Thursday 18 April 2013

မဒေးကျွန်း ဒေသခံများ CNPC ကုမ္ပဏီကို ဆန္ဒပြပြီ

မဒေးကျွန်း ဒေသခံများ CNPC ကုမ္ပဏီကို ဆန္ဒပြပြီ

ဇင်ကီး(သတင်း)

မဒေးကျွန်းဒေသခံများ CNPC ကုမ္ပဏီကို ဆန္ဒပြရန်အတွက် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရပြီ လေးကြိမ်မြောက်ဖြစ်သော ဧပြီလ ၁၈ ရက်နေ့တွင် ဒေသခံများက CNPC ကုမ္ပဏီအား ဆန္ဒပြနေပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒပြရန်အတွက် မဒေးကျွန်းဒေသရှိ ပြိန်ရွာ၊ ကျောက်တန်းရွာ၊ ရွာမ ရွာ၊ ပန်းထိန်ဆည်ကျေးရွာမှ ရွာသားများ ၄၀၀ ခန့်သည် ပြိန်ရွာ ဘုန်းတော်ကြီး ကျောင်းနီးမှ ယနေ့နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က စတင်ထွက်ခွါလာခဲပြီး ၂ နာရီ ၁၅ မိနစ်ခန့်တွင် CNPC ကုမ္ပဏီရှိရာ ဒေသအခေါ် ကျောက်မော်ကြီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

CNPC ကုမ္ပဏီအား ဆန္ဒပြရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ တစ်ကြိမ်၊ ဧပြီလ ၁၁ ရက်နေ့ တစ်ကြိမ်၊ သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် အထမမြောက်ခဲ့ဘဲ ယနေ့တွင် ခွင့်ပြုချက်ယူရန် မလိုဘဲ ဆန္ဒပြနေခြင်းဖြစ်သည်။

သင်္ကြန် မတိုင်မီ ဧပြီလ ၁၁ ရက်နေ့က ဆန္ဒပြရန် ပြင်ဆင်ခဲ့ရာ သင်္ကြန်ရက် နီးကပ်နေခြင်းကြောင့် သင်္ကြန်ပြီးမှ ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြပြီး ယနေ့တွင် ဆန္ဒပြနေခြင်းဖြစ်သည်။

မဒေးကျွန်း ဒေသခံများ ဆန္ဒပြတောင်းဆိုသော အချက်များမှာ “ သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျှော်ရေး၊ မဒေးကျွန်း ဒေသဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိန်ဆည်) ဆက်သွယ်ရေး လမ်းကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးရေး၊ အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိရေး၊ မဒေးကျွန်း လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီးရရှိရေး၊ ဒေသခံများ လုံခြုံမှု ရှိစေရန် လူစိမ်းအလုပ်သမားများကို စီစစ်ဆောင်ရွက်ရေး၊ ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွပ်လပ်စွာ ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း၊ မည်သည့်နေရာဒေသကိုမှ ကျွန်းသူ၊ ကျွန်းသားမသိဘဲ သိမ်းယူလုပ်ကိုင်ခွင့်မပြုရ၊ လယ်ယာမြေအသစ် ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျှော်ကြေးပေးရေး။ ” ဟု သိရသည်။

အဆိုပါ တောင်းဆိုချက်များအား CNPC ကုမ္ပဏီက မလိုက်လျောပါက CNPC တရုတ်ရေနံ ကုမ္ပဏီ မဒေးကျွန်းဒေသတွင် အလိုမရှိ CNPC ထွက်သွားဟု ကြွေးကြော်သံများလည်း ပါဝင်ကြောင်း သိရသည်။

No comments :