Monday 1 July 2013

အီဂျစ် က ပေးမဲ့ သင်ခန်းစာ






အီဂျစ် စစ်တပ် က သမ္မတ မော်စီ ကို ၄၈ နာရီ အတွင်း လူထုတောင်းဆိုချက်တွေ လိုက်လျောဖို့ ရာဇသံပေး
-မြတ်စိုး-
၀၇.၀၁.၂၀၁၃

 အီဂျစ်နိုင်ငံ အတွင်းလက်ရှိ  ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပဋိပက္ခများ နှင့်  နိုင်ငံရေး အကျပ်အတည်း ဟာ ဒီမိုကရေစီကို ဦးတည်လျောက်လှမ်းမယ်လို့ ကြွေးကြော်နေတဲ့ ၊ မြန်မာနိုင်ငံ အတွက်တော့ သင်ခန်းစာတွေ အများကြီး ယူစရာပါ။ နိုင်ငံတနိုင်ငံ မှာ  အာဏာရ နိုင်ငံရေးပါတီတွေ နှင့် အစိုးရ တွေဟာ လူမျိုးရေး၊ ဘာသာရေး ကို အခြေခံ ရှေ့တန်းတင်ပြီး တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာ ကို ရယူကြမယ်ဆိုရင်တော့၊ အီဂျစ်သမ္မတ မော်စီ လို ဇတ်သိမ်းပြီး၊ အီဂျစ်ပြည်သူတွေ လို အကွဲကွဲ၊ အပြဲပြဲနဲ့  နောက်ဆုံးမှာ စစ်အာဏာရှင် အောက် ပြန်ရောက်ဖို့ ကိန်းသာရှိပါတော့တယ်။  အီဂျစ် နိုင်ငံ မှာ ဒီမိုကရေစီ လိုလားသူတွေ မျက်ဖြူဆိုက်လေ၊ စစ်အာဏာရှင် လိုလားတဲ့ ဆရာတွေ ကြိုက်လေ ပါ။


အီဂျစ် ပြည်သူတွေ ဘာတောင်းဆိုနေသလဲ?


အီဂျစ် လူထု က သမ္မတ မော်စီ ကို အစိုးရ  ကို ပြန်လည် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တယ်။ ဒီတောင်းဆိုချက်ထဲမှာ-


၁) အာဏာရ ပါတီဖြစ်တဲ့ မော်စီရဲ့ မွတ်စလင် ညီအကို ပါတီဟာ အစိုးအဖွဲ့အတွင်းမှာ ကြိုးကိုင်နေမှု ကို လျော့ချပေးရန်

၂) သမ္မတ နှင့် ပါလီမန်ရွေးကောက်ပွဲ ကို အမြန်ဆုံးကျင်းပပေးရန်၊ တို့ ပါဝင်တယ်။

လူထုတောင်းဆိုချက်တွေ က ရှင်းတယ်၊ပြတ်သားတယ်၊ဖြစ်နိုင်ချေရှိတယ်။ ညှိနှိုင်းဆွေးနွေးမှု နဲ့ ကျော်လွှားသွားနိုင်တယ်။ သမ္မတ မောစီဟာ ဒီတောင်းဆိုချက်တွေ ကို  လိုက်လျောမှုပြုမလား၊ ဒါမှမဟုတ် အီဂျစ် ပြည်သူတွေ ကို စစ်အာဏာရှင်အောက် ရောက်အောင်ဖန်တီးမဲ့တရားခံ အဖြစ် အီဂျစ်သမိုင်းမှာ ရပ်တည်သွားမလား ဆိုတာ သမ္မတ မော်စီ ကိုယ်တိုင် ၄၈ နာရီ အတွင်း  ရွေးချယ် ဆုံးဖြတ်ရပါတော့မယ်။


သမ္မတ မော်စီ အစိုးရ ကို ဘာကြောင့် နုတ်ထွက်ဖို့တောင်းဆိုနေသလဲ?


ဘာသာရေး ကို အခြေခံ စည်းရုံးမဲဆွယ် ခဲ့တဲ့ သမ္မတ မော်စီ ရဲ့  မွတ်စလင် ညီအကို ပါတီဟာ ရွေးကောက်ပွဲမှာ မဲအများစု ရခဲ့ ပြီး၊ အစိုးရဖွဲ့နိုင်ခဲ့တယ်။  သမ္မတ မော်စီဟာ အစိုးရဖွဲ့ပြီးနောက် ရွေးကောက်ပွဲမှာ ပေးထားတဲ့ ဂတိတွေ ကို မဆောင်ရွက်ခဲ့ဘူးလို့ အတိုက်အခံပါတီတွေ နှင့် အီဂျစ်ပြည်သူတွေ က စွပ်စွဲခဲ့ကြတယ်။



  • သမ္မတ မော်စီ ဟာ အီဂျစ်ပြည်သူတွေ ဆိုးဝါး၊ အတိဒုက္ခရောက်စေသည့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ( Disastrous Constitution) ကို ပြင်ဆင်ဖို့ ဂတိပျက်ခဲ့တယ်။
  • သမ္မတ မော်စီရဲ့ သက်တမ်း မှာ တရား ဥပဒေ စိုးမိုးရေးပျက်ပြားခဲ့တယ်။
  • လူထု ဟာ လောင်စာဆီ ရှားပါးမှုတွေ နဲ့ ရင်ဆိုင်နေရတယ်။ 
  • အီဂျစ်ပြည်သူတွေ လိုလားတဲ့ အလုပ်လက်မဲ့ပြဿနာ နှင့် ဆင်းရဲမွဲတေမှုတွေ ကို လစ်လျူရှု့ခဲ့တယ်၊ 
  • အီဂျစ်မှာ အခြေခံလူတန်းစားတွေရဲ့ လူနေမှု အဆင့်အတန်း တိုးတက်လာမှုမရှိခဲ့ဘူး။
  • အီဂျစ် မှာ သမ္မတ မော်စီ နှင့် သူ့ရဲ့ ပါတီကြောင့် အီဂျစ်ပြည်သူတွေ အကြား စိတ်ဝမ်းကွဲမှုတွေ နဲ့ လူမှုအဖွဲ့အစည်းတွေ အကြား တင်းမာမှုတွေ   ကြီထွားလာခဲ့တယ်၊
လို့အီဂျစ် အတိုက်အခံပါတီတွေ က ဝေဖန်ရှု့ချခဲ့ကြတာကြောင့် အီဂျစ်ပြည်သူတွေ ဟာ သမ္မတ မော်စီ အစိုးရ ကို  နုတ်ထွက်ဖို့တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်။


အီဂျစ်က ပေးမဲ့ သင်ခန်းစာ 


မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတ လို့ ကင်းပွန်းတပ်ထားတဲ့  လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ ဟာလည်း သူရဲ့ သက်တမ်း ၃ နှစ် အတွင်းမှာ-


  • မြန်မာလူထု အတွက် ဆိုးဝါး၊ အတိဒုက္ခရောက်စေမည့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ( Disastrous Constitution) ကို မ ပြင်ဆင်နိုင်သေးဘူး။ 
  • တရား ဥပဒေ စိုးမိုးရေးပျက်ပြားခဲ့တယ်။ 
  • မြန်မာပြည်ူတွေ လိုလားတဲ့ အလုပ်လက်မဲ့ပြဿနာနှင့်  ဆင်းရဲမွဲတေမှုတွေ ကို မဖြေရှင်းပေးနိုင်သေးဘူး၊
  • အောက်ခြေလူတန်းစားတွေ ရဲ့ လူနေမှု အဆင့် ပြောင်းလဲလာမှု မရှိသေးဘူး။
  • မြန်မာပြည်သူတွေ အကြား စိတ်ဝမ်းကွဲမှုတွေ နဲ့ လူမှုအဖွဲ့အစည်းတွေ အကြား တင်းမာမှုတွေ   ကြီထွားလာနေတယ်၊ 
ဒီအခြေအနေတွေဟာ အီဂျစ်နိုင်ငံ အတွင်းလက်ရှိ  ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပဋိပက္ခများ နှင့်  နိုင်ငံရေး အကျပ်အတည်း ဖြစ်စဉ်တွေ နဲ့ တပုံစံထဲဖြစ်နေတာတွေ့ရတယ်။


ဒီမိုကရေစီ လမ်းကြောင်း ကို ဦးတည်သွားနေပါတယ်လို့ ဆိုတဲ့  သမ္မတ သိန်းစိန် အစိုးရ ဟာ အီဂျစ် နိုင်ငံ မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပဋိပက္ခများ နှင့်  နိုင်ငံရေး အကျပ်အတည်း တွေ ကို သင်ခန်းစာ မယူကြ ရင်တော့ အီဂျစ်နိုင်ငံလို  မြန်မာပြည်သူတွေ ဟာ  စစ်အာဏာရှင်စနစ် ကို နောက်ကြောင်းပြန် သွားဖို့ သာရှိပါတော့တယ်။

No comments :