Tuesday 12 March 2013

ကန်နီ လယ်သမား များ ဆန္ဒထုတ်ဖေါ်

ကနီဒေသခံတောင်သူများ မြေယာမှတ်ပုံတင်ခွင့်နှင့်ပတ်သက်၍ မုံရွာမြို့ပေါ်သို့ ခြေလျင်ခရီးဖြင့် ဆန္ဒထုတ်ဖော်

မုံရွာ၊ မတ်-၁၂            

မုံရွာခရိုင် ကနီမြို့နယ် ပေါက်အင်းတောင်ကျေးရွာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမိုင်တိုင်အမှတ်(၃၀) အနီးတစ်ဝိုက်ရှိ
ဒေသခံတောင်သူများမှာ လယ်ယာမြေမှတ်ပုံတင်ခွင့်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ မုံရွာမြို့သို့ ခြေလျင်သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ရာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း တမာတန်းလမ်းဆုံအရောက် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာမြို့ပေါ်သို့ ခြေလျင်ခရီးဖြင့် ဆန္ဒထုတ်ဖော်သူ(၂၀၀)ခန့်အား ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲအချိန်မှစ၍ မုံရွာခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ကနီမြို့နယ် ပေါက်အင်းတောင်ကျေးရွာ ဒေသခံတောင်သူ ကိုယ်စားလှယ်လေးဦး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

“ကနီမြို့နယ် ပေါက်အင်းတောင် ဒေသခံတောင်သူတွေ ဓားမဦးချ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို လွန်ခဲ့တဲ့ငါးနှစ်ကျော်က ခြံစည်းရိုး ကြက်ဆူစိုက်ခင်းတွေအတွက် ဌာနဆိုင်ရာနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းခဲ့ပါတယ်။ အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ လျှောက်ထားတဲ့အခါ ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့မြေတွေလို့ သိရတယ်။ တောင်သူတွေတင်ပြခဲ့တာကို သက်ဆိုင်ရာက ဘာမှဆောင်ရွက်မပေးလို့ အခုလိုတိုင်းဒေသကြီးအစိုးရရုံးကို လာရောက်ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်”ဟု ကနီမြို့နယ် မုံရွာ-ယာကြီးကားလမ်း မိုင်(၃၀) ဒေသခံတောင်သူတစ်ဦးကပြောသည်။
       
 “အေးချမ်းနေတဲ့ မုံရွာမြို့ကို ဥပဒေမဲ့လူစုလူဝေးကြီးနဲ့ ဆန္ဒထုတ်ဖော်သူတွေကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာ မလိုလားလို့ အခုလို တားဆီးနေတာဖြစ်ပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တောင်သူတွေရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု
ဆန္ဒထုတ်ဖော်သူများအား တားဆီးခဲ့သော ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးကပြောသည်။
           
ကနီမြို့နယ် ပေါက်အင်းတောင်ကျေးရွာ အနီးတစ်ဝိုက်ဒေသများရှိ လယ်ယာမြေများအား တင်ဝင်းထွန်းကုမ္ပဏီ၊ သန္တာအေးအောင်ကုမ္ပဏီတို့က သိမ်းဆည်းခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်နောက် လယ်သိမ်းခံတောင်သူများက မြေယာမှတ်ပုံတင်ခွင့်နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မျိုးမင်းဦး

No comments :