Saturday 2 November 2013

ဆင်းရဲနွမ်းပါးခြင်းနဲ့ လူကုန်ကူးခံရခြင်း


(ဓာတ်ပုံ) - သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် မှာ  ဗြောင်ဆွယ် ရောင်းစားခြင်းခံနေရသော
 မြန်မာ အမျိုးသမီးငယ်များမှ

မြန်မာနိုင်ငံဟာ အခုဆိုရင် စစ်အစိုးရ အုပ်ချုပ်တာ မဟုတ်တော့ဘဲ အရပ်သားအစိုးရ အုပ်ချုပ်တဲ့ တိုင်းပြည် ဖြစ်နေပြီလို့ ဆိုကြပါတယ်။ အရပ်သားအစိုးရ စစ်-မစစ် ဆိုတာကတော့ တိုင်းသူပြည်သားတွေ အားလုံးသိကြမှာပါ။ တချို့သော အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များကတော့ လက်ရှိအခြေအနေကနေ နောက်ပြန်သွားနိုင်မယ့် ကိစ္စမျိုးတွေ သိပ်ပြောဖို့၊ မတောင်းဆိုဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကို ပြောနေတာ အားလုံးသိနေတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတဲ့ စကားကတော့ ဝမ်းမြောက်ဖွယ် ကြိုဆိုဖွယ် ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိ အစိုးရဟာ နိုင်ငံသားတွေဖက်က ပူးပေါင်း ဆောင်ရွက်မှုတွေကို အမှန်တကယ်ကော ခွင့်ပြုနေသလား ဆိုတာကတော့ ဆန်းစစ်ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ မရေရာတဲ့ အခြေအနေမျိုးတွေကို အဆက်မပြတ်ဆိုသလို တွေ့နေရဆဲပါ။ ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်း မြောက်များစွာထဲက လူကုန်ကူးခြင်းဆိုတဲ့ ပြဿနာကို ပြောလိုပါတယ်။ မြန်မာနိုင်ငံက အရွယ်ကောင်း အမျိုးသမီးတွေ၊ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ လူကုန်ကူးသူများရဲ့ ပစ်မှတ်ဖြစ်နေတာ နှစ်ပေါင်းမနည်း တော့ပါဘူး။ အဲတာအပြင် ယောက်ျားရင့်မာကြီးတွေ ဖြစ်တဲ့ အမျိုးသားတွေတောင် လူကုန်ကူးသူတွေရဲ့ ရောင်းစားခြင်း ခံနေရတာ ကိုလည်း တွေ့ရပြန်ပါတယ်။ လူကုန်ကူးတဲ့ ဖြစ်စဉ်ဟာ လျှော့ပါးမသွားတဲ့ အပြင် ဒီဖက်နှစ်တွေမှာ ပိုလို့တောင် များလာနေ တာကို မြင်နေကြားနေ ရပါတယ်။ လူကုန်ကူးတယ် ဆိုတာ ဘယ်သူမှ မမြင်အောင် မသိအောင် အထုတ်ကလေးတခုထဲ လျှို့ဝှက်ထည့်သွင်းပြီး ဆောင်ရွက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။ သက်ဆိုင်ရာတွေက မမြင်ယောင် ဆောင်ထားလို့ လူကုန်ကူး သူတွေ ဆက်ပြီး လုပ်စားနေနိုင်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က စလို့ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်ကောင်းကောင်း ရမယ်ဆိုတဲ့ လူပွဲစားများရဲ့ အပြောကို ယုံကြည်ပြီး လိုက်ပါလာရာက တကယ်တန်း ထိုင်းနိုင်ငံကို ရောက်တဲ့ အခါမှာ ပြည့်တန်ဆာရုံများမှာ တဖက်လှည့်နဲ့ ရောင်းစားခြင်းကို ခံကြရပါတယ်။ မြန်မာပြည်ကနေ မထွက်ခင်ကထဲက ဘယ်အမျိုးသမီးကမှ ထိုင်းနိုင်ငံက ပြည့်တန်ဆာရုံမှာ အလုပ်လိုချင်တယ်လို့ ပြောမယ်မဟုတ်ပါဘူး။ လူတိုင်းဟာ ရိုးသားစွာ အလုပ်ကိုလိုချင်တဲ့ ဆန္ဒရှိသူတွေပဲ ဖြစ်ပါတယ်။ ဒီဖက်နှစ်များမှာတော့ မြန်မာနိုင်ငံက အရွယ်ကောင်း အမျိုးသမီးငယ်များ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အမျိုးသမီးငယ် တွေဟာ တရုတ်ပြည်ဖက်မှာ လူကုန်ကူးသူတွေရဲ့ ရောင်းစားခြင်းခံနေတာ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ အထူးသဖြင့် ရောင်းစားခံရတဲ့ အမျိုးသမီးငယ်တွေဟာ တရုတ်အမျိုးသားတွေနဲ့ အတင်းအဓမ္မ လက်ထပ်ပေးခြင်းခံ ရသလို ပြည့်တန်ဆာ လုပ်ငန်းအတွင်း သွတ်သွင်း ခံရတာ တွေလည်း ရှိနေပါတယ်။

အလားတူဆိုသလို မြန်မာနိုင်ငံသား လူငယ်အများအပြားလည်း လူပွဲစားများရဲ့ တဖက်လှည့်နဲ့ ရောင်းစားတာကို ခံရပြန် ပါတယ်။ အဲသလို ရောင်းစားခံရတဲ့ လူငယ်များကတော့ အထူးသဖြင့် ထိုင်းငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကြရပြီး ထွက်ပြေးဖို့ ဆိုတာကလည်း ပင်လယ်ထဲမှာပဲ အနေများတဲ့အတွက် မလွယ်ကူပါဖူး။ တချို့ လူငယ်တွေဆိုရင် ထိုင်းငါးဖမ်း စက်လှေကနေ အင်ဒိုနီးရှားငါးဖမ်း စက်လှေတွေအထိ တဆင့် ပြန်လည် ရောင်းစားခံရသူတွေလည်း ရှိပါတယ်။ အဲသလိုမျိုး အင်ဒိုနီးရှား ငါးဖမ်းစက်လှေတွေအထိ ရောင်းစားခံရပြီဆိုရင် အနည်းဆုံး တနှစ်ခွဲလောက် ပင်လယ်ထဲမှာဘဲ နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်တဲ့ စားရေရိက္ခာကို နောက်ထပ်သင်္ဘောတစင်းနဲ့ လိုက်ပြီးဖြည့်တင်းပေးပြီး ဖမ်းမိထားတဲ့ ငါးကိုကဲ့ယူသွားတာမို့ ကမ်းပြန်ကပ်ဖို့ဆိုတာ အချိန်အတော်ကြာမှ ပြန်ရောက်တာမျိုးပါ။

ဒီလိုမျိုး ကိုယ့်နိုင်ငံက အရွယ်ကောင်း အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ လူငယ်တွေ လူကုန်ကူးခြင်း ခံနေရတာနဲ့ ပတ်သက်လို့ ဘယ်လို ကာကွယ်မယ်၊ တားဆီးမယ်၊ အရေးယူမယ် ဆိုတဲ့ အစီအစဉ်ကို အခုအစိုးရအနေနဲ့ လေးလေးနက်နက် ပြောကြားခြင်း မရှိသလို မြန်မာနိုင်ငံသား ပညာရှင် ဆိုသူတွေ အနေနဲ့လည်း လူသိရှင်ကြား ထောက်ပြခြင်း ပြောဆိုခြင်း အကြံပေးခြင်းမျိုး မရှိသေးပါဖူး။ လတ်တလောမှာ လူကုန်ကူးမှု ကိစ္စနဲ့ ပတ်သက်လို့ အနုပညာရှင်တချို့ အနုပညာ လုပ်ငန်းများကနေတဆင့် အသိမြှင့်တင်ပေးတာ ကူညီတာ တချို့ကို တွေ့ရတော့ သာဓုခေါ်မိပါတယ်။ ဒီလိုမျိုး ဆက်တိုက် လုပ်နိုင်ဖို့လည်း အားပေးပါတယ် တိုက်တွန်းပါတယ်။

လူကုန်ကူးခြင်းကို ရင်ဆိုင်ရတဲ့ နိုင်ငံများဟာ အများအားဖြင့် မြန်မာပြည်လိုပဲ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဘယ်လိုမျိုး ဆင်းရဲသလဲဆိုတော့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု အဆင့်အောက်မှာအထိ ရောက်နေတဲ့ နိုင်ငံမျိုးတွေပါ။ ဥပမာ တခုအနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည် တခုဖြစ်တဲ့ နီပေါနိုင်ငံဟာလည်း လူကုန်ကူးတဲ့ ပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ နီပေါနိုင်ငံရဲ့ လူဦးရေဟာ ၂၉ သန်းခန့် ရှိပါတယ်။ လေ့လာသူများ အဆိုအရ နှစ်စဉ်နှစ်တိုင်း အိန္ဒိယနိုင်ငံဖက်ကို ရောင်းစားခံနေရတဲ့ နီပေါအမျိုးသမီးငယ် အရေအတွက်ဟာ တသောင်းနဲ့ တသောင်းခွဲ ကြားမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ရောင်းစားခံရတဲ့ နီပေါအမျိုးသမီးငယ် အများစုဟာ အိန္ဒိယနိုင်ငံက ပြည့်တန်ဆာရုံများမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံရပါတယ်။ အဲတာအပြင် အရွယ်မရောက်သေးတဲ့ နီပေါယောက်ကျားလေး ကလေးငယ်များလည်း ရောင်းစားခံရပြီး သူတောင်းစားအဖြစ်၊ စက်ရုံလုပ်သားအဖြစ် ခိုင်းစေ ခံရတာမျိုးလည်း ရှိနေပါတယ်။ တခါ နီပေါအမျိုးသမီးငယ်တွေဟာ မလေးရှားနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေ အထိ ရောင်းစားခြင်းကို ခံရပါတယ်။ အဲဒီနိုင်ငံတွေမှာ နီပေါအမျိုးသမီး ငယ်တွေဟာ ပြည့်တန်ဆာအဖြစ် (သို့မဟုတ်) အိမ်ဖော် အခိုင်းအစေ အဖြစ် (သို့မဟုတ်) ဒေသခံ အမျိုးသားတွေနဲ့အတင်းအဓမ္မ လက်ထပ်ပေးခြင်း စတာတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။

လူကုန်ကူးတဲ့ ဂိုဏ်းတွေ၊ လူဝယ်ယူတဲ့ ပြည့်တန်ဆာရုံတွေ၊ စက်ရုံအလုပ်ရုံတွေကို သက်ဆိုင်ရာ အစိုးရတွေက ဘာကြောင့် ထိထိရောက်ရောက် အရေးယူ မနှိမ်နင်းသလဲ ဆိုတာ မေးစရာဖြစ်လာပါတယ်။ ရဲများအပါအဝင် အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်က လူကုန်ကူးသူတွေ၊ ပြည့်တန်ဆာရုံ ပိုင်ရှင်တွေနဲ့ စက်ရုံပိုင်ရှင်များဆီက လာဘ်ငွေများ ယူထားတာကြောင့် လူကုန်ကူးမှုကို မနှိမ်နင်းနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အဆိုအရ အိန္ဒိယနိုင်ငံ ဘုံဘေမြို့က အပေါစား ပြည့်တန်ဆာ ရုံတွေမှာ လိင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင် နေတဲ့ အမျိုးသမီးပေါင်း တသိန်းကျော်မှာ ငါးသောင်းကျော် အရေအတွက်ဟာ နီပေါနိုင်ငံက ရောင်းစားခံရသူ အမျိုးသမီးတွေ၊ မိန်းကလေးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တခါ ရဲတွေ အာဏာ ပိုင်တွေ ကိုယ်တိုင်က အဲဒီ ပြည်တန်ဆာခန်းများဆီက ဆက်ကြေးငွေ ကောက်သလို ပြည့်တန်ဆာခန်းရဲ့ အဓိက ဖောက်သယ် များလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

ပြန်ကောက်ရမယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေ အမျိုးသားတွေ အိမ်နီးချင်းနိုင်ငံတွေမှာ တဖက်လှည့်နဲ့ ရောင်းစား ခံနေရတာ နှစ်ပေါင်း မနည်းတော့ပါဖူး။ အဲသလို လူကုန်ကူးတဲ့ လုပ်ငန်းမျိုးကို တိုက်ဖျက်ဖို့ အုပ်ချုပ်သူ အစိုးရဆက်ဆက်များ အနေနဲ့ ထိထိ ရောက်ရောက် ဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့ပါဖူး။ မြန်မာပြည်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် လူကုန်ကူးနေတဲ့ လုပ်ရပ်တွေကို တားဆီးဖို့လိုပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေကို တဖက်တလမ်းက ကူညီနေတဲ့ လူမှုအဖွဲ့အစည်း အသင်းအပင်းများကို အားပေးကူညီဖို့လည်း အထူးလိုအပ်ပါတယ်။ လူကုန်ကူးတယ်ဆိုတာ တကယ်တန်း ပြောရရင် ခေတ်သစ်ကျေးကျွန်စနစ်ရဲ့ နောက်ထပ်ပုံစံတခုလည်း ဖြစ်ပါတယ်။ လူကုန်ကူးတယ်ဆိုတာ အရွယ်ကောင်းတွေကိုသာ ရောင်းတာဝယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှုတွေကို မနှိမ်နင်းနိုင်ဘူးဆိုရင် ကုန်ကုန်ပြောလိုက်ပါ့မယ်။ အဲတာက ဘာတုန်းဆိုတော့ နောင်မှာ တပ်မတော်ထဲဝင်မယ့် အရွယ်ကောင်း လူငယ်တွေတောင် မြန်မာနိုင်ငံမှာ မကျန်သလောက် ဖြစ်သွားပါလိမ့်မယ်။ လက်သဲဆိတ်တော့ လက်ထိပ်လည်း နာဆိုတဲ့ သဘောလို့ ဆိုရပါလိမ့်မယ်။

တချိန်ထဲမှာလည်း မြန်မာပြည်မှာ ကနေ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ကျအောင် ဆောင်ရွက်ဖို့လည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကုန်ကူးတဲ့ ပြဿနာ ဆက်လက်တည်ရှိ နေရခြင်းဟာ နိုင်ငံသားတွေ အလွန် အမင်း ဆင်းရဲနွမ်းပါးနေတာနဲ့ တိုက်ရိုက် ဆက်စပ် နေတယ်ဆိုတာကိုလည်း နားလည် သဘောပေါက်ဖို့ လိုပါတယ်။ တဖက်ကမကြိုက်မှာစိုးလို့ နောက်ပြန်လှည့်တာမျိုး မဖြစ်စေချင်လို့ဆိုပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို မပြောကြ တော့ဘူးလား။ တဖက်မှာ ပြန်ကြည့်ရင်လည်း လူကုန်ကူးခံရလို့ အရွယ်ကောင်းတွေ တိုင်းပြည်ပြင်ပကို ရောက်ရှိသွားတာဟာ လူဦးရေ လျှော့ပါးခြင်းကို ရင်ဆိုင်ရတာဖြစ်သလို အရောင်းခံလိုက်ရတဲ့ အမျိုးသမီး အမျိုးသားများဟာ ဘောဂဗေဒ စကားနဲ့ ပြောရရင် တဖက်မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ လုပ်သားအင်အားများ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ လိုပါကြောင်း။

ဇော်မင်း
၂၈ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments :