့ရုပ်မြင်သံကြား သတင်းမီဒီယာတွေ မှာ လည်း ဖော်ပြနေကြတယ်။ အင်မတန် မှ ကြေကွဲဝမ်းနည်းစရာ ကောင်းတဲ့ ဘာသာရေး အဓိကရုဏ်း အကြမ်းဖက်မှု အဖြစ်ဆိုးပါ။  ရ၀မ်ဒါ နိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့  မင်းမဲ့ဆန်ဆန် အုပ်စုလိုက် လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှု မျိုး ပုံစံ လို့ တောင် ကမ္ဘာမှာ ပြောဆိုနေကြပြီ။


မဆလ၊ န၀တ၊ နအဖ လက်ထပ်မှာ ကိုယ့်တိုင်းပြည် က ပြည်သူတွေ ဟာ ကိုယ်နိုင်ငံထဲမှာ အကျဉ်းသားတွေ ဖြစ်ခဲ့ရတယ်။ ဦးသိန်းစိန် သမ္မတ လက်ထပ်မှာ တော့ ကိုယ့်တိုင်းပြည် က ပြည်သူတွေ ဟာ ကိုယ်နိုင်ငံအတွင်းထဲမှာ ခိုးကိုးရာမဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရပြန်ပြီ။


မြန်မာနိုင်ငံ မှာ ဘာသာရေး အဓိကရုဏ်း အကြမ်းဖက်မှုတွေ ဖြစ်ပွားတိုင်း နောက်ကွယ် က လှုံ့ဆော်သွေးထိုးခဲ့ ကြတဲ့ ပယော ဂ လက်သည်တရားခံတွေ ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမရှိလို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးဟာလည်း  မေးခွန်းထုတ်စရာဖြစ်နေတယ်။  လက်သည်တရားခံတွေ ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း မရှိလို့လည်း နောက်ထပ် ဘာသာရေး အဓိကရုဏ်း အကြမ်းဖက်မှုတွေ ကို ဆက်လက် ဖြစ်ပွားအောင် ဖန်တီးတွန်းပို့ပေး နေသလိုဖြစ်နေတယ်။



မြန်မာနိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း အကြမ်းဖက်မှုတွေ ဖြစ်ပွားတိုင်း  အစိုးရ တာဝန်ရှိသူ (သို့) တာဝန်ရှိသူလို့ သတ်မှတ်ခံ ရထားတဲ့ သူတိုင်း ဘယ်သူ က မှ တာဝန်ယူ၊တာဝန်ခံပြီး နုတ်ထွက် သွားတာမတွေ့ရဘူး။  


အတွေ့အကြုံမရှိလို့ပါ၊ လေ့ကျင့် သင်တန်းတွေ အာနည်းခဲ့လို့၊ လက်တွေ့ မတက်ခဲ့ရလို့ ၊ဆိုတဲ့  ယုံတမ်း စကားတွေ၊ တာဝန်ခံမှု ကင်းတဲ့ ဆင်ခြေတွေ ဆက်လက် ပေးနေတာဟာ ယုတ္တိမရှိပါ။

ရခိုင် မှာ အကြိမ်ကြိမ်ဖြစ်သွားခဲ့ပြီးပြီ၊ မုံရွာ မှာ ဖြစ်နေဆဲ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေလည်း အကြိမ်ကြိမ် ဖွဲ့ခဲ့ရပြီးပြီ။ ဘာသာရေး အဓိကရုဏ်း အကြမ်းဖက်မှုတွေဖြစ်လာတော့ မယ် ဆိုတာ လည်း အကြိမ်ကြိမ် သတိပေးမှု တွေ ရှိခဲ့ပြီးပြီ။

ဒီလို အကြိမ်ကြိမ်ဖြစ်ပွားခဲ့ တာတောင် သင်ခန်းစာ မယူ ခဲ့ပါ။ အချိန်မှီ တားဆီးဟန့်တားနိုင်ခဲ့တာ မတွေ့ရပါ။ ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ် ကို အကာအကွယ် မပေးနိုင်ခဲ့ပါ။ 

အတွေ့အကြုံမရှိသေးလို့ ပါလို့   နိုင်ငံခေါင်းဆောင်ဆိုသူတွေ က ဆက်လက် ဆင်ခြေပေး ပြောဆိုနေ
ရင်တော့ ၊ ဒီလို အတွေ့အကြုံမရှိတဲ့ သူတွေ ကို အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး တာဝန်ထမ်းဆောင်မှု ကနေ နုတ်ထွက်ဖို့ တောင်းဆို သင့်ပါပြီ။  ပြည်သူ လူထု ရဲ့ အသက်အိုးအိမ် စည်းစိမ် တွေ ကို ဆက်လက် အကာအကွယ်မပေးနိုင်ရင်တော့ ၊ ဒီပြည်နယ်၊ တိုင်း အစိုးရတွေ  ကို လူထု ကိုယ်စလှယ်တွေ က အယုံအကြည်မရှိ၊ နုတ်ထွက်ဖို့ အဆိုတင်သွင်း သင့်နေပြီ။

လူထုရဲ့  အသက်အိုးအိမ်စည်းစိမ် အတွက် လွှတ်တော် မှာ အိပ်ပျော် ဟန်ဆောင်နေကြတဲ့ လွှတ်တော် ကိုယ်စလှယ်တွေ ကို လည်း လူ ထု က နောက်ထပ်  ရွေးကောက်ပွဲမှာ  ရွေးချယ် မတင်မြောက် သင့်တော့ ပါ။  နိုင်ငံခေါင်းဆောင်တိုင်းဟာ တာဝန်ယူရင် တာဝန်ခံရဲ တဲ့ အသိစိတ်တွေ၊ သတ္တိတွေ ရှိဖို့လိုပါပြီ။

မြန်မာနိုင်ငံ မှာ လေယာဉ်ပျက်ကျပျက်ကျ၊ သင်္ဘောနှစ်မြုပ် နှစ်မြုပ်၊ ရထားတိုက်တိုက်၊ ဘယ် ဘာသာရေး အဓိကရုဏ်း အကြမ်းဖက်မှုတွေဖြစ်ဖြစ် ဘယ်အစိုးရ တာဝန်ရှိသူတိုင်း က တာဝန်ခံပြီး၊ တာဝန်ယူ ရဲ တဲ့ အသိစိတ်တွေ၊ သတ္တိတွေ နဲ့  နုတ်ထွက် သွားတာမတွေ့ရဘူး။ 

ဒါဟာ အစဉ်အလာ တရပ်လို ဆက်လက်ဖြစ်နေရင်တော့ ပြည်သူလူထု ယုံကြည် အားကိုးရတဲ့ အစိုးရ ဘယ်လိုမှာ ဖြစ်လာမှာ မဟုတ်သလို၊ ပြည်သူလူထု  အားကိုးတဲ့ ခေါင်းဆောင်ကောင်းတွေလည်းပေါ်ထွက် လာမည် မဟုတ်ပါ။

No comments :