Saturday 18 January 2014

အခြေခံဥပဒေကို မပြင်လိုသည့် ပြည်သူ့ကိုယ်စားလှယ်များ အကျိုးအကြောင်း ထုတ်ဖော်ပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်




စုမြတ်ဝေ၊ ဟိန်းကိုစိုး 

ဘားအံ၊ မဇ္ဈိမ။          ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်ကိစ္စများကို မည်သည့်အတွက်ကြောင့် ပြင်လိုသည်ကို မိမိပြောသကဲ့သို့ ၂ဝ၁ဝ ရွေးကောက်ပွဲရလာဒ်ဖြင့် ကိုယ်စားလှယ်ဖြစ်လာသူ အားလုံးအနေဖြင့်လည်း ပြည်သူလူထုရှေ့ထွက်၍ မပြင်ချင်လျှင် မည်သည့်အကြောင်းကြောင့် မပြင်ချင်သည်ကို ပြောရဲပါရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်သောင်းချီ တက်ရောက်သည့် ကရင်ပြည်နယ် လူထုတွေ့ဆုံပွဲတွင် စိန်ခေါ်လိုက်သည်။

“ကျွန်မက စိန်ခေါ်ရဲပါတယ်။ ကျွန်မတို့ဟာ ပြည်သူလူထုရှေ့မှာ ထွက်ပြီးတော့ ကျွန်မတို့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ချင်တယ်။ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာ ကျွန်မတို့ပြောရဲတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကနေပြီးတော့ ရွေးကောက် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျွန်မတို့နည်းတူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်ရင်လည်း ဘာဖြစ်လို့ မပြင်ချင်ဘူးလဲဆိုတာ ပြောရဲသလားဆိုတာ ကျွန်မမေးချင်ပါတယ်” ဟု ဇန်နဝါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့အောင်သံလွင်အားကစားကွင်းတွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့်အတွက် ကရင်ပြည်နယ်တွင် ကိုယ်စားလှယ်တစ်ဦးမျှ ရွေးချယ်မခံထားရသောကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ် များကို ပြည်သူများက မေးရန် လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။“ကျွန်တော်တို့ မဲတွေ ယူပြီးတော့ ကိုယ်စားလှယ်ဖြစ်နေတဲ့ လူကြီးမင်းများခင်ဗျာ။ ဘယ်ဘက်က ရပ်တည်ပြီး ဘာကြောင့် ရပ်တည်လဲဆိုတာကို ကျွန်တ်ေတို့ကို ပွင့်ပွင့်လင်းလင်းရှင်းပြပါလို့ တောင်းဆိုပါ။ ဒါပြည်သူလူထုရဲ့ တောင်းဆိုပိုင်ခွင့် ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသူတစ်ဦးက အခြေခံဥပဒေပြင်ဆင်ခြင်း မည်မျှ ခရီးရောက်နိုင်မည်နည်း ဟု မေးမြန်းရာတွင်မူဒေါ်အောင်ဆန်းစုကြည်  က ပြည်သူ့ထောက်ခံလျှင် မပြင်နိုင်စရာမရှိဟု ယုံကြည်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ကျွန်မတို့ နိုင်ငံရဲ့ ဖွဲ့ခြေခံဥပဒေဆိုရင် ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ လူတစ်စုက ပြုထားတဲ့ စာတမ်းဖြစ်ပါတယ်။ အဲတော့ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ လူတစ်စုက ပြုစုထားတဲ့ စာတမ်းကို ပြည်သူလူထုရဲ့ ဆန္ဒ ထောက်ခံမှုနဲ့ မပြုပြင်နိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်မယုံကြည်တယ်။ အနှေးနဲ့ အမြန် ပြင်နိုင်မယ်။ အမြန်ပြင်နိုင်မှ ကျွန်မတို့နိုင်ငံသက်သာမယ်”ဟု ဖြေကြားသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တပ်မတော်နှင့် ပြည်သူအကြား ရင်ကြားစေ့ရေး ခက်မခဲမည်ဟုလည်း
ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသည်။

“တပ်မတော်နဲ့ ပြည်သူတွေကြားထဲမှာ တန်းတူညီမျှမှုမရှိပဲနဲ့ ဘယ်တော့မှ စည်းလုံးညီညွတ်မှုမရနိုင်ဘူး။ အဲတော့ ဒီကိစ္စကို တပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်သားများအားလုံးကို နားလည်စေချင်တယ်။ ကျွန်မတို့ဟာ တပ်မတော်နဲ့ ပြည်သူကြား မှာ အဆင်ပြေစေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက မတရားပေးထားတဲ့ အခွင့်အရေးတွေကို လက်လွှတ်စေချင်တာပါ ဆိုတာကို သေသေချာချာ ပြောချင်တယ်”ဟု ကရင်လူထုကို ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မည်ကို စိုးရိမ်နေသူများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပြီး သူ့အနေဖြင့်မြန်မာနိုင်ငံသား မည်သူမဆို စိုးရိမ်ကြောင့်ကြစိတ်ဖြင့် မနေစေချင်ဟု ဆိုသည်။
ဇန်နဝါရီလကုန် နောက်ဆုံးထားထွက်ရှိမည့် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ အစီရင်ခံစာမတင်သွင်းမီ ပြည်သူများအားလုံးကို ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း နားလည်ကြစေလိုပြီး ယုံကြည်သည့် ဘက်က ပြတ်ပြတ်သားသားရပ်တည်စေလိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ်ကို နေပြည်တော်မှ ဇန်နဝါရီ ၁၈ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ပထမနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကာ ဇန်နဝါရီ ၁၉ရက်တွင် လှိုင်းဘွဲ့မြို့နယ် ကပ္ပလီကျေးရွာသို့ သွားရောက် ကာ လူထုနှင့် တွေ့ဆုံရန်ရှိပြီး ထိုနေ့၌ပင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

1 comment :

Anonymous said...

အမြန်​ပြင်​​ပေးကြပါ​တော့ဗျာ။

မတရားတဲ့ ဥပ​ဒေ​တွေရဲ့ ဖိနှိပ်​မှု ​အောက်​မှာ ​နေရတာ မွန်းကျပ်​လွန်းလို့ပါ။ အသက်​​တောင်​ ရှူလို့ မဝ​တော့ဘူး။

အမြန်​ပြင်​​ပေးကြပါ။