Monday 19 January 2015

ကျောင်းသားလှုပ်ရှားမှု သတင်း

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ သတင်းထုတ်ပြန် ကြေငြာချက်

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ
ဒီမိုကရေစီပညာရေးစနစ်ကိုဖော်ဆောင်နိုင်မည့် အမျိုးသားပညာရေး မူဝါဒ ဥပဒေများ ပေါ်ပေါက်လာရေး
အခြေခံလိုအပ်ချက်များနှင့်ပတ်သက်သော 
သဘောထားထုတ်ပြန်ကြေငြာချက်
နေ့စွဲ ၁၄-၁-၂၀၁၅
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချူပ် (ဗကသများအဖွဲ့ချုပ်) ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ) နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ)မှ ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်သည်။ ဤကော်မတီကို ၂၀၁၄၊ နိုဝင်ဘာလ (၁၂-၁၃) တွင် ကျင်းပခဲ့သည့် နိုင်ငံတစ်ဝှမ်းမှ ကျောင်းသား ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ပွဲကြီးမှ ကျောင်းသားထုဆန္ဒအရ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲကြီးတွင် လွှတ်တော်နှင့် အစိုးရတို့မှ အတည်ပြုပြဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေကို ရူ့ထောင့် (၆)ချက်ကိုအခြေခံ၍ မူဝါဒ (၉)ချက်နှင့်အညီ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပြီး သပိတ်မှောက်ရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။ သပိတ်မှောက်ကျောင်းသားထုအနေဖြင့် အစိုးရအား ရက်ပေါင်း (၆၀)အတွင်း လာရောက်တွေ့ဆုံ ညှိ့နှိုင်းရန် ရာဇသံ ပေးခဲ့သည့်အပြင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ ၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက် ( NNER) ၊ လွှတ်တော် နှင့် အစိုးရ တို့ ပါဝင်သော လေးပွင့်ဆိုင်တွေ့ဆုံ ညှိ့နှိုင်းအဖြေရှာရန် တောင်းဆိုခဲ့သည်။ ဒီမိုကရေစီပညာရေးစနစ်ကို ဖော်ဆောင်နိုင်မည့် အမျိုးသားပညာရေးမူဝါဒနှင့် ဥပဒေများ ပေါ်ပေါက်လာစေရေးအတွက် အောက်ပါအချက်များသည် အရေးတကြီးလိုအပ် လျှက်ရှိသည်ဟု ကျွနိုပ်တို့အားလုံးမှ ယုံကြည်သည်။ထို့ကြောင့် ကျွနိုပ်တို့အနေဖြင့် မူဝါဒ ၉ချက်အပေါ် အခြေခံ၍ အောက်ပါအသေးစိပ် အချက်(၁၁)ချက် ဖြင့် သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ကြောင်းကြေငြာလိုက်သည်။
(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊
(၂) ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ြ့ပုရေးကိစ္စ။
(၃) လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင် နှင့် တက္ကသိုလ်များပေါင်းစပ်ညှိ့နှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ။
(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ။
(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ။
(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ၊ ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ။
(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် ( mother tongue based multi-lingual education ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ။
(၈) မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး (inclusive education) ကိစ္စ။
(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက် ခွင့် ကိစ္စ။
(၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေးကိစ္စ။
(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် ကျင့်သုံးရေး ကိစ္စ။
အထက်ပါအကြောင်းအရာ(၁၁)ချက် နှင့် ပတ်သက်၍ အစိုးရ ၊ လွှတ်တော်၊ နိုင်ငံတကာ အစိုးရများ ၊နိုင်ငံတကာ ပညာရေးအလှူရှင်များ နှင့် နိုင်ငံတကာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အမြန်ဆုံး သိရှိ ဆောင်ရွက်ပေးရန် အသိပေးကြေငြာလိုက်သည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ

No comments :