Sunday 7 April 2013

မြန်မာ မူစလင်အစည်းရုံး က အကြမ်းဖက်မှုများ ရပ်တန့် ရန် ကြေညာချက်ထုတ်ပြန်

လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချကြောင်း


မတ်လ (၂၀)ရက် ၂၀၁၃မှစတင်သော မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင် မြန်မာတိုင်းရင်းသားများ အများအပြားနှင့် ဗုဒ္ဓဘာသာဝင်အချို့ကို တိုက်ခိုက် သတ်ဖြတ်မှုနှင့် နေအိမ်များ မီးရှို့ခံရမှုများကိုလည်းကောင်း၊ နောက်တစ်ဆက်တည်း ပဲခူးတိုင်းအတွင်းရှိ မွတ်စလင်များကို ဆက်လက်၍ ပစ်မှတ်ထားကာ အစီအစဉ်ရှိရှိ တိုက်ခိုက်မှုများကိုလည်းကောင်း၊ ၂၀၁၂ခုနှစ် ဇွန်လမှစတင်သော ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တိုက်ခိုက်မှုများကိုလည်းကောင်း၊ ဧပြီလ(၅)ရက် ၂၀၁၃တွင် အင်ဒိုနီးရှား အကျဉ်းထောင်အတွင်းရှိ မြန်မာ(၈)ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှုကိုလည်းကောင်း၊ မလေးရှားအပါအဝင် နိုင်ငံအချို့တွင် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်နေခြင်းကိုလည်းကောင်း ပြင်းထန်စွာ ရှုံ့ချသည်။


အကြမ်းဖက်မှု ဖြစ်စဉ်များအားလုံးတွင် ဒေသဆိုင်ရာ အစိုးရများ၏ မဖြစ်ခင် ကြိုတင်ကာကွယ်မှု၊ ဖြစ်ပွါးနေစဉ် တားဆီးဟန့်တားမှု၊ ဖြစ်ပွါးပြီးနောက် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူမှု အဆင့်အားလုံးတွင် သံသယဖြစ်ဖွယ်ရာ လျော့လျဲ အားနည်းချက်များကို အများအပြား တွေ့မြင်နေရသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်သူအစိုးရတွင် တာဝန်အပြည့်အဝရှိသည်။


ထို့ကြောင့် တည်ငြိမ် တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ရေး၊ ပြည်ထောင်စုကြီး အေးချမ်းသာယာရေး၊ လူ့အခွင့်အရေးများ အာမခံချက်ရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားတိုင်း လူသားဂုဏ်သိက္ခာနှင့် လျော်ညီစွာ အသက်ရှင်နေထိုင်နိုင်ရေးတို့အတွက် လူမျိုးစုံ ဘာသာစုံ ချစ်ကြည်စွာဖြင့် နိုင်ငံသားကောင်းစိတ်ဓါတ်များ ပွါးများလာစေရန် နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝှမ်းလုံးတွင် လူထုလှုပ်ရှားမှု အသွင်သဏ္ဍန်ဖြင့် ဖေါ်ဆောင်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းကို အလေးအနက်ထား တိုက်တွန်းသည်။


မြန်မာမွတ်စလင် အစည်းအရုံး ဧပြီလ (၆) ၂၀၁၃


Media contact:

Bilal Raschid (USA) PH: 703-508-8158; E-mail: braschid@gmail.com

Kyaw Zwa (UK) PH: +44 208 556 2340; E-mail: kyawzwaunion@yahoo.co.uk

Kyaw Win (UK) PH: +44-740-345-2378: Email kyawwin78@gmail.com

No comments :