Thursday, 9 May 2013

အပြောင်းအလဲကတော့ ဖိနှိပ်တဲ့နည်းနာ (ရဲဘော်ဖိုးသံချောင်း)

အပြောင်းအလဲကတော့ ဖိနှိပ်တဲ့နည်းနာ (ရဲဘော်ဖိုးသံချောင်း)
နေ့သစ် www.naytthit.net မှ ...

ဒီတလော ဗမာပြည်နိုင်ငံရေးလောကမှာ “ဒီမိုကရေစီအစိုးရ” ကြီးရဲ့ ဖိနှိပ်မှုသတင်းသစ်တွေတခုပြီးတခု ဆက်တိုက် ကြားနေရပါတယ်။ မိတ္ထိလာအရေးအခင်းကို ဗကပနဲ့ အတင်းဆွဲစပ်ပေးတာ၊ လက်ပန်တောင်းတောင်အရေးမှာ လှုပ်ရှား သူတွေကို ဖမ်းဝရမ်းထုတ်တာ၊ အခုနောက်ဆုံး ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပုဒ်မ ၄၀၁ (၁) နဲ့ ပြန်ဖမ်းတာ။ တလ တောင်မရှိတဲ့ ကာလတိုလေးအတွင်း ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

ဒီလို တောက်လျှောက်ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို ဒါတွေဟာသီးခြားစီဖြစ်တာ၊ တခုနဲ့တခု ဘာမှမဆိုင်ဘူးလို့ဆိုရင် နိုင်ငံရေးအရ ရိုးအလွန်းရာကျမယ် ထင်ပါတယ်။ အဖြစ်အပျက်တခုစီရဲ့ ထူးခြားချက်တွေကို တခုစီခွဲခြမ်းကြည့်တာ လည်း လုပ်၊ အားလုံးကိုပေါင်းပြီး နိဂုံးချုပ်သုံးသပ်တာလည်း လုပ်သင့်ပါတယ်။

“ဒီမိုကရေစီခေတ်ကြီး” ဆီကို ဗမာပြည်ကြီး “ပြောင်းလဲ” နေတုန်းမှာ လက်ပန်တောင်းတောင်လူထုလှုပ်ရှားမှုမှာ ပါဝင် သူတွေကိုဖမ်းဆီးဖို့ “ဒီမိုကရေစီ ဖခင်ကြီး” ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က မကြာခင်က ၀ရမ်းထုတ်ခဲ့ပါတယ်။ ပုလိပ်က ၀ရမ်းထုတ်တယ်ဆိုတာ ဘာဆန်းသလဲ။ ဟုတ်ပါတယ်၊ မဆန်းပါဘူး။ ဒါပေမဲ့ ပြန်စဉ်းစားလိုက်ရင် ၁၉၆၂ ခုနှစ် ဗိုလ် နေ၀င်း အာဏာသိမ်းတဲ့အချိန်ကစလို့ စစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးသမားတွေ၊ ဒါမှမဟုတ် သူတို့ မလိုလား သူတွေကိုဖမ်းရင် ဖမ်းဝရမ်းကြေညာဖို့ နေနေသာသာ၊ ဖမ်းတာတောင်မှ ဖမ်းဝရမ်းနဲ့ မဖမ်းပါဘူး။ ညသန်းခေါင်သန်နွှဲ လူခြေတိတ်တော့မှ ခိုးကြောင်ခိုးဝှက် ဖမ်းဆီးတာပါ။ အခုတော့ နာမည်စာရင်းကြီးကြေညာပြီး ဘယ်ခြောက်ကာ ညာ လှမ်းတွေ လုပ်နေတာ ထူးခြားပါတယ်။ ဘာကြောင့်လဲ။ ဗိုလ်သိန်းစိန် အစိုးရအခုလို ၀ရမ်းထုတ်ပြန်တာဟာ တပြည်လုံး ကိုခြိမ်း ခြောက်လိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့တဆက်ထဲ တချက်ခုတ်နှစ်ချက်ပြတ်ရည်ရွယ်တာကတော့ ၀ရမ်းထုတ်ခံရ သူတွေ၊ ဒါမှမဟုတ် အဖမ်းခံရမယ့်အန္တရာယ်ရှိနေသူတွေ ပြည်ပကို “ထွက်ပြေး” အောင် တောခြောက်တာလည်း ဖြစ်ပါ တယ်။ ဒါဟာ ဗိုလ်သိန်းစိန်တို့ရဲ့ “အပြောင်းအလဲ” ခေတ်မှာ တီထွင်ခဲ့တဲ့ ပြည်သူ့သပိတ်တွေကို ဖြိုခွဲတဲ့ နည်းနာပြောင်း လဲလာတဲ့ ဖော်ပြချက်တခုလို့လည်း ပြောနိုင်ပါတယ်။

ဗိုလ်သိန်းစိန်တို့က လူတွေကိုမဖမ်းခင် အခုလိုအသံပေးဟန်ရေးပြနေတာရဲ့ မြင်သာတဲ့ နောက်ရည်ရွယ်ချက်တခု က တော့ ပြည်တွင်းပြည်ပက တုန့်ပြန်ချက်တွေကို သွေးတိုးစမ်းနေတာ ဖြစ်ပါတယ်။ ဘယ်သူတွေ၊ ဘယ်အင်အားစုတွေက ဘယ်လိုတုန့်ပြန်သလဲဆိုတာကို သူတို့အမြဲသိချင်နေတာပါ။ ဗိုလ်သိန်းစိန်တို့ရဲ့“အပြောင်းအလဲ” ကျမှ နှာစေးသွားသူ၊ အသံဝင်သွားသူတွေကို သူတို့လည်း သတိထားမိကြသလို ဒီ “အပြောင်းအလဲ” ဆိုတာကို ပြင်းပြင်းထန်ထန်ရှုတ်ချ၊ ကန့်ကွက်နေကြတဲ့ အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသားပြည်သူတွေအပါ နိုင်ငံရေး အင်အားစုတွေကိုလည်း မျက် လုံးတွေပြူးကြည့်နေကြပါတယ်။ သူတို့ဟာ ဖမ်းလို့ရရင်ဖမ်း၊ ဖမ်းလို့မရရင်ဝရမ်းထုတ်၊ ဒါမှမဟုတ်ရင် ထုံးတို့မှတ်ထား တာတွေ လုပ်နေပါတယ်။ ဒီလိုလုပ်လိုက်လို့ သူတို့နဲ့မတူတဲ့ အင်အားစုတွေထဲမှာ ကွဲထွက်ကုန်တယ်ဆိုရင်ပဲ နည်း သမို့လား။

နောက်တချက် စဉ်းစားသင့်တာက ဗိုလ်အောင်သောင်းက မိတ္ထိလာအရေးအခင်းမှာ ဗကပ သြဇာခံတွေပါနေတယ်လို့ ပြောလိုက်တဲ့ကိစ္စပါ။ မှန်တာပြောရရင် ပြည်တွင်းပြည်ပက မြန်မာ့အရေးစိတ်ဝင်စားသူတွေအဖို့ ဒါဟာ လုံးဝထင်မထား တဲ့ ကိစ္စမို့ အားလုံးပဲ မျက်ခုံးပင့်မိခဲ့ကြပါတယ်။ မဖြစ်နိုင်မှန်း လူတိုင်းကသိနေတဲ့ ကိစ္စတခုကို ဒီလူက ဘာဖြစ်လို့ ဘာ အထောက် အထားမှမပါဘဲ အမေရိကန်သံအမတ်လိုလူကို ပြောရတာလဲ။ ကွန်မြူနစ်တွေကိုအပြစ်တင်ပြရင် အမေရိ ကန်က သဘောကျမှာပဲဆိုပြီး ခေတ်ဟောင်းက မျက်နှာချို သွေးနည်းအတိုင်း လုပ်နေတာလား။ တခြား ဘာရည်ရွယ် ချက်ရှိနိုင်သလဲ။ တကယ်တော့ ဗမာပြည်က စစ်အစိုးရအဆက်ဆက်ရဲ့ လုပ်ထုံးအရဆိုရင် လူတယောက်၊ နိုင်ငံရေး အဖွဲ့အစည်းတရပ်၊ လှုပ်ရှားမှုတရပ်ကို ဗကပနဲ့ဆက်ပေးလိုက်တယ်ဆိုတာဟာ အမြင့်ဆုံးပုဒ်မတပ်လိုက်တာပဲ ဖြစ်ပါ တယ်။ အချိန်မရွေး အမြင့်ဆုံးပြစ်ဒဏ်ချနိုင်တယ်လို့ ကြေညာလိုက်တဲ့ အဓိပ္ပာယ်ပါ။ ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ စစ်အစိုးရရဲ့ “အပြောင်း အလဲ” မှာ “ပြည်ပအားကိုးပုဆိန်ရိုး” ဆိုတဲ့ လှုံ့ဆော်သံကို မပြောတော့ပေမဲ့ ဗကပသြဇာခံ ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ တိုက်ခိုက်နည်းကိုတော့ သံကုန်ဟစ်တုန်းပါပဲလားလို့ တွေးမိပါတယ်။ အမြင့်ဆုံးပုဒ်မတပ် လိုက်တာပဲ ဖြစ်ပါတယ်။ အခု စစ်အစိုးရက ဒီအရေးအခင်းနဲ့ဆက်ပြီး လူသတ်မှုနဲ့ရော တခြားပုဒ်မမျိုးစုံနဲ့ပါ ဖမ်းထား သူတွေ အတော်များများရှိနေပါပြီ။ ရုံးလည်းတင်နေပါပြီ။ ဒါပေမဲ့ အဲဒီအထဲက တယောက်ကိုမှ ဗကပသြဇာခံလို့ မပြော နိုင်တာဟာ အတော်ထူးဆန်းသလို ဖြစ်နေပါတယ်။

အခုလာပြန်ပါပြီ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို သူ့ကို “လွတ်ငြိမ်းချမ်းသာခွင့်” ပေးတယ်ဆိုတုန်းက ထောင်ဗူးဝမှာ စွပ် ပေးလိုက်တဲ့ ပုဒ်မ ၄၀၁ (၁) ခြေမန်းကွင်းနဲ့ပြန်ဖမ်းပြီး ထောင်ဒဏ် ၆ နှစ် ချလိုက်တာဖြစ်ပါတယ်။ ဒါဟာ ဗမာပြည် တရားဥပဒေသမိုင်းမှာ မရှိဖူးတဲ့အစဉ်အလာလို့ ပြောရင်ရမယ်ထင်ပါတယ်။ သာမာန်ကြည့်ရင်တော့ ဒီလိုထောင်ချတာ ဟာ သူတို့ထောင်ထားတဲ့ ထောင်ချောက်ထဲဝင်မိလို့ အဖမ်းခံရတာပဲလို့ ပြောစရာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်က ဒါဟာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို လက်စားချေတာသက်သက်တင်မကပဲ သူတို့မတတ်သာလို့ထောင်က လွှတ်ပေးလိုက်ရ တဲ့ လူအားလုံးကို မလှုပ်ကြနဲ့ဟေ့လို့ သတိပေးလိုက်တာလဲ ဖြစ်ပါတယ်။

ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ရဲ့ “ဒီမိုကရေစီအစိုးရ” ကြီးဟာ (သူတို့ဆီကိုတင်ပြလျှောက်ထားရင်) ဆန္ဒပြခွင့်ပြုတယ်၊ ဒါဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးတာလို့ ကြွားဝါနေပေမဲ့ အသေအချာပြန်သုံးသပ်လိုက်ရင် အဲဒီလို ဆန္ဒပြဖို့ လျှောက် လွှာ တင်တဲ့အထဲက ဆန္ဒပြခွင့်ရတာ ၅၀% ရှိရဲ့လား။ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၅၄) မှာပါ တဲ့ “လက်နက် မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်” ဆိုတာအရ ပြည်သူလူထုတွေဆန္ဒပြကြတော့ ဘယ် လိုအကျိုးတွေ ခံစားရပါသလဲ။ ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ရဲ့အစိုးရသက်တမ်းဟာ သုံးနှစ်လောက်ရှိလာပြီဆိုတော့ တချို့ကိစ္စတွေကို သုံးသပ်နိဂုံးချုပ်လို့ရပြီလို့လည်း ထင်ပါတယ်။

ပြည်သူလူထုဆန္ဒပြပွဲတွေ လုပ်ခဲ့တာများပြီ၊ ဒီအထဲမှာပြည်သူလူထုက- တနည်းဆန္ဒပြသူတွေက- အနိုင်ရတာ၊ အောင် ပွဲရတာ ဘယ်နှစ်ခုများရှိသလဲ။ ဒီနေရာမှာ စစ်အစိုးရနဲ့ သူတို့ခရိုနီတွေရဲ့အကျိုးစီးပွားကို ဆန့်ကျင်တာမဟုတ်တဲ့ ဆန္ဒပြပွဲအသေးအမွှားလေးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အဲဒါမျိုးတွေမှာတော့ ဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့နာမည် ကောင်းရဖို့အတွက် ထိုးကျွေးတတ်ပါတယ်။ ကျန်တာတွေမှာတော့ ဆန္ဒပြသူတွေက တခုဆိုတခုမှ အောင်ပွဲမရပါဘူး။ အလွန်ဆုံးကြုံရတာဟာ ဆန္ဒပြသူတွေကို ဥပက္ခာပြုထားလိုက်တာ၊ ဒါမှမဟုတ်ဖြိုခွဲတာပဲမဟုတ်ပါလား။

ဒါဖြင့် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေ၊ ဒါမှမဟုတ် ပတ်သက်သူတွေကိုဖမ်းဆီးတဲ့ အဖြစ်အပျက်ကရော၊ ဘယ်နှစ်ရာနှုန်း လောက်ရှိပြီလဲ။ ဆန္ဒပြပွဲပေါင်းရဲ့ ၅၀% မကတဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးမှုတွေရှိတယ်ထင်ပါတယ်။

ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းတာကရော- ဒါလည်းမနည်းတဲ့ရာခိုင်နှုန်းပါ။ ဒီအထဲမှာ ကမ္ဘာ့စံချိန်တင် လောက်တဲ့ လက်ပန်းတောင်းတောင် ဆန္ဒပြစခန်းတွေမှာ ကျိန်းစက်နေတဲ့သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ပစ်ပေါက် တာမျိုးတွေလည်း ပါပါတယ်။

ဒီအချက်တွေကိုချုပ်ကြည့်လိုက်ရင် ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ရဲ့“ဒီမိုကရေစီအစိုးရ” ကြီး တက်လာတဲ့နောက်မှာ ပြည်သူလူထုဟာ သူတို့အရင်က အားထားခဲ့တဲ့ အင်အားစုတွေ၊ နိုင်ငံရေးသမားတွေနဲ့လမ်းခွဲပြီး ကိုယ့်ဟာကိုယ် တိုက် ပွဲဝင်တာတွေ များသထက်များလာနေတယ် ဆိုတာတွေ့ရပါမယ်။ အဲဒီလိုများလာတာနဲ့အမျှ ဒီမိုကရေစီစစ်အစိုးရကြီး ဟာ ဖြိခွဲတာ၊ ဖိနှိပ်တာတွေကို ပိုပြီးပြောင်ကျကျ၊ ပိုပြီးကြမ်းကြမ်းတမ်းတမ်း လုပ်လာနေတယ်။ ဒါ့အပြင် ပိုပြီးတော့ ပြင်းပြင်း ထန်ထန်လည်း သတိပေးနေပါတယ်။

တကယ်ကတော့ ဗမာပြည်မှာ ဦးကျိုးသွားတဲ့ နိုင်ငံရေးသမားဆိုတာတွေ ရှိပေမဲ့ ဦးကျိုးသွားတဲ့ ပြည်သူဆိုတာ မရှိ ကြောင်း ဗိုလ်သိန်းစိန် ဗိုလ်ရွှေမန်းတို့ မသိတာမဟုတ်ပါဘူး။

ရဲဘော်ဖိုးသံချောင်း

1 comment :

khaingzaw said...

d lo post tway tin zann bar MOE THEE ya...