Monday 12 January 2015

၄၈ ပွင့်  ဆိုင် နိင်ငံရေး ဆွေးနွေး ပွဲ ရလဒ် မရှိ ( ဇော်ဝင်း )


 ဒီည လွတ်လပ်တဲ့အာရှအသံ ရေဒီယိုလွှင့်ထုတ်မှုမှာ ၄၈ ဦးတို့ ထိပ်သီးဆွေးနွေးပွဲ ၄၈ ပွင့်ဆိုင်ဆွေးနွေးပွဲကြီးကို  နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ တံခါးပိတ် ဆွေးနွေးပွဲအကြောင်း အန်ကယ်လ် ဦးခင်မောင်ဆွေ ပြောပြတဲ့ အင်တာဗျူး  နားထောင်လိုက်ရပါတယ်။ စစ်အုပ်စု ရဲ့ ဦးတည်ချက်က ၂၀၀၈ ခြေဥအောက် ကနေ  ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ကြိုးပမ်းနေတယ် စသည်ဖြင့်ပေါ့လေ။ အန်ကယ်လ် ဦးခင်မောင်ဆွေအင်တာဗျူးမှာအရေးပါတာက ဦးရွှေမန်းကထုတ်ပြောတဲ့ ၂၀၀၈ ခြေဥမှာ မပြင်နိုင်တာ နှစ်ခုရှိကြောင်း အဲဒါဟာ ၄၃၆ နဲ့ ၄၄၅ ပုဒ်မတွေဖြစ်ကြောင်း။ မပြင်နိုင်ရတဲ့အကြောင်းကတော့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြောင့်ပါတဲ့။ ဗိုလ်ရွှေမန်း ရဲ့ နှုတ်ထွက်စကားဟာ စစ်အုပ်စု ရဲ့ အကြောက်တရားကို အထင်းသားမြင်လိုက်ရပါတယ်။ သူတို့စစ်အုပ်စုတွေကို လူထုက တရားဥပဒေအရ စစ်ခုံရုံးပို့မှာကို သေလောက်အောင်ကြောက်နေကြောင်း ထင်ရှားသွားစေပါတယ်။ စစ်အုပ်စုတွေဟာ သူတို့ကိုယ်တိုင်ရေး ၂၀၀၈ခြေဥမှာ သူတို့စစ်အုပ်စုကို လူထုက စစ်ခုံရုံးမပို့နိုင်ဖို့ ၂၀၀၈ ခြေဥထဲမှာ အမာခံစည်း ၂ ခုနဲ့တားထားတာဖြစ်ပါတယ်။ အဲဒါ ၄၃၆ နဲ့ ၄၄၅ ပုဒ်မတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ၄၃၆ ကို မပြင်နိုင်ဘူး။ အဲဒီ ၄၃၆ ကို ပြင်ပေးလိုက်ရရင် စစ်တပ် လေးပုံတစ်ပုံ ပါလီမန်ထဲ မဲရွေးခံစရာမလိုဘဲ ဝင်ထိုင်နေတာ ဖျက်ပေးလိုက်ရသလိုဖြစ်တော့မယ်။ ပါလီမန်လွှတ်တော်ထဲမှာ ဒီမိုကရေစီဥပဒေတွေကို စစ်ဗိုလ်တွေရဲ့ အပေါ်စီး မဲတွေနဲ့ မတရားပိတ်ဆို့ကာကွယ်ထားတာတွေကို ဖယ်ပေးလိုက်ရသလိုဖြစ်သွားမယ်။ အခြေခံဥပဒေထဲက အခြားပြင်စရာတွေအားလုံးကို လွယ်ကူစွာ လွတ်လွတ်ကျွတ်ကျွတ် ပြင်သွားလို့ရရင် စစ်အာဏာရှင် ယန္တယားကြီး ပြိုကွဲသွားမှာဖြစ်ပါတယ်။ ထိုင်ခုံတောင် ပြုတ်သွားနိုင်တယ်။ ၂၀၀၈ခြေဥထဲက ပုဒ်မ ၄၄၅ ဟာ စစ်အာဏာရှင်တွေရဲ့အသက်ဖြစ်ပါတယ်။ ၄၄၅ ပုဒ်မက စစ်ရာဇဝတ်မှုတွေနဲ့ သူတို့စစ်အုပ်စုကို အရေးမယူခံရရေးအဖြစ် ကြိုကာပြီး ရေးထားတာပါ။ နဝတ နအဖ တစ်ခေတ်မှာ စစ်အုပ်စုတွေဟာ စစ်သည်တစ်ဦးချင်းစီဖြစ်ဖြစ် အဖွဲ့အစည်းလိုက်ဖြစ်ဖြစ် လူသတ် မုဒိမ်းကျင့် ပေါ်တာဆွဲ မိုင်းထောင် စတဲ့ စစ်ရာဇဝတ်မှုတွေဟာ တိုင်းပြည်အတွက် တာဝန်အရလုပ်ခဲ့ကြရတာ ဒါ့ကြောင့် အရေးယူခွင့်မရှိဘူးဆိုပြီးရေးထားတာဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေကို ချရေးရရင် ဗိုလ်သန်းရွှေရဲ့ ခရစ်စတီးနားကျွန်းလူသက်မှု၊ ရှမ်းလူ့အခွင့်ရေးအဖွဲ့ကထုတ်ပြန်တဲ့ Licence to Rape စာအုပ်ထဲမှာ ဗိုလ်သိန်းစိန် တြိဂံတိုင်းမှာ အကြီးအကဲတာဝန်ယူခဲ့စဉ် အမျိုးသမီး ၆၂၅ ယောက်ကို ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း လူသတ် မုဒိမ်းကျင့်ခဲ့တာတွေဖြစ်ပွါးခဲ့တာတွေဟာ တာဝန်အရ မုဒိမ်းကျင့်သလိုဖြစ်သွားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ကြံစည်မှု (၂၀၀၃)၊ ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇)၊ ကနေ ရိုဟင်ဂျာအယောက် ၂၀၀ကို စစ်တွေမှာသတ်ဖြတ်တာ အပါအဝင် ဒီချုပ်ကလူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းထွန်းဝေ (ကျိုက်မရော) ကိုအောင်လှိုင်ဝင်း (လှိုင်သာယာ) ဒေးဗစ်စတန်းဖို့ဒ် (အိမ်မဲ) ကိုသက်နိုင်ဦး(ကြည့်မြင်တိုင်) ကိုဝင်းလွင်(ငပြင်းရွာသား) နဲ့ ကိုပါကြီးတို့ကို သတ်ဖြတ်ခံရမှုတွေဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ရာဇဝဝတ်မှုတွေဟာ ဒုနဲ့ဒေးပဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို စစ်အုပ်စုဟာ ဘယ်တော့မှ ဝန်ချတောင်းပန်ခြင်း မရှိပါဘူး။ အခုဆိုရင် နိုင်ငံတော်ရဲ့ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ လက်စားမခြေ သင်ပုန်းခြေဖို့ ကြိုးပမ်းသင့်တဲ့ ဒီကာလမှာ ဒီလို မပြင်နိုင်ဘူးဆိုပြီး ဘူးခံငြင်းနေတာ အလွန်အရုပ်ဆိုးလှပါတယ်။ တကယ်က စစ်ခုံရုံးကို ကြောက်နေကြတာပဲဖြစ်ပါတယ်။ တောင်အာဖရိကမှာ အမှန်တရားပေါ်ပေါက်ရေးကော်မတီဖွဲ့ပြီး အဖြစ်မှန်တွေကိုဖော်ထုတ်တာတွေလုပ်ခဲ့ပြီး တာဝန်ယူတာ တာဝန်ခံတာ တောင်းပန်တာ နောင်မဖြစ်အောင်အာမခံတာတွေ ဥပဒေစိုးမိုးအောင်လုပ်တာစသည်ဖြင့် လုပ်ဆောင်သွားကြပြီး ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို ကြိုးစားလုပ်ဆောင်သွားကြရတာဖြစ်ပါတယ်။ စစ်အုပ်စု ဟာ အချိန်မနှောင်းခင် လုပ်သင့်တာတွေလုပ်သင့်ပါတယ်။ အသတ်ခံရသူတွေရဲ့ အရိုးတွန်ချိန်ကိုရောက်ရင်တော့ စစ်အုပ်စု ခေါင်းဆောင်တွေကွယ်လွန်သွားခဲ့ရင်တောင်မှ နာမည်တွေကို တရားစွဲခံသွားရမှာဖြစ်ပါတယ်။ ဒီလောက်ပဲ ကျနော် မှတ်ချက်ပေးချင်ပါတယ်။ 

 ဇော်ဝင်း ( နယူးယောက် )

အောက်ပါလင့်ခ်မှာ လွတ်လပ်တဲ့ အာရှအသံ နဲ့ ဦးခင်မောင်ဆွေ အင်တာဗျူး နားထောင်နိုင်ပါတယ်  

http://www.rfa.org/burmese/news/leaders-talk-naypyitaw-01122015101304.html/1025102e103810011004103910311019102c1004103910311006103c1000102d102f-103110191038103b10191014103910381001103a10001039/inline.m3u

No comments :