Wednesday 3 April 2013

Economics က ဆောင်းပါ။


ပိုင်ဆိုင်မှုနှင့်ဒေါ်အောင်ဆန်းစုကြည်
ကိုရွှေညိုဘာသာပြန်သည်
ပိုင်ဆိုင်မှုနှင့် စီးပွားရေးတိုးတက်မှုသည်အမြဲတမ်းယှဉ်တွဲမနေတတ်ပေ။

          အနည်းဆုံးရွာသူရွာသားများ၊ ဘုန်းတော်ကြီးများ၏ မျက်စိထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးခေါင်းမှ ရောင်စဉ်တွေ မရှိတော့ပေ။ နိုင်ငံရေးသမားအဖြစ် မိမိလုပ်ငန်းကို ပြန်လည်စတင်ခဲ့သောဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်အစောပိုင်းကလက်ပံတောင်တောင်းအနီးရှိကြေးနီသတ္တုတွင်းလုပ်ငန်းဆက်လက်လုပ်ဆောင်ရေးကိုထောက်ခံအားပေးခြင်းအားဖြင့် ရွာသူရွာသားတွေ စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ ကြေးနီတွင်းကိုအစိုးရကသိမ်းယူထားသောမြေပေါ်၌ တူးဖော်ခြင်းဖြစ်သည်။ အစိုးရက ဆန္ဒပြမှုများကိုအတင်းအကျပ်ဖြိုခွဲပြီးနောက် ဒီဇင်ဘာလတွင် အဆိုပါလုပ်ငန်းစီမံကိန်းနှင့်ပတ်သက်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဒေါ်အောင်ဆန်းစုကြည်ကတာဝန်ယူခေါင်းဆောင်ခဲ့သောအခါ ရွာသူရွာသားတွေကအမျှော်လင့်ကြီးမျှော်လင့်ခဲ့ကြသည်။ အသိမ်းခံရသောမြေတွေအတွက် ဈေးကွက်ပေါက်ဈေးအတိုင်းရရှိစေရန် သူ ကြံဆောင်ကြိုးပမ်းနိုင်ခဲ့သော်လည်းကျေးရွာသားများမျှော်လင့်ခဲ့သောစိုက်ပျိုးမြေပြန်ရရေး၊ အချို့နေရာများတွင် ဘိုးဘွားလက်ထက်ကတည်းကနေထိုင်ခဲ့သောအိမ်ရာများ ပြန်ရရေးတို့ကိုမူ ဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။
          ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းမှာတရုတ်ကုမ္ပဏီကြီးNorinco ၏ ကုမ္ပဏီခွဲတစ်ခုသည် သတ္တုတွင်းတွင် ဖက်စပ်လုပ်နေခြင်း၏ ကြီးမားသော သြဇာလွှမ်းမိုးမှုရှိမည်ဟုယူဆရသည်။ ထိုကုမ္ပဏီက မြန်မာ့တပ်မတော်နှင့်ဆက်နွယ်သောဦးပိုင်ကုမ္ပဏီတစ်ခုနှင့် ဆက်စပ်ဆောင်ရွက်ခြင်းဖြစ်သည်။ သတ္တုတွင်းလုပ်ငန်းကိုရပ်ဆိုင်းလိုက်ပါကတရုတ်ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ''မိမိတို့နိုင်ငံသည် စီးပွားရေးအရစိတ်မချရသော နိုင်ငံအဖြစ် မြင်သွားနိုင်'' ကြောင်းမတ်လ ၁၃ ရက်နေ့ကသွားရောက်ခဲ့သောခရီးစဉ်တွင် သူမကရွာသူရွာသားများကိုပြောကြားခဲ့သည်။ ထို့အပြင် ထိုသို့ရပ်ဆိုင်းလိုက်လျှင် မြန်မာနိုင်ငံကအသည်းအသန်လိုအပ်နေသောစီးပွားရေးတိုးတက်မှုကိုလည်းရနိုင်မည်မဟုတ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။
          နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို နိုင်ငံတွင်းဆင်းရဲသားများ၏ ပိုင် ဆိုင်ခွင့်ထက် အရေးထားခဲ့ခြင်းမှာ ၁၈ ရာစုက ဗြိတိန်တွင် စတင်ဖြစ်ပေါ်ခဲ့သောမြေယာသိမ်းမှုမှစ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းသည့် နည်းလမ်းများကိုထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ၁၉ ရာစုကဒေသခံအမေရိကန်တွေကို၎င်းတို့ပိုင်မြေများမှ ဇွတ်အတင်းအင်အားသုံးဖယ်ရှားကာစီးပွားရေးဖွံ့ဖြိုးရန် ဆောင်ရွက်ခဲ့ခြင်းကိုလည်းအတည်ပြုရာရောက်သည်။ ထိုမှတစ်ဆင့် စီးပွားရေးပညာရှင်တွေကိုအမေးထုတ်စရာမေးခွန်းတွေ ပေါ်လာသည်။ မကြာသေးမီ နှစ်များတွင် စီးပွားရေးပညာရှင်များကစီးပွားရေးတိုးတက်မှုအတွက် လုံခြုံစိတ်ချရသောပိုင်ဆိုင်ခွင့်သည် အရေးကြီးသည်ဟုဆိုခဲ့ကြသည်။ ပိုင်ဆိုင်ခွင့်ဟုဆိုရာတွင် မည်သူမည်ဝါ၏ ပိုင်ဆိုင်ခွင့်လုံခြုံစိတ်ချရရန် အရေးကြီးပါသနည်း။
          နယူးယောက်ရှိ နိုင်ငံခြားဆက်ဆံရေးကောင်စီမှ စီးပွားရေးပညာရှင် တစ်ဦးဖြစ်သောTerra Lawson Remer ကမကြာသေးမီကာလကပင် သုတေသနတစ်ခုပြုလုပ်ခဲ့သည်။ သူမကစီးပွားရေးပညာရှင်များသည် ပုဂ္ဂလိကပိုင်ဆိုင်ခွင့် လုံခြုံစိတ်ချရရေးနှင့်ပတ်သက်၍ ခပ်ရိုးရိုးခပ်လွယ်လွယ်သာ မြင်တတ်ကြသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရော၊ ပြည် တွင်းကထိပ်တန်းပုဂ္ဂိုလ်တွေရာပိုင်ဆိုင်ခွင့်တွေ လုံခြုံနေပြီဟုတွက်တတ်ကြသည်။ ပိုင်ဆိုင်ခွင့် လုံခြုံစိတ်ချရခြင်းရှိမရှိကိုတွက်ဆရာတွင် Heritage Foundationပိုင်ဆိုင်ခွင့်အညွှန်းကိန်း၊ PRSအုပ်စု၏ နိုင်ငံတကာ နိုင်ငံအလိုက် အန္တရာယ်လမ်း ညွှန်၊ ကမ္ဘာ့ဘဏ်၏ ကမ္ဘာအနှံ့ အုပ်ချုပ်မှုအညွှန်းကိန်းများတို့ကိုသုံးလေ့ရှိသည်။ ထိုအညွှန်းကိန်းများသည် နိုင်ငံခြားသားများ ပြည်တွင်းမှ ထိပ်တန်းပုဂ္ဂိုလ်များ၏ အတွေ့အကြုံပေါ် မူတည်ပြီးတွက်ချက်ထားခြင်းဖြစ်သည်ဟုသူမကဆိုသည်။ ထို့အပြင် စီးပွားရေးပညာရှင်တွေကပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အထောက်အထားတွေကိုကြည့်ပြီး နိုင်ငံတစ်ခုအုပ်ချုပ်မှု၏ အရည်အသွေးနှင့် တရားဥပဒေစိုးမိုးမှုတို့ကိုတိုင်းတာရန် ကြားခံအဖြစ် အသုံးပြုလေ့ရှိကြသည်။
          သို့သော်လည်းဒေသအတွင်းနေထိုင်သူအားလုံး၏ အတွေ့အကြုံကိုထင်ဟပ်နိုင်ခြင်းမရှိပေ။ လူနည်းစုအုပ်စုများတွေ့ကြုံရသောအခြေအနေကိုအဓိကထားလေ့လာသောပိုင်ဆိုင်မှု၊ မလုံခြုံမှု အညွှန်းကိန်းတစ်မျိုးကိုသူမကတီထွင်ခဲ့သည်။ မေရီလန်းတက္ကသိုလ်က ပြုစုထားသောလူနည်းစုတွေ ကြုံတွေ့နေရသည့် အန္တရာယ်ဆိုင်ရာစာရင်းအင်းများကိုအသုံးပြု၍ ညွှန်ကိန်းကိုတွက်ချက်သည်။ အန္တရာယ်တွေ့နေပြီဟုဆိုနိုင်ရန် လူနည်းစုအုပ်စုတစ်ခုသည် လူတစ်သိန်း၊ သို့မဟုတ် နိုင်ငံလူဦးရေ၏ ၁% ရှိရမည်။ အခြားသောစံနှုန်းများအပြင် လောလောဆယ်တွင် ခွဲခြားဆက်ဆံခဲ့နေရခြင်း၊ ယခင်ကခွဲခြားဆက်ဆံခံခဲ့ရခြင်း၊ ၄င်းတို့အတွက် အခွင့်အရေးပိုမိုရရှိစေရန် နိုင်ငံရေးအုပ်စုများ၏ ထောက်ခံအားပေးမှုရနေခြင်းတို့ကိုပါ ထည့်တွက်သည်။ ပိုင်ဆိုင်မှုမလုံခြုံခြင်းညွှန်ကိန်းတွင် လယ်ယာမြေအသိမ်းခံရခြင်း၊ နိုင်ငံ၏အခြားနေရာများသို့ ဇွတ်အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်းတို့အပါအဝင် လူနည်းစုများရင်ဆိုင်နေရသည့် အချို့သောစီးပွားရေးဆိုင်ရာအန္တရာယ်တွေကိုလည်းလိုက်ကြည့်သည်။ ထိုသို့ တွက်ကြည့်သောအခါ လူနည်းစုအုပ်စုများအတွက် ပိုင်ဆိုင်မှုမလုံခြုံဆုံးနိုင်ငံများတွင် ဘရွန်ဒီ၊ အီရတ်၊ အစ္စရေး၊ ဆူဒန်၊ တူရကီနှင့် မြန်မာတို့ ပါဝင်နေသည်ကိုတွေ့ရသည်။
          နိုင်ငံခြားနှင့် ပြည်တွင်းထိပ်တန်းရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးတိုးတက်မှုနှင့် ပိုင်ဆိုင်မှု လုံခြုံစိတ်ချ ရခြင်းတို့သည် ခိုင်မာသောဆက်နွယ်မှုရှိသည်။ သို့သော် လူနည်းစုအုပ်စုများအတွက် လေ့လာကြည့်သောအခါ ထိုဆက်စပ်မှုကိုမတွေ့ရပေ။ ထို့အပြင် ပုဂ္ဂလိကပိုင်ဆိုင်မှု လုံခြုံစိတ်ချရခြင်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းအဆင့်အတန်းသတ်မှတ်ချက်တို့အကြားတွင်လည်းဆက်စပ်မှုတစ်စုံတစ်ရာရှိသည်ကိုမတွေ့ ရပေ။ လူနည်းစုတွေအတွက် ပိုင်ဆိုင်မှု သေချာရေရာခြင်းကြောင့် စီးပွားရေးတိုးတက်မှုအပေါ် အကျိုးသက် ရောက်မှုတစ်စုံတစ်ရာရှိသည်ကိုရှင်းရှင်းလင်းလင်းမတွေ့ရပေ။
          ထိုကောက်ချက်မှာမကောင်းလှပေ။ ကျွမ်းကျင်မှုလည်းရှိ၊ အရင်းအနှီးလည်းရနိုင်၊ တော်တော်ကြီးသောထိပ်ပိုင်းအုပ်စုတွေကသာပိုင်ဆိုင်မှုကိုလက်ပံတောင်းတောင်မှာကဲ့သို့ ပိုပြီးထိထိမိမိအကျိုးရှိရှိအသုံးချနိုင်မည်ဆိုလျှင် သူတို့ ထိုသို့အခွင့် အရေးရရန်အတွက် အောက်ခြေလူတန်းစားတွေကအနစ်နာခံပေးရခြင်း ဖြစ်သည်။ ရွာသူရွာသားတွေ၏ ပိုင်ဆိုင်ခွင့် လုံခြုံစိတ်ချရေးကိုအဓိကထားလျှင် စီးပွားရေးတိုးတက်မှုနှေးကွေးစေနိုင်သည်ဆိုသောအဓိပ္ပာယ်ထွက်နေကြောင်းလော်ဆန်ရီမာကဆိုသည်။
          ဘယ်နည်းနှင့် တိုးတက် တိုးတက်၊ တိုးတက်လျှင်ပြီးရောဟုဆိုလျှင် အခြားအုပ်စုတွေ နစ်နာချင် နစ်နာပါစေ၊ နိုင်ငံခြားသားတွေ ပြည်တွင်းကထိပ်ပိုင်းလုပ်ငန်းရှင်တွေ၏ ပိုင်ဆိုင်ခွင့်ကိုတောင့်တင်းခိုင်မာအောင် လုပ်ရမည်ဆိုသည့်အဓိပ္ပာယ် ထွက်နေသည်။
          ထိုအခါ ထိခိုက်နစ်နာသူတွေ၏ ဆုံးရှုံးမှုကိုမည်သို့ လျော်ကြေးပေးကြမည်နည်းဟုစဉ်းစားစရာဖြစ်လာသည်။ စီးပွားရေးတိုးတက်မှုဟူသောဆုလာဘ်ရမည်ဆိုရုံဖြင့် မပြီးသေးပေ။ တိုးတက်မှုမြန်ဆန်လာလျှင် အထိခိုက်အလွယ်ဆုံးအုပ်စုတွေလည်းအလိုလိုအကျိုးခံစားရမည်ဟူသည့် သာဓကကိုများများစားစားမတွေ့ရပေ။ ဝင်ငွေမြင့်မားသော နိုင်ငံတွေကပိုင်ဆိုင်ခွင့်တွေကိုလူအတော်များများရစေရန် ဆောင်ရွက်ပေးကြသော်လည်းအကျိုးခံစားရသူများမှာမူလကသယံဇာတတွေကိုပိုင်ဆိုင်ခဲ့ကြသူတွေ မဟုတ်ကြပေ။ သဘောတရားအရအစိုးရက၄င်း တို့၏ ပိုင်ဆိုင်ခွင့်များဆုံးရှုံးသွားသည့်အတွက် လျော်ကြေးပေးနိုင်သည်။ သို့သော် လက်တွေ့တွင် မည်သည့်အစိုးရကမျှ တကယ်တမ်း ဖြစ်ဖြစ်မြောက်မြောက် ပြည့်ပြည့်စုံစုံလုပ် မပေးနိုင်ခဲ့ဟုသုတေသီကဆိုသည်။ လယ်ယာမြေကိုသိမ်းပြီးပြီဆိုလျှင် ယခင်ပိုင်ရှင်တွေကို ကြည့်ရှုစောင့်ရှောက်ရန် စိတ်ဝင်စားမှု တဖြည်းဖြည်းလျော့ကျကုန်သည်။ ခြွင်းချက် အနေဖြင့် ဘရာဇီးနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ရန် ဆည်တည်ဆောက်ရာရွှေ့ပြောင်းနေသူဒေသခံတွေအတွက် လူမှုဖူလုံရေးခံစားခွင့်တွေ များများစားစားအသုံးပြုခဲ့သည်ကိုသာတွေ့ရသည်။
          ဒေါ်အောင်ဆန်းစုကြည်သည်လည်းအလားတူမရေရာမသေချာခက်ခဲလှသောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ ကြေးနီတွင်းကိုဆက်လက်လုပ်ငန်းလုပ်ဆောင်ခွင့် ပြုခြင်းသည် နှစ်ငါးဆယ်ခန့် နောက်ကျနေသော မြန်မာနိုင်ငံကိုတိုးတက်ကောင်းတိုးတက်စေမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလာရောက်ကြရန်၊ ပီပီပြင်ပြင် အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။ သို့သော် မူလပိုင်ရှင်တွေ၊ ဆင်းရဲတွင်းထဲပိတ်မိနေကာမူလအားကိုးအားထားပြုခဲ့ရသော ပြည်သူလူထုအတွက် လူမှုဖူလုံရေးလိုလုပ်ငန်းတွေလည်းမရှိတော့။ ယနေ့ခေတ် ပေါက်ဈေးအတိုင်းလျော်ကြေးပေးရုံသာမက ကြွယ်ဝသူထိပ်တန်းကပုဂ္ဂိုလ်တွေလက်ထဲရောက်သွားသည့်အခါ အလားအလာရှိသည့် တန်ဖိုးတွေကိုပါ ထည့်တွက်ရန် လိုသည်။ သို့မှသာဒေါ်အောင်းဆန်စုကြည်၏ခေါင်းပေါ်တွင် ရောင်စဉ် တွေ ပြန်ရောက်လာမည်လား။


Economists.com/bl/freeexchange

No comments :