Monday 6 May 2013

သိမ်းဆည်းခံမိကျောင်းကန်ရပ်ကွက် ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၅ 
သိမ်းဆည်းခံထားရသော သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်အား ပြန်လည်ရရှိရန် သိမ်းဆည်းခံရသူများကယနေ့နံနက် ၈ နာရီတွင် လေးဒေါင့်ကန်လမ်းမှ ဘောက်ထော်ပြည်သာယာလမ်းအထိ စီတန်းလှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 
 
“ကျွန်တော်တို့နေရာတွေကို ဥပဒေမဲ့ သိမ်းယူထားတဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။ ဒီနေရာကို ပြန်မရမချင်း ဆန္ဒထုတ်ဖော်သွားမှာပါ။ လိုအပ်ရင် နေပြည်တော်အထိ သွားဖို့ရှိပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုတာဝန်ခံ ဦးစိန်သန်း ကပြောသည်။ 
 
အဆိုပါ မိကျောင်းကန် ရပ်ကွက်အား ၁၉၉၁ ခုနှစ်တွင် ခတ္တတပ်မ ၂၂ မှ လာရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း မဖယ်ပေးသည့် သူများကိုလည်း အင်းစိန်ထောင်သို့ပို့မည်ဟု လက်နက်ပြခြိမ်းခြောက်ခဲ့ကြသည်ဟု ဦးစိန်သန်းက ဆက်လက်ပြောသည်။ 
 
“အဲဒီတုန်းက ရပ်ကွက်မှာနေခဲ့တဲ့သူတွေကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ပဲခူးရိုးမ အစပ်ဖြစ်တဲ့ အေးသုခကို ပို့ခဲ့တယ်။ အရင်တုန်းကပြောဖို့အခွင့်မသာခဲ့လို့ မပြောခဲ့ရဘူး။ အခုလို ဒီမိုကရေစီခေတ်မှ ပွင့်လင်းမြင်သာလာတဲ့အတွက် ကျွန်တော်တို့ရဲ့ နစ်နာမှုတွေကို ထုတ်ဖော်ရတာပါ” 
ဟု ဆန္ဒထုတ်ဖော်သူ ကိုနောင်နောင်က ပြောသည်။ 
 
မိကျောင်းကန်ရပ်ကွက် ပြန်လည်ရရှိရန်အတွက် ဇန်န၀ါရီ ၂၇ ရက် မတ်လ ၃ ရက်နှင့် မေ ၅ ရက်တို့တွင် ၃ ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 
 
ရန်နိုင်

No comments :