Tuesday 21 May 2013

မင်းတို့  ရှေ့ က အစိုးရအဆက်ဆက် အသုံးမကျလို့  ညံ့လို့  …. ငါတို့  အစိုးရက ကြားဝင်ဖြေရှင်းပေးနေရတယ် ….


-နစ်နေမန်းဘလော့ခ်-



နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။

နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။



သိန်းစိန် - “မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပစ်ပယ်ထားဖို့ မသင့်ဘူးလို့ ကျနော် ဒီလို ထင်ပါတယ်။ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူနဲ့ပေါင်းပြီးတော့ ဘာပဲဖြစ်ဖြစ် တပ်မတော် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ဆောင်ရွက်နေရမှာပါ။ အဲဒီတော့ လွှတ်တော်ထဲမှာ ပါနေတယ်ဆိုတဲ့ဟာက အမှန်ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ ရင့်ကျက်လာတဲ့အမျှ လွှတ်တော်ထဲက တပ်မတော်ရဲ့ကိုယ်စားလှယ်တွေဟာ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတို့ ဘာတို့ ပြောင်းသွားတာလည်း ဒီအတိုင်းပါပဲ။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ၂၅ % ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်၊ သို့သော်လည်းပဲ တဖြည်းဖြည်း ဒါတွေဟာ ကျနော်တို့ လျော့ပါးလာမယ်၊ နည်းပါးလာမယ်- ဒီလိုပဲ မြင်မိပါတယ်” (သိန်းစိန်)။

သိန်းစိန်အပြောကို ပြန်တုန့် ပြန်ပြောရရင်တော့ -

မြန်မာသမိုင်းမှာ တပ်မတော်ရဲ့  အခန်းကဏ္ဍကို ပြည်သူတွေက မပစ်ပယ်ခဲ့ပါဖူး။ တကယ်တမ်း ပစ်ပယ်ခဲ့တာ သိန်းစိန်တို့  အာဏာရှင်အုပ်စုပါ။ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဓါတ်ပုံတွေကို အစိုးရရုံးဌာနတွေရဲ့  နံရံတွေပေါ်ကနေ ဖြုတ်ချ၊ မြန်မာ့ငွေစက္ကူတွေပေါ်က ပျောက်ပျက်အောင် ဖယ်ရှား၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလက စခဲ့တဲ့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာမြင့်မြတ်ကြီးမားမှုကို လျော့ကျအောင် နောက်ဆုံး ပြည်သူကို ပြန်သတ်တဲ့ သံဃာတော်ရဟန်းရှင်မြတ်တွေကို ပစ်သတ်တဲ့ သတ်မတော်ဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့ကြတာလည်း။

တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တယ်ဆိုလို့  - တိုင်းပြည်ကို ကံဆိုးမိုးမှောင်ကျအောင် စစ်တပ်အာဏာသိမ်းခဲ့တာပါ။ တိုင်းပြည်ရဲ့  အဖိုးတန်မြေပေါ်မြေအောက်သယံဇာတတွေကို စစ်အာဏာရှင်ကြီးများနဲ့  စစ်ဗိုလ်ချူပ်ကြီးတွေဘဲ မောင်ပိုင်စီးခဲ့တာပါ။ တိုင်းသူပြည်သားတွေ ဘ၀တွေ ချွတ်ခြံကျ ကုန်းကောက်စရာမရှိအောင် ငတ်ပြတ်ဆင်းရဲပြီး တိုင်းပြည်လည်း ကမ္ဘာ့အမွဲဆုံးနိုင်ငံဖြစ်ရ မြန်မာလူမျိုးလည်း နိုင်ငံတကာမိသားစုကြားမှာ မျက်နာပန်းမလှ နိမ့်ကျရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေကို သိန်းစိန် ပြောသလိုဘဲ တပ်မတော်က ၀င်ရောက်ပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာ မှန်ပါပေတယ်။

မြန်မာ့နိုင်ငံရေးရဲ့  နိုင်ငံရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့နေရာမှာ တပ်မတော်ပါဝင်ရမယ့် အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့  လုံခြုံရေးအတွက် ပြည်ပရန်ကို ကာကွယ်ပေးရမယ့် ကာကွယ်ရေးနဲ့  ပတ်သက် တဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းစဉ်တွေထဲမှာ ပြည်သူလွှတ်တော်ပြင်ပကနေ ပါဝင်ဆောင်ရွက်ရမှာ ပါ။ ပြည်သူလွှတ်တော်နဲ့  အစိုးရကနေ အုပ်ချူပ်ကွပ်ကဲတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့  လက်အောက်မှာမှတပ်မတော်ကနေ နိုင်ငံအကျိုးပြုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရမှာပါ။ ပြည်သူ့ လွှတ်တော်ထဲမှာ ၀င်ရောက်နေရာယူပြီး ပါဝင်ရမယ့် တာဝန်ဝတ္တရားမရှိပါဖူး။ အရှင်းဆုံးပြောရရင် တပ်မတော်ဟာ စစ်တန်းလျားမှာဘဲ နေရပါမယ်၊ လွှတ်တော်ထဲ ၀င်ရောက်စရာ မလိုပါဖူး။

သိန်းစိန်ဟာ ၄င်းတို့  အာဏာရှင်အုပ်စု ရုပ်ပြောင်းရုပ်လွဲနဲ့  ဒီမိုကရေစီအရေခြုံ အရပ်ဝတ်အာဏာရှင်အစိုးရ သက်တမ်းရှည်ဖို့ အတွက် ၄င်းတို့  စစ်အာဏာရှင်ခေတ်အဆက်ဆက် လက်ကိုင်တုတ်အဖြစ် အသုံးချနေတဲ့ စစ်တပ်ကို လွှတ်တော်ထဲအထိပါ သွတ်သွင်းပြီး ချုပ်ကိုင်ထားတယ်ဆိုတာ သိန်းစိန်ရဲ့  စကားထဲက ဇာတိပြနေပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမကလို့ နောက်ထပ် ရွေးကောက်ပွဲတွေ ထပ်လုပ်နေဦး ပြည်သူ့ လွှတ်တော်ထဲမှာ စစ်ယူနီဖောင်းဝတ်တစ်ဦး ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်ထိုင်ခုံတစ်ခုံမှာ ထိုင်နေသမျှ တိုင်းပြည်နဲ့  လူမျိုးကို နောက်ကျော ဒါးနဲ့  ထိုးတဲ့အဆင့်မဟုတ်ဘဲ နားထင်ကို သေနတ်နဲ့ တေ့ချိန်ထားတဲ့ အခြေအနေ ဖြစ်နေမှာပါဘဲ။

အလိမ်ဆုံး သိန်းစိန် - သိန်းစိန် သိန်းစိန် လူလိမ် လူလိမ် …..

2 comments :

Anonymous said...

အလိမ်ဆုံး သိန်းစိန် နဲ့ အလိမ်ဆုံး မိုးသီးဇွန်

Anonymous said...

စစ်အစိုးရကို အသည်းနာအောင်မုန်းတဲ့အထဲမှာ ငါလဲပါတယ်.. အေး ဒါပေမဲ့ မင်းနဲ့၈၈ ကောင်တွေလို စစ်အစိုးရမကောင်းကြောင်းထိုင်ပြောနေပြီး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ကောင်တော့မဟုတ်ဘူး။ ခုချိန်ထိ မင်းတို့ကောင်တွေ ဒါကတော့ မတရားပါဘူး ဒါကတော့တရားပါတယ်ဘဲပြောနေလို့ ဘာရမှာလဲ။ မင်းတို့ဘာတွေလုပ်တတ်လို့လဲ ဘာတွေရောလုပ်ပြီးကြပြီလဲ။ စစ်အစိုးရမကောင်းကြောင်းပြောတဲ့လူတွေကို လက်ခုပ်တီးပြီးအားပေးရမဲ့ခေတ်ကကုန်သွားပြီ။ အခုအလုပ်လုပ်ရမဲ့အချိန်။ စစ်အစိုးရမကောင်းကြောင်းကိုဘဲပြော တချိန်လုံးမင်းတို့ဒါတွေဘဲပြောနေ ဒါကြောင့်မကြာခင်မင်းတို့ကောင်တွေ ဘေးရောက်တော့မှာပါ စောင့်နေ။