Sunday 25 May 2014

မိုးသီးဇွန် ဗမာပြည်မသွားခင် နေ့သစ်နဲ့ အင်တာဗျူးး(၁၈ သြဂုတ်လ ၂၀၁၂)


  နေ့သစ် … ကိုမိုးသီးရေ ခင်ဗျား သတင်းတွေကတော့ မြန်မာပြည်မှာရော အထဲမှာရော အတော့ကို ရေပန်းစားနေတယ်။ ခင်ဗျား မြန်မာပြည်ကိုသွားမယ်။ ဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုတဲ့သတင်းတွေက အင်တာနက်စာမျက်နှာတွေ ကွန်မင့်တွေမှာ ပလူပျံနေတယ်။ ခင်ဗျားကိုထောက်ခံသူတွေရော ဆဲတဲ့သူတွေရောပဲ။ တနေ့တနေ့ ခင်ဗျားကိုဆဲတဲ့သူတွေ ပလူပျံနေတယ်ဗျ။ ခင်ဗျား မြန်မာပြည်သွားရင် ခင်ဗျားကို ဖိနပ်နဲ့ပေါက်မယ်။ ရိုက်မယ်ဆိုတဲ့အသံတွေကလဲ ညံနေတာပဲ။ ဒါတွေနဲ့ပတ်သက်လို့ ခင်ဗျားဘာပြောချင်သလဲ။ ဒီသတင်းတွေကို ခင်ဗျား ဖတ်မိရဲ့လား။

မိုးသီးဇွန် … ကျနော်ကိုပြောကြပါတယ်။ ကျနော်ကို ချစ်ခင်တဲ့သူတွေက စိုးရိမ်မကင်းဖြစ်တာတွေ။ မသွားနဲ့မလွယ်ဘူးလို့ ပြောတာတွေပေါ့ဗျာ။ ကျနော် မြန်မာပြည်ကို ပြန်သွားရင် ဘာလုပ်မယ်ညာလုပ်မယ်လို့ ပြောနေတာတွေပေါ့ဗျာ။ ရှင်း ရှင်းပြောရရင် ကျနော်ကတော့ ဂရုမစိုက်ပါဘူး။ သူတို့လာဆဲရင်။ ရိုက်ရင်။ ပျော်ပျော်ကြီးတောင်ခံလိုက်ဦးမယ်။ ကျနော်သွားမှာက တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ သွားဆွေးနွေးမှာကိုး။ ကျနော်ကိုသတ်လိုက်လဲ အလောင်းထမ်းပြီး ငြိမ်းချမ်းရေးလုပ်ကြလို့ ကျနော့် ရဲ့ဘော်တွေကိုမှာခဲ့ပါရစေ။

တိုင်းပြည်ဆင်းရဲတွင်းနက်နေတာကို ပြန်လည်တည်ဆောက်နိုင်ဖို့ ကျနော် စေတနာအရင်းခံထားပြီး ပြောမှာကိုး။ ဒါကြောင့် သူတို့လာဆဲရင်။ ဖိနပ်နဲ့ပေါက်မယ်တို့ ရိုက်မယ်၊ သတ်မယ်ဆိုတာတွေတာတွေကို ပျော်ပျော်ကြီး ခံလိုက်ပါမယ်။ အများကောင်းကျိုးအတွက်ပဲ။

ကျနော်ဟာ ကိုယ်ကျိုးအတွက်ဘဝမှာ တခါမှမလုပ်ခဲ့ဖူးဘူး။ မစဉ်းစားခဲ့ဖူးဘူး။ မြန်မာပြည် ဒီမိုကရေစီရဖို့အတွက် ကျနော်တို့က ပထမဆုံးစတင်တောင်းဆိုခဲ့တာ တိုက်ပွဲဝင်ခဲ့တာပါ။ ဒါကို ဦးသိန်းစိန် အစိုးရသိပါတယ်။ ခင်ဗျားသိတဲ့အ တိုင်းပဲဗျာ။ ကျနော်ဟာ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ တုန်လှုပ်တတ်တဲ့သူ မဟုတ်ဘူး။ သူတို့ရေးနေတာပြောနေတာတွေကိုကြည့်ပြီး တခါခါပြုံးမိတယ်။

ကျနော်ဘဝမှာ သေရေးရှင်ရေးငြိမ်းခြောက်မှုကြီးတွေကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
ပြောရဦးမယ်…

ကျနော် တောထဲတုန်းက ဗိုလ်ချုပ်မြကို ဘယ်သူမှ ခံမပြောရဲဘူးဗျ။ အခုဒေါ်အောင်ဆန်းစုကြည်ကို မပြောရဲကြသလိုပေါ့။ မာနယ်ပလောစစ်ဆင်ရေး ကာလတွေမှာ ဗိုလ်ချုပ်မြဟာ ကျနော့်ကို တပ်ပေါင်းစု စစ်ကော်မရှင်အတွင်းရေးမှူးတာဝန် ပေးခဲ့တယ်။ ကျနော်ဟာ အဲဒီတုန်းက နဝတ လက်ထက်ပေါ့။ စစ်အင်အား ၅ သောင်းနဲ့ ထိုးစစ်ဆင်လာတာကို ကြံကြံခံပြီး ဦးဆောင်တိုက်ပွဲဝင်ခဲတယ်တဲ့ စစ်ခေါင်းဆောင်တဦးပါ။ ပထမ အကြိမ် နအဖ ရဲ့ နဂါးမင်းစစ်ဆင်ရေးကို ကျနော်တို့ တွန်းလှန်နိုင်ခဲ့တယ်။ အချိန်အားဖြင့် ၃ နှစ်လောက် ကြာခဲ့တယ်။

နောက်တော့ ဒုတိယအကြိမ် မင်းရန်နိုင် စစ်ဆင်ရေးပေါ့။ ဒီစစ်ဆင်ရေးမှာ ကျနော်တို့ မာနယ်ပလော ကျသွားတယ်။ နဂါးမင်းစစ်ဆင်ရေးအောင်တော့ ဗိုလ်ချုပ်မြကို ကျနော် အကြံပြုခဲ့တယ်။ ဒီအတိုင်းပဲ ခံစစ်သေကိုဆက်တိုက်နေရင် ကျနော်တို့ မခံနိုင်ဘူး။ စစ်ရေးအရ ခံစစ်ရှင်ကိုပြောင်းလဲတိုက်ဖို့ အကြံပြုခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မြအနားမှာရှိနေတဲ့ ကရင် စစ်ရေးခေါင်းဆောင်တွေက နားမလည်ခဲ့ကြဘူး။ ပြင်ဆင်မှုတွေ။ လေ့ကျင့်မှုတွေ အားနည်းခဲ့ကြတယ်။ ဒီတော့ ကျနော်က ကိုယ်ဖာသာကိုယ် ပြင်ဆင်မှုလုပ်ခဲ့တယ်။ တပ်တချို့ကို အောက်ဖက်ကွင်းစပ်တွေကို လွှတ်ခဲ့တယ်။ ရည်ရွယ်ချက်က အောက်ဖက်က နဝတ တပ်တွေရဲ့ Logistic တွေကို ဖြတ်တောက်တိုက်ခိုက်ဖို့ပါ။ ဒါမှ မာနယ်ပလော ကို ဝိုင်းနေတဲ့ တပ်တွေ အားပျော့သွားအောင်။

ရန်သူရဲ့ Center of Gravity ကို သိနေတဲ့အခါမှာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက် အထိက အားအနည်းဆုံးပိုင်းကို စတင်ချေမှုန်းပြစ်ဖို့ပါ။ ဒါမျိုးကို မြို့စားကြီးဝယ်လင်တန်က နပိုလီယံနဲ့တိုက်တဲ့ ဝါတာလူးမှာလုပ်ခဲ့လို့ သမိုင်းဝင်အောင်ပွဲ ကြီးရဖူးတယ်။ ဟူကမွန် ဆိုတဲ့ အရေးမပါဘူးလိုထင်ရတဲ့ လယ်စောင့်တဲကို ပြစ်မှတ်ထားတိုက်ခိုက်ပစ်လိုက်သလိုပေါ့။

နိုင်ငံရေးအရပြောရင်တော့ နပိုလီယံဟာ မတိုက်ချင်တဲ့တိုက်ပွဲကို တိုက်ခဲ့ရတာလဲပါသပေါ့လေ။ တကယ်ကသူဟာ မတိုက်ချင်သေးဘူး။ ပြင်သစ်တပ်မတော်ဟာ တိုက်ပွဲဝင်လို့မရသေးဘူးဆိုတာ သူကိုယ်တိုင်လဲသိပါတယ်။ ဒါပေမဲ့ နိုင်ငံ ရေး အခြေအနေအရ အင်္ဂလိပ်နဲ့မဟာမိတ်တွေက သူ့ကိုတိုက်ခိုက်လာတဲ့ အခြေအနေတရပ်မှာ သူအကောင်းဆုံး ခုခံနိုင်ခဲ့ပါတယ်။ ကျနော်အနေနဲ့ကတော့ သူဟာ အကောင်းဆုံးစစ်ဗိုလ်ချုပ် လေ့လာထိုက်သော သေနင်္ဂဗျုဟာ ခေါင်းဆောင် အဖြစ်သတ်မှတ်ပါတယ်။ သူတိုက်ပွဲတိုင်းကို ကျနော် အလေးထားလေ့လာခဲ့ပါတယ်။

နော်မန်ဒီမှာ မဟာမိတ်တပ်တွေရဲ့ ဦးစီချုပ်တွေဖြစ်တဲ့ မောင်ကိုမာရီတို့၊ ပက်တန်တို့က ဂျာမန်ခံစစ်နောက်ပိုင်းကို ဝင်မွေ လိုက်သလိုမျိုးပေါ့။

ဒါကို ဗိုလ်ချုပ်မြကို ကျနော် ဆွေးနွေးပြပါတယ်။ သူက စစ်တုရင်ကစားတဲ့ သူလိုပေါ့။
ကိုယ်ရဲ့အားကိုးရတဲ့ နယ်ရုပ်တွေကျသွားမှာကို အစိုးရိမ်လွန်နေတဲ့ စစ်တုရင်ကစားသူနဲ့ တူတယ်။ Center Four ကို လွှမ်းမိုးဖို့ မကြိုးစားဘဲ။ ထောင့်ကိုကပ်မိသလို သူဖြစ်သွားတယ်။ တခုလုံစစ်ပွဲထက် မာနယ်ပလော (နယ်မြေ) ကို အလေးထားစဉ်းစားခဲ့တယ်။ ဒါကြောင့် မာနယ်ပလော ကျသွားတာပဲ။ ရန်သူက စစ်ရေးတခုတည်းမဟုတ်ဘဲ နိုင်ငံရးပါ ထိုးနက်လာတာကို သူ ကြိုတင်မပြင်နိုင်ခဲ့ဘူးပေါ့။
အခြေနေဆိုးဝါးလာမယ်။ ပေးဆပ်မှုကြီးမယ်ဆိုတာ ကျနော် ခန့်မှန်းမိတယ်။ ဒီတော့ ကျနော်က ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ တပ်တွေနဲ့ အားကိုရတဲ့လူတွေကို ဖြန့်ချလိုက်တယ်။ ဒါက ရှေရည်အတွက် ကြိုတင်ပြင်ရတဲ့သဘောပေါ့။ ရလဒ်က ကြီးတယ်လေ။ သူက ကျနော့်ကို ဖမ်းတယ်။ ကျနော့် တပ်တွေကို Disarm လုပ်ခဲ့တယ်။ ဒါကိုလဲ ကျနော်ခံဖူးတယ်။

မာနယ်ပလော ကျသွားတယ်။ ကျနော်တို့တပ်တွေတောင်ပိုင်းကိုဆုတ်တယ်။ တောင်ပိုင်းမှာ ဘဝသစ်ပြန်စတယ်။ လူအင်အား ၃ ထောင်လောက်မှာ လက်နက်က ၃ ရာလောက်ပဲ ကျန်တော့တယ်။ ကေအန်ယူက လက်နက်တွေကို အကုန်သိမ်းလိုက်တာကိုး။

ကျန်တဲ့လက်နက်တွေကလဲ တိုက်ပွဲဝင်လောက်တဲ့ ကြံ့ခိုင်မှုမရှိဘူး။ ဖွဲစည်းပုံ မပြည့်တော့ဘူး။ တပ်စိတ်တစိတ် တိုက်ပွဲအတွက်လောက်ပဲ တိုက်ပွဲဝင်နိုင်တဲ့ဘဝကို ရောက်သွားတယ်။ ကျနော်တို့အင်အား ၃ ထောင်လောက်က မြန်မာပြည် တောင်ပိုင်း တနင်္သာရီနယ်ကို ဆုတ်လာချိန်ပေါ့။
ကျနော် ဘာလုပ်သလဲ။ ကျနော်တို့ရံပုံငွေရှာရတော့တယ်။ ကရင်နဲ့ပြဿနာတက်လာတဲ့ ကျနော်တို့အဖွဲ့။ တောင်ပိုင်းကို ဆုတ်လာတဲ့အဖွဲ့ကို မွန်ကလည်း မကြိုဆိုခဲ့ပါဘူး။ ကျနော်နဲ့ အလွန်ရင်းနှီးတဲ့ ဗကပ တောင်ပိုင်းအဖွဲ့ ကလည်း မနစ်မြိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေ ပြဿနာတွေပါလာပြီလေ။ အကျိုးစီးပွားလေးတွေပါလာပြီလေ။

ဒီတော့ မွန်နဲ့လည်းတင်းမာမှုရှိခဲ့တယ်။ ဗကပ တောင်ပိုင်းနဲ့တော့ ထိတွေတိုက်ခဲ့တဲ့အဆင့် ရှိခဲ့တယ်။ သူတို့ဖက်ကလဲ ကျတယ်။ ကျနော်တို့ဖက်ကလဲ မှတ်မိသလောက် ၁၁ ယောက်လောက် ကျဆုံးခဲ့သေးတယ်။
ကျနော်တပ်ကို ပြန်လည်စုဖွဲ့မှု လုပ်ရပါတော့တယ်။ ဒီတော့ ကျနော်တို့ပင်လယ်ပြင်မှာ ရံပုံငွေရှာဖို့ဆုံးဖြတ်တယ်။ ဒါက စကားလှအောင်ပြောရတာပါ။ ပင်လယ်က ရတနာသိုက်ကြီးကိုး၊ ထိုင်းငါးဖမ်းလှေ တ ထောင်ကျော် ရှိနေတယ်။ နဝတ အစိုးရလက်ထက်မှာ ငွေပြတ်တော့ ပင်လယ်ကို လက်ညိုးထိုးရောင်းခဲ့တယ်။ ထိုင်းတွေကအစိုးရကို စက်လှေ အစီး ၁ဝဝ လောက်ပဲအခွန်ဆောင်ပြီး တထောင်ကျော်လောက် ဝင်ဖမ်းတယ်။ ဒါကို ကျနော် တို့ သိနေတယ်။ ကိုးရီးယားငါးဖမ်းလှေတွေကလဲ မြန်မာပင်လယ်ပြင်မှာ လှုပ်ရှားနေကြတယ်။ကျနော်သည်းမခံနိုင်ဆုံးက ဒီပင်လယ်ပြင်မှာ ကိုယ့်နိုင်ငံက မိရိုးဖလာ ငါးဖမ်းနေတဲ့ တံငါသည်တသောင်းလောက်က အလုပ်လက်မဲ့တွေ ဖြစ်ကုန် တယ်။ ဒါကို ကျနော် သည်းမခံနိုင်ဘူး။
ဒီတော့ ကျနော်တို့ ရနောင်ကထိုင်းကုန်သည်တွေကို ဟေ့ မင်းတို့ ငါတို့ရေပိုင်နိက်မှာ ဘာလို့လာပြီးငါးဖမ်းသလဲ။ မဖမ်း ပါနဲ့။ ဖမ်းရင်ငါတို့အရေးယူရလိမ့်မယ်လို့ စာရေးသတိပေးခဲ့တယ်။ သူတို့ နားမထောင်ဘူး။ ပျက်ရယ်ပြုတယ်။ ဒီတော့ ကျနော်တို့ ရှိတဲ့အင်အားနဲ့ ပင်လယ်ပြင်မှာစစ်ဆင်ရေးလုပ်ခဲ့တယ်။
ထိုင်းသတင်းစာတွေမှာတော့ မြန်မာကျောင်းသားပင်လယ်ဓါးပြတွေလို့ စွပ်စွဲကြတယ်။ဆိုမားလီးယားတွေ ပင်လယ်ထဲမှာ တိုက်ကြတာ ကျနော်တို့ထက် နောက်ကျပါတယ်။

တောင်ပေါ်ကဆင်းလာတဲ့ ကျောင်းသားတပ်မတော်က ပင်လယ်ထဲမှာ အစွမ်းအစပြနိုင်ခဲ့ပါတယ်။ ထိုင်း ငါးဖမ်းလှေကြီး တွေထဲက ခေတ်အမီဆုံး စလီဥဒေါင်းဆိုတဲ့ ငါးဖမ်းသဘောင်္ကြီးကို အမိဖမ်းနိုင်ခဲ့တယ်။ ဖေါက်ခွဲနစ်မြှုပ်ပြလိုက်တယ်။ သဘောင်္ပါတဲ့ လက်နက်တွေနဲ့ ငွေတွေကို သိမ်းနိုင်ခဲ့တယ်။ သဘောင်္သားတွေကို ကျနော်တို့ မသတ်ပါဘူး။ ရေနဲ့ အစာ ပေးပြီး ကျွန်းတခုပေါ်မှာ တင်ထားပေးခဲ့တယ်။ သူတို့ကုမဏီကို အကြောင်းကြားပြီး သွားကယ်ခိုင်းလိုက်ပါတယ်။ ထိုင်း ငါးဖမ်းကုန်သည်လောကက ကြီးတယ်။ ထိုင်းနိုင်ငံရေးကို ကိုင်ထားနိုင်တယ်။ ဆီမီနာတွေလုပ်ပြီး ကျနော်တို့ကို တုန်ပြန် ဖို့ လက်နက်တွေ တပ်ဆင်ပေးခဲ့ကြတယ်။ ကျနော်တို့နဲ့ ပင်လယ်ထဲမှာ အကြိမ်းပေါင်းများစွာ တိုက်ပွဲဆင်ခဲ့တယ်။
ကျနော်တို့ သဘောင်္ပေါင်း ၁၂ စီကျော်ကို နစ်မြှုပ်အရေးယူပြလိုက်တော့ သူတို့ ဦးကြိုးသွားတယ်။
ကျနော်ကိုတော့ဗျာ ခြိမ်းခြောက်သလားမမေးနဲ့။ ထိုင်းနိုင်ငံရဲ လုံခြုံရေးကောင်စီက ဗိုလ်ချုပ်ဆူဆိုင်းဆိုရင် သတ်ဖို့အထိလုပ်သပေါ့။ ကျနော့် ဓါတ်ပုံတွေကို ထိုင်းရဲစခန်းနဲ့ ဒွန်မောင်းလေဆိပ်မှာတောင် ချိတ်ဆွဲထားတယ်။ နောက်တော့ တက်စ်ဆင် ဒုဝန်ကြီးချုပ်ဖြစ်လာတယ်။ သူက သူ့အကို ကို ကျနော့်ဆီလွတ်ပြီး စေ့စပ်ပါတယ်။ ဘန်ကောက်ဟောတယ်မှာ ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ ကျနော်နဲ့ တပ်စိတ်တစိတ်လောက် တက်သွားတယ်။ ကျနော်တို့ လက်နက်တွေပါယူခဲ့မယ်ဆိုတော့ သူတို့က ယူခဲ့နိုင်ပါတယ်ဆိုလို့ ယူသွားကြတယ်။

အစည်းဝေးမှာ တက်စ်ဆင်အကိုနဲ့ ဆွေးနွေးတယ်။ ကျနော်တို့က ခပ်တည်တည်ပဲ။ ကိုယ်လိုချင်တာတွေကို ဆွေးနွေးကြတယ်။ ကျနော်တို့ ဆွေးနွေးတာတွေ အဆင်ပြေပါတယ်။ ဆွေးနွေးတာတွေက ကျနော်တို့ နောက်တမ်းကိုမပိတ်ဖို့၊ ဒဏ်ရာရလူနာတွေကို ဆေးရုံတက်ခွင့်ပြုဖို့၊ မြန်မာပင်လယ်ပြင်မှာ ငါးမဖမ်းကြဖို့ စတာတွေပါ။ ကျနော်တို့ ဆွေးနွေးတာတွေကိုရတယ်။ တကယ်က ကျနော်တို့အင်အားရှိလို့ တိုက်ခိုက်နိုင်စွမ်းဆိုတာထက်။ သူက ကျနော်တို့ကိုတွေ့တော့ ကိုယ်ချင်းစာသွားပုံရတယ်။ သူ့သားအရွယ်လေးတွေကိုး။ သူက ဘာမှတောင် နိုင်ငံရေးမဆွေးနွေးတော့ဘူး။ ကျနော်တို့ကို တခုပြီး တခု ဧည့်ခံတော့တာပဲ။ တခါတခါ ငွေရှင်းရင် ဘတ်တသိန်းကျော်သုံးပစ်တယ်။ အပျံစားတွေ ကျွေးမွေးဧည့်ခံတယ်။ ကိုယ့်ရဲဘော်တွေလဲ စားသပေါ့။ စီးကရက်ကို နှစ်လိပ်ပူးတောင် သောက်ကြသေးရဲ့။ ငတ်နေတာကြပြီကိုး။ နောက်တော့ ဟားဗတ်မှာ ကျောင်တက်နေတဲ့ သူ့သားနဲ့ ကျနော်တို့ကို မိတ်ဆက်ပေးပါတယ်။
သူ တကယ် ကိုယ်ချင်စာသွားပုံရတယ်။ ဒီကောင်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် တကယ်လုပ်နေတယ်ဆိုတာ သူသိသွားတယ်။ ချုပ်ပြောရရင် တောင်ပိုင်းဆုတ်ခဲ့တဲ့ တပ်တွေဟာ ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ပြန်ပြီး ခေါင်းထောင်လာနိုင်တယ်။

ဗိုလ်ချုပ်မြက ကျနော်ကို ပြန်ခေါ်တယ်။ ကျနော် ကေအင်ယူနဲ့ ပြန်လည်ပူးပေါင်းလှုပ်ရှားခဲ့ကြတယ်။
ကျနော်ဆိုလိုတာက ကျနော်ဟာ တိုင်းပြည်အတွက်အသက်ပေးထားပြီးပြီ။ ကရင်နဲ့ အတူလက်တွဲတိုက်ခဲ့ပြီးပြီ။ ဗိုလ်ချုပ်မြ အထင်လွဲတာကိုလဲ ခံပြီးပြီ။ ထိုင်းနိုင်ငံရဲ ထိပ်သီးလူမိုက်ဂိုဏ်းတွေနဲ့လည်း ရင်ဆိုင်တိုက်ခဲ့ပြီးပြီ။
ကျနော် မှတ်တမ်းတင်ဂုဏ်ပြုချင်တာကတော့

ကျနော်တို့ အကြပ်တည်းဆုံးအချိန်တွေထဲမှာ ခေါင်းဆောင်ပီသစွာ၊ ရဲဘော်ကောင်းပီသစွာ တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ ရဲ ဘော် အောင်သူငြိမ်း၊ ရဲဘော် ကိုကိုဦး၊ ရဲဘော် ဝင်းမင်း (ဗွီအိုအေ)၊ ရဲဘော် အောင်နိုင်ဦး (ယခု ရခိုင်ပြည်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်)၊ ရဲဘော်ကျော်ကို (ယခု အေဘီ)၊ ရဲဘော် မြတ်စိုး (နော်ဝေး)၊ ရဲဘော်နေမျိုးလေး၊ ရဲဘော် ဖိုးပြုံး (စက်သွယ်ရေး)၊ ရဲဘော် အေးအေးမာ၊ ရဲဘော် ဘစောထွန်း၊ ရဲဘော် ပိန်၊ ရဲဘော် နေမျိုးလေး၊ အဘဦးဝင်းမောင် (ကွယ်လွန်)၊ အဘဦးစိန်သီး(ကွယ်လွန်) နဲ့ ဒီမှာအမည်မပါတဲ့ ကျောင်းသားတပ်မတော် ရဲဘော်အပေါင်းကို ချီးကျူးဂုဏ် ပြုပါတယ်။

နေ့သစ် … အခုလို့ အကျယ်တဝင့် ပြောပြတာကို ကျေးဇူးတင်ပါတယ်။ ကြာခဲ့ပြီဆိုပေမယ့် မေ့ပျောက်လို့မရတဲ့ လှုပ်ရှားမှု တွေပဲဗျာ။ ဆက်ပြီးဆွေးနွေးချင်တာက မြန်မာ အိပ်စ်ပရက်ဆိုတဲ့ဝက်ဆိုက်မှာ ခင်ဗျားတို့ ဦးသိန်းစိန်ကို ဖိနပ်နဲ့ပေါက် လှုပ်ရှားတာကို သူတို့ ပြန်တင်ထားတယ်။ ခင်ဗျားအနေနဲ့ ဦးသိန်းစိန်ကို ဒီလိုပဲ သဘောထားသေးလား။

မိုးသီး … အေးဗျာ။ မြတ်စွာဘုရားဟောထားတဲ့ ရန်ပြေနည်း ၁၁ နည်းရှိတယ်ဗျ။
ဒီထဲမှာ ရန်သူရဲ့ ကိုယ်ကျင့်တရားမြင့်မားမှုကိုကြည့်ပြီး ရန်ပြေနည်းက တနည်းပါတယ်။ မှတ်သားလောက်ပါတယ်။ ကျနော်တို့ ဆန္ဒပြကြတုန်းက ယခင်အစိုးရက ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်သံဃာတွေကို ရိုက်နက်သတ်ဖြတ်ဖြိုခွဲလိုက်ကြတဲ့ အချိန်ကိုး တတိုင်းပြည်လုံး ကြိမ်မီးအုံးသလို ခံစားခဲ့ရတာကို မှတ်မိဦးမယ် ထင်ပါတယ်။ ကျနော်လည်း အသည်းကွဲခံစား ခဲ့ရတာပေါ့။ ရိုင်းခဲ့သပေါ့။ ကျနော်အတွက် မဟုတ်ဘူးလေ။
ကျနော်တို့ လိုချင်တာက လတ်တလော နိုင်ငံရေးပြသနာတွေဖြစ်တဲ့ ပြည်တွင်းငြိးမ်ချမ်းရေး၊ လယ်မြေတွေအသိမ်းခံနေရတဲ့ ကိစ္စတွေ၊ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ဖို့၊ ဒုက္ခသည်ပြဿနာကိုဖြေရှင်းဖို့၊ မြန်မာ့စီးပွားရေး ပြဿနာတွေကို ဖြေရှင်းဖို့၊ ပြည်ပရောက်အင်အားစုတွေ အမိမြေပြန်ပြီး အလုပ်ကျွေးပြုနိုင်ကြဖို့ စတဲ့ပြဿနာကြီးတွေကို အမြန်ဆုံးအဖြေရှာကြဖို့ နှစ်ဖက်ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ မထားဘဲ ကျနော်တို့ ဆွေးနွေးဖို့လိုနေပါတယ်။
ဖြေရှင်းနိုင်ဖို့ လမ်းစပွင့်လာတယ်လို့ ကျနော် ယူဆပါတယ်။

နေ့သစ် … ဒီတော့ ကိုမိုးသီးဇွန် တို့ သွားရောက်ဆွေးနွေးတော့မယ်လို့ သတင်းတွေထွက်နေတယ်။ ဒါနဲ့ပတ်သက်လို့။

မိုးသီး … ကျနော်တို့ သွားရောက်ဆွေးနွေးဖို့ မူအားဖြင့် သဘောတူထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ထပြီးသွားဖို့တော့ မဟုတ်သေးပါဘူး။ သတင်းတွေထွက်နေသလို ကျနော်တို့ ဗီစာရပြီ၊ သွားတော့မယ်ဆိုတာ မဟုတ်ပါဘူး။

ကျနော် မေတ္တာရပ်ခံချင်တာကတော့ ကျနော်တို့ဟာ တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ ၊ပြန်လည်တည်ဆောက်နိုင်ဖို့ နှစ်ဖက်အစွမ်းကုန် ကြိုးပမ်းနေကြတဲ့အချိန်လို့ ကျနော် ယူဆပါတယ်။ ပြုပြင်ပြောင်းလဲမှုကိုကြိုးပမ်းနေတဲ့ သမတ ဦးသိန်းစိန်၊ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီအင်အားစုတွေ၊ ပညာရှင်တွေ အမြန်ဆုံးနားလည်မှုရဖို့ ကျနော်တို့ မကြိုးပမ်းသင့်ဘူးလားဗျာ။ အားလုံးဝိုင်းဝန်း ကူညီပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။

No comments :