Wednesday 8 May 2013


“အ” အောင်သင်ထားတဲ့သမိုင်းနဲ့ နာဇီဖက်ရှင်
by Newsland Media (Notes) on Wednesday, May 8, 2013 at 11:11pm
“မြန်မာပြည်ကို ပထမဆုံးရောက်တဲ့အခေါက်ကလမ်းပေါ်မှာ ဒီတံဆိပ်ဝတ်ထားတဲ့သူတွေ တွေ့လိုက် တော့ ကြောက်သွားတယ်” ဟုပိုလန်နိုင်ငံသူနာတာလီယာက ပိုလန်တောင်ပိုင်းမှာရှိတဲ့ အော်ဆွစ်ရှ် နာဇီအကျဉ်းစခန်း သို့လိုက်လံပြသစဉ်ပြောပြသည်။
အော်ဆွစ်ရှ် အကျဉ်းစခန်းမှာဂျာမန်နာဇီဖက်ဆစ် အာဏာရှင်များက ပိုလန်နိုင်ငံကို သိမ်းပိုက် ထားစဉ်တွင် ဂျူးနှင့်ပိုလန်အကျဉ်းသားပေါင်း ၂၆၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ပြီး အလုပ်ကြမ်း စခန်းများအဖြစ်ဖွင့် လှစ်ထားသည့်နေရာဖြစ်သည်။
၁၉၄၀ ပြည့်လွန်ကာလများက ရေခဲမှတ်အောက်အေးချမ်းလွန်းသည့် အဆိုပါ အကျဉ်းစခန်းတွင် ပိုလန်၊ ဂျူးနှင့် ရုရှားလူမျိုး ယောင်္ကျား၊မိန်းမနှင့် ကလေးငယ်များကို ဖမ်းဆီး ချုပ်နှောင်ထားပြီး ကျောက်မီးသွေးမိုင်းများတွင်အလုပ်ကြမ်းများစေခိုင်းကာ ကြက်ကလေး၊ ငှက်ကလေးသတ်သကဲ့သို့ လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်စခန်းတစ်ခုဖြစ်သည်။
ယင်းအကျဉ်းစခန်းတွင်း ဖက်ဆစ်နာဇီတို့သတ်ဖြတ်ထားသည့်အမျိုးသမီးများ၏ ဆံပင်များကိုချည်း စုစည်းပြသထားသည့်နေရာမှာ ပေငါးဆယ် ပတ်လည်ကျယ်ဝန်းသည်ကိုတွေ့ရသည်။
ယင်းတို့ကား ၁၉၄၂ ခုနှစ်မှ၁၉၄၄ ခုနှစ်ကြား ဂျာမနီ နာဇီဖက်ဆစ်အာဏာရှင် ဟစ်တလာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ချိန်တွင်ကျူးလွန်ခဲ့သည့် ပြစ်မှုပေါင်းမြောက်များစွာထဲမှ တစ်ခုသာ ဖြစ်သည်။
ယင်းကာလတွင် ဟစ်တာလာ ဦးဆောင်သည့်ဖက်ဆစ်နာဇီများက ဂျူးလူမျိုးတစ်သန်းအပါအ၀င် လူပေါင်း ၁ ဒဿမ ၁ သန်းကို သတ်ဖြတ်ခဲ့သည်။
သမိုင်းမှတ်တမ်းများအရ ဒုတိယကမ္ဘာစစ်ကာလအတွင်းဖက်ဆစ်နာဇီတို့သတ်ဖြတ်ခဲ့သည့် စာရင်းများမှာ ဂျူး တစ်သန်း၊ ပိုလန် ၇၅ ၀၀၀၊ ဂျစ်ပစီ၂၁ ၀၀၀၊ ဆိုဗီယက် ၁၅၀၀၀နှင့် အခြားလူမျိုး ၁၅ ၀၀၀ ကျော်ဖြစ်သည်။
ကမ္ဘာ့သမိုင်းမှတ်တမ်းမှတ်ရာများအရလည်းထိုပမာဏထက် များပြားသည့် သတ်ဖြတ်မှုများ မရှိခဲ့။ သမိုင်းတစ် လျှောက် အရက်စက်ဆုံးသောစစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
လူပေါင်း တစ်သန်းကျော် သတ်ဖြတ်ခဲ့မှုကိုဦးဆောင်ခဲ့သည့် ဟစ်တလာ၏ နာဇီပါတီသည် ဂျာမနီတွင် ပထမ ကမ္ဘာစစ်လွန်ကာလကတည်းက စတင်သြဇာလွှမ်းမိုးနေခဲ့ပြီး၁၉၁၈ ခုနှစ်တွင် အချိုးကျ ရွေးကောက်တင် မြောက်မှု ပုံစံအရ ဂျာမနီတွင် အာဏာရလာခဲ့သည်။နာဇီပါတီ အာဏာရလာချိန်မှ စ၍ နိုင်ငံတွင်း ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုများကို စတင်ခဲ့သည်။ဒုတိယ ကမ္ဘာစစ်အတွင်း အလွန်ပင် ရက်စက် ကြမ်းကြုတ်လှသည့် လူသန်းချီသတ်ဖြတ်မှုနှင့်အတူထင်ရှားခဲ့သည့် နာဇီပါတီ၏ စင်္ကြာ ပုံသဏ္ဍန် အမှတ် အသားမှာလည်း ကမ္ဘာသိအမှတ်အသားတစ်ခုဖြစ်လာခဲ့သည်။ကောင်းသော သိခြင်းမျိုးတော့ မဟုတ်ပေ။
နာဇီအမှတ်တံဆိပ် မှာလည်းရက်စက်ကြမ်းကြုတ်သူတို့ကို ကိုယ်စားပြုသည့် တံဆိပ်တစ်ခုအဖြစ်သာ ကမ္ဘာ့အသိုင်းအ၀ိုင်းကသိရှိလက်ခံထားကြသည်။
ဥရောပတိုက် ဂျာမနီနိုင်ငံမှအရက်စက်ဆုံး အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုသည့် နာဇီ အမှတ်တံဆိပ်မှာ မိုင်ပေါင်း ငါးထောင်ကျော်ဝေးကွာသည့်မြန်မာနိုင်ငံရှိ လူငယ်ထုကြားတွင် ဖက်ရှင် တစ်ခုအသွင် ခေတ်စား လျက်ရှိနေသည်။
သာမန် ရပ်ကွက်ဈေးငယ်လေးများ၏အထည်ဆိုင်များကအစ အဆင့်မြင့် ဈေးဝယ်ကုန်တိုက်ကြီး များ၏ လူငယ်ဖက်ရှင် အ၀တ်အစား ရောင်းချသည့်ဆိုင်များအထိနာဇီတံဆိပ် အမှတ်အသား အ၀တ် အထည် များကို တွေ့နေရသည်။
မြန်မာလူငယ်ထု၏ နေ့စဉ် လူနေမှုဘ၀တွင်လည်းနာဇီအမှတ်တံဆိပ်ပါ အ၀တ်အထည်များကို အမြဲ လိုလိုမြင် တွေ့နေရသည်။
ယင်းအပြင် သင်္ကြန်ကာလတွင်လည်းအချို့သောလူငယ်များက ကားများတွင် နာဇီတံဆိပ်ရေးစွဲခြင်း၊ နာဇီအလံ များကို ကားများတွင်တပ်ဆင်ခြင်းနှင့် နာဇီတံဆိပ်ပါ အသုံးအဆောင်ပစ္စည်းများကို တန်ဆာဆင်ပြီး လည်ပတ် လေ့ရှိသည်ကိုလည်းတွေ့ရသည်။
ယင်းအခြေအနေများကာ မြန်မာတို့၏လူနေမှုဘ၀တွင် ထူးဆန်းအံသြဖွယ်မရှိသော်လည်း အခြားသော နိုင်ငံသားများ၏ အမြင်တွင် အံသြကြောက်ရွံ့ဖွယ်ဖြစ်နေစေသည်။
“လေဆိပ်ထဲမှာပဲ တစ်ချို့လူငယ်တွေနာဇီအင်္ကျီတွေဝတ်ထားတာတွေ့လိုက်တော့ တော်တော် အံသြသွား တယ်” ဟု ဒုတိယကမ္ဘာစစ်အတွင်းကဖက်ဆစ်နာဇီတို့၏ ဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံများတွင် တစ်ခုဖြစ်သည့် ပိုလန်နိုင်ငံသူနာတာလီယာကဆိုသည်။
“လေဆိပ်ကနေ မြို့ထဲရောက်တော့လည်းဒီအင်္ကျီတွေကို နေရာအနှံ့တွေ့နေရတယ်။ ၀တ်ထားတဲ့ လူတွေကို ကြည့်တော့လည်း ပုံမှန်ပဲ။ ရက်စက်ကြမ်းကြုတ်တဲ့ပုံတွေမဟုတ်ဘူး။မြန်မာမိတ်ဆွေ တွေကို မေးကြည့်တော့မှ ဒီနိုင်ငံကလူတွေ ဒီအကြောင်းတွေကို သိပ်နားမလည်ဘူးဆိုတာသိလိုက်ရ တယ်”ဟု နာတာလီယာက ဆိုသည်။
အမှန်စင်စစ်မှုကား နာဇီတံဆိပ်မှာနိုင်ငံတကာတွင် ယဉ်ကျေးသောလူ့အသိုင်းအ၀ိုင်းက လက်ခံ ထားသော တံဆိပ်တစ်ခုမဟုတ်ပေ။
မြန်မာပရိသတ်အများစု စိတ်ဝင်တစားကြည့်ရှု့အားပေးနေသည့် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲဝင် အသင်းများမှ ကစားသမား၊နည်းပြများသာမက ပရိသတ်များထဲကပါ နာဇီတံဆိပ်ပါ အမှတ်အသားတစ်ခုခုကို ၀တ်ဆင်သည်ဖြစ်စေ၊နာဇီဝါဒကို ထောက်ခံသည့် အပြုအမူတစ်ခုခုကို ပြုလုပ်ခဲ့လျင်ဖြစ်စေ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ကကြီးလေးသော ပြစ်ဒဏ်များကို ချမှတ် လေ့ရှိသည်။
ထို့အတူ ကမ္ဘာ့အထင်ကရ တက္ကသိုလ်ကြီးများတွင်လည်းနာဇီအမှတ်အသားပါ အသုံးအဆောင် ပစ္စည်းများကို ၀တ်ဆင်သည်ကိုတွေ့ရှိပါက ပြစ်ဒဏ်ကြီးလေးစွာချမှတ်လေ့ရှိသည်။
အမေရိကန် ပြည်ထောင်စု လောစ့်အိမ်ဂျလိစ်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ကိုအောင် မြတ်သူက “ဒီမှာကတော့ဘယ်သူမှဝတ်တာမတွေ့ရဘူး။ ဂျူးလူမျိုးတွေလည်း အများကြီးရှိတယ်။ ၀တ်ရင်လည်း ပြဿနာတတ်မယ်။အသိုင်းအ၀ိုင်းက လက်မခံဘူး” ဟုဆိုသည်။
“အမှန်တကယ် နာဇီစိတ်ပေါက်နေတဲ့သူတောင်ခိုးကြောင်ခိုးဝှက်ပဲ ၀တ်တယ်” ဟု ကိုအောင်မြတ်သူ က ဂျီတော့ခ်မှတဆင့် ပြောသည်။
ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒုတိယကမ္ဘာစစ်ဖြစ်ရပ်ဆိုးကြီးကိုသိရှိနားလည်ပြီး နာဇီအမှတ်အသားကို လက်မခံ သော်လည်း မြန်မာလူငယ်ထုမှာမူ ယင်းဖြစ်ရပ်များအပေါ်သိရှိနားလည်ခြင်းမရှိဘဲ သာမန်ဝတ်စား ဆင်ယင်မှု ဖက်ရှင်ဒီဇိုင်းတစ်ခုအဖြစ်သာ သဘောထားသည်ဟုဆိုသည်။
မြန်မာနိုင်ငံမှ လူငယ်ထုအတွင်းနာဇီအမှတ်အသားပါ အ၀တ်အစားများ ၀တ်ဆင်ရခြင်းနှင့်ပတ်သက်၍ ဒဂုံတက္ကသိုလ် တတိယနှစ်ဥပဒေအထူးပြုကျောင်းသားကိုအောင်ခန့်ဇော်က “လူငယ်တွေ ၀တ်တယ်ဆိုတာ ဘာစိတ်မှမရှိပါဘူး။ အ၀တ်အစားတစ်ခုအနေနဲ့ပါပဲ။နိုင်ငံရေးတို့ တခြားကိစ္စတို့မပါ ပါဘူး” ဟုဆိုသည်။
အမေရိကန်ပြည်ထောင်စုတွင်စာရင်းကိုင်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ မြန်မာလူငယ် ကိုအောင်မြတ်သူကတော့“လူငယ်တွေက မိုက်တယ်ထင်လို့ဝတ်တာဖြစ်ပါလိမ့်မယ်” ဟုမှတ်ချက် ပြုသည်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက်အာရပ်၊ ဂျူးဆန့်ကျင်ရေးသမားများ တိုက် ဖျက်ရေး အဖွဲ့မှ အေဘရာဟင် ကူးပါးက မြန်မာလူငယ်များအကြားနာဇီအမှတ်တံဆိပ် ၀င်ဆင်မှုများ ပြားခြင်းနှင့် ပတ် သက်၍ အေးရှားတိုမ်း ဆောင်းပါးတစ်ပုဒ်ကဖော်ပြထားသည်မှာ“ကျွန်တော်တို့ရဲ့ ပထမဆုံးယူဆချက်ကတော့ ဗဟုသုတ ခေါင်းပါးမှုပါ။ မုန်းတီးစိတ်တစ်စုံတစ်ရာမပါ ပါဘူး” ဟူ၍ဖြစ်သည်။
“ဒါပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှုတစ်ရဲ့အမှတ်အသားကိုတော့ ကျွန်တော်တို့မမြင်ချင်ပါဘူး” ဟု အေဘရာဟင် ကူးပါက ဆိုသည်။
ကူးပါးက အာရှဒေသတွင် နာဇီအမှတ်သင်္ကေတလူသုံးများထင်ရှားလာမည်ကို စိုးရိမ်မိသည်ဟု ဆို သည်။
မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများသည်ဖက်ဆစ်နာဇီ၏ ဒဏ်ကို မခံစားခဲ့ရခြင်းမှာလည်း အကြောင်းအရင်း တစ်ရပ်ဖြစ်သည်ဟု ကိုအောင်မြတ်သူကသုံးသပ်သည်။
“မြန်မာပြည်ကလူတွေက နာဇီကိုရုပ်ရှင်ထဲမှာပဲမြင်ဖူးတာ။ တကယ်မှ မခံဘူးတာ။ တစ်ချို့နိုင်ငံတွေက ခံဘူးတယ်။ မြန်မာပြည်မှာတောင်ဖက်ဆစ်(ဂျပန်) ဒဏ်ကို သုံးနှစ်လောက် ခံလိုက်တာ လန်သွားတယ်” ဟု ၎င်းကဆိုသည်။
အေးရှားတိုမ်းအင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည့်ဆောင်းပါးတစ်ပုဒ်တွင်မူ မြန်မာပြည်၏ အထင်ရှား ဆုံး တီးဝိုင်းအဖွဲ့တစ်ခုဖြစ်သည့် အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့၏ သင်္ကေတတွင်လည်း နာဇီ လင်းယုန်ငှက်တစ်ကောင်က အိုင်းရင်းခရော့စ်တံဆိပ်ကိုကိုက်ချီထားသည့်ပုံဖြစ်သည်ဟု ထောက်ပြ ထားသည်။
မြန်မာနိုင်ငံကို ခရီးသွားဧည့်သည်တစ်ဦးအဖြစ်လာရောက်လည်ပတ်ခဲ့ဘူးသူ မီချက် ရူဘင်က “ဒီအမှတ် တံဆိပ်တွေ လူသိများထင်ရှားလာတာဟာ အတွေးအခေါ်တစ်ခုခုကြောင့်မဟုတ်တန်ရာ ပါဘူး။ မသိနား မလည် မှုတွေကြောင့် ဖြစ်တာပါ” ဟုသူ၏ ကိုယ်ပိုင် ဘလော့စာမျက်နှာတွင်ဖော်ပြထားသည်။
ပိုလန်နိုင်ငံသူ နာတာလီယာက“မြန်မာလူမျိုးတွေ အထူးသဖြင့် လူငယ်တွေ ဒုတိယကမ္ဘာစစ်က အကြောင်းတွေကို သေသေချာချာမသိလို့ဖြစ်လိမ့်မယ်။ကျောင်းသင်ခန်းစားတွေမှာရော ထည့်မသင် ဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။
ကိုယ်တိုင်လည်း မြန်မာစာ၊မြန်မာစကားကို တတ်ကျွမ်းနားလည်ပြီး “မြန်မာပြည်တွင် သမိုင်းဘယ်လို သင်သလဲ” ခေါင်းစဉ်ဖြင့်ဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုရေးသားနေသူ ရိုဆာလီ မထရိုက မြန်မာ နိုင်ငံရှိ သာမာန်ပြည်သူလူထုကြားဟစ်တလာအပေါ် အမြင်သဘောထားမှာ အကောင်းမြင်သင့် သဘောရှိသည်ဟု ဆိုသည်။
မြန်မာအစိုးရ ရေးစွဲပြဌာန်းထားသည့်သမိုင်းဘာသာရပ် သင်ရိုးညွန်းတမ်းများတွင်လည်း ဟစ်တလာမှာ အင်အားကြီးမားသည့် ခေါင်းဆောင်တစ်ဦးအဖြစ်သာဖော်ပြထားပြီး ရက်စက်ယုတ်မာ သူတစ်ဦးအဖြစ် မဖော်ပြထားကြောင်း ရိုဆာလီ မက်ထရိုက ဆိုသည်။
သမိုင်းဘာသာ သင်ရိုးညွှန်းတမ်းစာအုပ်များကိုကိုယ်တိုင်ဖတ်ရှုလေ့လာထားသူ မက်ထရိုက “ သူတို့ ပြောထားတာက ပထမကမ္ဘာစစ်အပြီး ချုပ်ဆိုတဲ့ဗာဆိုင်း စာချုပ်အကြောင်းနဲ့ ဂျာမနီနိုင်ငံမှာ ဘယ်လို အခြေအနေတွေဆိုးရွားနေတယ်ဆိုတဲ့အကြောင်း၊အဆိုပါကာလတွင် ဂျာမနီလူမျိုးအများစု တွေးထင် ထားသည်မှာ ဂျူးလူမျိုးများက တိုင်းပြည်၏စီးပွားရေးကို ထိန်းချုပ်ထားပြီး ဂျာမနီလူမျိုးများ၏ ပြဿ နာများတွင် တာဝန်ရှိသည်ဟုယူကြကြောင်း“ ဖော်ပြထားသည်ဟု ဆိုသည်။
“ဒါဟာ ထူးဆန်းနေပါတယ်။ သူတို့မှားပါတယ်ဆိုတာကိုလည်းစာအုပ်ထဲမှာ ထည့်ပြောမထားဘူး။ ဟိုလိုကော့စ်အကြောင်းလည်း မပါဘူး” ဟုမက်ထရိုက ထောက်ပြသည်။
မြန်မာသင်ရိုးညွှန်းတမ်းစာအုပ်များကိုဖတ်ရှု့လေ့လာကြည့်ရာတွင်လည်း မက်ထရို ဝေဖန်ထား သည့်အတိုင်းပင် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်နာဇီများကလူသန်းချီသတ်ဖြတ်သည့် အကြောင်း ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရပေ။
ဥပဒေ နောက်ဆုံးနှစ်ကျောင်းသားကိုအောင်ခန့်ဇော်က“ နာဇီတွေက ဂျူးတစ်သန်းကျော်ကို သတ်တယ်ဆိုတာ အပြင်စာအုပ်တွေမှာ ဖတ်ဖူးလို့သိတာပါ။ကျောင်းသင်ခန်းစာထဲမှာ ပါလားမပါဘူး လားဆိုတာတော့ မမှတ်မိတော့ဘူး” ဟုဆိုသည်။
ကိုအောင်ခန့်ဇော်မှာ သမိုင်းဘာသာရပ်ကိုအဌမတန်းအထိသာ သင်ကြားခွင့်ရရှိခဲ့သူ ဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် အခြေခံပညာရေးစနစ်အရအဌမတန်း အောင်မြင်ပြီးပါက ၀ိဇ္ဖာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ စိတ်ကြိုက်ဘာသာတွဲ စသည်ဖြစ်ဘာသာတွဲပေါင်းများစွာကို ရွေးချယ်သင်ကြားခွင့် ရှိသော်လည်း ကျောင်းသား အများစုမှာ သမိုင်းသာသာပါဝင်သည့် ၀ိဇ္ဖာ ဘာသာတွဲကို ရွေးချယ်သူ မရှိသလောက်နည်းပါသည်ဟု ဆိုသည်။
ကျောင်းသားတစ်ဦးအနေဖြင့်သမိုင်းဘာသာရပ်ကို တတိယတန်းမှ အဌမတန်းအထိ ခြောက်နှစ် သင်ကြားခွင့်ရှိမည်ဖြစ်သည်။
ယင်းခြောက်နှစ်စာ အခြေခံပညာကျောင်းသုံးဖတ်စာအုပ်များကို လေ့လာရာတွင်လည်း ဒုတိယကမ္ဘာစစ်နှင့် ဟစ်တလာ အကြောင်းကိုအနည်းအကျဉ်းသာ ဖော်ပြထားပြီး ဖက်ဆစ်နာဇီဝါဒနှင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအကြောင်းကို တစ်လုံး တစ်ဝါကျမျှ ဖော်ပြထားသည်ကို မတွေ့ရပေ။
မြန်မာနိုင်ငံ၏ သမိုင်းသင်ကြားမှုနှင့်ပတ်သက်၍ကုလသမဂ္ဂ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးစည်သူ ကိုကိုက “သမိုင်းကို ပြောရင် နှစ်ပိုင်းခွဲပြောရမယ်။ဟိုးရှေးခေတ်ကသမိုင်းနဲ့ ခေတ်ပြိုင်သမိုင်း။ ရှေး ခေတ်သမိုင်းကလည်း ဒဏ္ဍာရီဆန်ဆန် စစ်သည်လေးသိန်းအားနဲ့ညီမျှတာတို့။ပျူစောထီးက ရှူးပျံကြီး ကိုအနိုင်တိုက်တာတို့ ဆိုတာမျိုးတွေပါနေတယ်။ ခေတ်ပြိုင်သမိုင်းကတော့ဗြောင်လိမ်ထားတဲ့ သမိုင်း ကြီးပဲ။ ဥပမာ ၁၉၅၈ အာဏာသိမ်းတာကို အိမ်စောင့်အစိုးရကို အာဏာလွှဲပေးလိုက်တဲ့ဆိုတာမျိုးပေါ့”ဟု ဆိုသည်။
လက်ရှိမျက်မှောက်ကာလတွင်လည်းမြန်မာနိုင်ငံတွင် သမိုင်းပညာရှင်နှင့် သမိုင်းစာပေ နည်းပါးလွန်း နေသည်ဟု ဦးစည်သူကိုကိုကဆိုသည်။
“ရှိတဲ့သမိုင်းပညာရှင်တွေကလည်းဟိုးရှေးခေတ်က သမိုင်းတွေကိုပဲ တူးစွကြတယ်။ လတ်တလော ဖြစ်ပျက်နေတဲ့ ခေတ်ပြိုင်သမိုင်းလိုဟာမျိုးကိုမတို့မထိကြဘူး” ဟုဆိုသည်။
နာဇီဝါဒအကြောင်းနှင့် ဟိုလိုကော့စ်ဖြစ်ရပ်များကိုမသိရှိကြသည့်အပေါ်လည်း ဦးစည်သူကိုကိုက “သမိုင်းဖြစ်ရပ်နဲ့ပတ်သတ်တာကို ရေးထားတဲ့စာအုပ်တွေလည်းမရှိဘူး။ဒုတိယကမ္ဘာစစ်အကြောင်းဆို လည်း ဖြစ်စဉ်ကို သေချာရေးထားတာမရှိဘူး။ ဒီမှာရှိတဲ့သမိုင်းစာအုပ်တွေကလည်းလူတွေအကြောင်း ကို ချီးမွန်းခန်းဖွင့် ရေးထားတာမျိုးတွေပဲ ရှိတယ်” ဟုဆိုသည်။
ပိုလန်နိုင်ငံသူ နာတာလီယာကလည်း“သမိုင်းဖြစ်ရပ်တွေ ကိုသာ သေသေချာချာသိကြမယ်ဆိုရင် တော့ ဒါမျိုးဝတ်ကြမှာ မဟုတ်ပါဘူး”ဟုဆိုသည်။
“ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့သမိုင်းကိုတောင် သေချာမသိတာ ကမ္ဘာ့သမိုင်းဆိုတော့ ပိုဝေးသွားတာ ပေါ့” ဟုဦးစည်သူကိုကိုကဆိုသည်။
မြန်မာနိုင်ငံရှိ လူငယ်အများစုမှာသမိုင်းလိမ်များ၊ လိုရာစွဲဖော်ပြထားသော သမိုင်းများဖြင့်သာ သင်ကြားခွင့် ရရှိခဲ့သည်။လူငယ်များ သမိုင်းတုများဖြင့်သာ ဖြတ်သန်းခဲ့ရသည့်အပေါ် ကိုအောင်မြတ်သူက “ဗဟုသုတနည်းလေထိန်းချုပ်ရလွယ်လေပဲလေ” ဟုကိုအောင်မြတ်သူက ဆိုသည်။
“မ အ အောင် သမိုင်းသင်ဖို့လိုသည်”ဟုကွယ်လွန်သွားပြီဖြစ်သည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပြောကြားခဲ့ဘူး
မ အ အောင် သမိုင်းသင်ဆိုသော်ငြား မြန်မာလူမျိုးအများစု ထိတွေ့ခွင့်ရလာသည်ဆိုသည်မှာ “အ အောင်ဖန်တီး တီထွင်ထားသည့် သမိုင်းများသာဖြစ်သည်ဟုတတ်ကြွလှုပ်ရှားသူများနှင့် ပညာရေး အသိုင်းအ၀ိုင်းက တစ်ညီတစ်ညွတ်တည်းပြောသည်။
“ဗဟုသုတနည်းလေ ထိန်းချုပ်ရလွယ်လေပဲလေ”ဟု ကိုအောင်မြတ်သူက အ အောင် သင်ကြားခံရသည့် သမိုင်းအပေါ် “ကျွန်တော်တို့က ကျောင်းစာအုပ်မှာတင်မဟုတ်ဘူး။ တီဗီမှာရော သတင်စာမှာပါဦးနှောက်ဆေးခံထားရတာ” ဟုဆိုသည်။


2 comments :

Anonymous said...

အရင်‌ post တုန်းကလဲ ဒီအ‌ကြောင်းကို
comment ဝင်‌‌ရေးပြီးပြီ။ ခုလဲ ထပ်‌‌ရေး
ရဦးမယ်‌။
ဒီတံဆိပ်‌ဟာ Nazi တံဆိပ်‌ မဟုတ်‌ဖူး။
Nazi တံဆိပ်‌က ဒီတံဆိပ်‌ရဲ့ ‌ပြောင်းပြန်‌။

တရုတ်‌ရဲ့ Yin နဲ့ Yen လိုပဲ၊ ဒီတံဆိပ်‌မှာ
အဖိုနဲ့ အမရှိတယ်‌။
ဒီထဲက တံဆိပ်‌ရဲ့ အဓိပ္ပာယ်‌က PEACE.

Anonymous said...

ဟုတ်ပါ.ဗျာ စကြ်ာ တဆိပ်တောင် လက်ဝဲလက်ယာ
ဘယ်၇စ် ညာ၇စ်မသိပဲနဲ. ဒီလိုဆောင်းပါးေ၇းတာ
ပြီးတော. သူတပါးကိုအပြစ်တင်တာအံ.သြ၇ပါတယ်ဗျာ