Tuesday 20 January 2015

တောင်သမန် ဘေး ပတ်လည် မြေကွက် တွေကို တရုပ်ကိုရောင်း ပြီ လူထု အတွက် Recreation နေရာ မကျန် သလောက်ဖြစ်လာနေတယ်။

တောင်သမန်ပါတ်လည်မြေတွေကိုတရုပ်ကဈေးအဆမတန်ပေးပြီးသိမ်းပြီ။
တရုတ်လူမျိုး လုပ်ငန်းရှင် တစ်ဦးက တောင်သမန်အင်း မြေယာများကို ကာလပေါက်ဈေးထက် ၁၀ဆ ဈေးပိုပေး ၀ယ်ယူနေ
မန္တလေး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်းကြီး အတွင်းမှ မြေယာကွက်များကို တရုတ်နိုင်ငံသား လုပ်ငန်းရှင် တစ်ဦးက လူအများအား ဖြန့်ကျက်၍ ကာလပေါက်ဈေးထက် ၁၀ဆပေးကာ သိမ်းဆည်း ၀ယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
“အင်းကြီးရဲ့ တောင်ဘက်အပိုင်း ရေအတွင်းမြေ တော်တော်များကို တောင်သူတွေက ရောင်းချပြီးသွားပြီ။ မြေပွဲစားတွေနဲ့ အရောင်းအ၀ယ် လုပ်ကြတာ၊ မြေဈေးက တစ်ဧကကို ကျပ်သိန်း ၁၀၀က အစပြုပြီး အရောင်းအ၀ယ် ဖြစ်ကြတာ၊ ခုကျပ်သိန်း တစ်ထောင်ထိတောင် မတန်တဆ ဈေးပေးပြီး၊ အင်းမြေ တစ်လျှောက်လုံး သိမ်းကျုံးဝယ်ယူသွားတာ။ တောင်သူတွေ ကလည်း လုပ်ကိုင် စားသောက်လို့ မရတဲ့ အတူတူ မတန်မဆ ဈေးကလည်းရတော့ ရောင်းကြတယ်။ ရပ်ကျေး ဥက္ကဋ္ဌကိုလည်း အသိပေးခြင်း မရှိဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အရောင်းအ၀ယ် လုပ်ကြတာ”ဟု အမရပူရမြို့နယ် ဥယာဉ်တော်အုပ်စု ရပ်ကျေး ဥက္ကဋ္ဌ ဦးချစ်ညိုက ပြောကြားသည်။
တောင်သမန် အင်းကြီးအား ငါးမွေးမြူရေး အင်းကြီး အဖြစ် ပုဂ္ဂလိက လုပ်ငန်းရှင်အား နှစ်ပေါင်း နှစ်ဆယ်ခန့် လုပ်ပိုင်ခွင့်ပြုထားခဲ့ သောကြောင့် တောင်ယာ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြရသော တောင်သူများ အနေဖြင့် ယခုကဲ့သို့ မြေယာများအား ငွေကြေး အဆမတန်ပေး ၀ယ်လာသူရှိခိုက် ရောင်းချကြခြင်း ဖြစ်ကြောင်း တောင်သမန် ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်ဇော်မှလည်း ပြောကြားသည်။
“ရေအောက်က မမြင်ရတဲ့မြေကို ဒီလိုငွေကြေး အဆမတန်ပေး ၀ယ်ကာ အံ့သြမိတယ်။ တောင်သူတွေ အနေနဲ့ကလည်း လုပ်ကိုင်စားသောက်လို့ မရတဲ့အတူတူ ရောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမြေယာက ကိုင်းမြေပါ။ ဒေသအခေါ်ဆို မရင်းမြေပေါ့။ မရင်းစပါးစိုက်တယ်။ ကျွန်တော်တို့ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်စားသောက်ခဲ့ကြတာ၊ န၀တ ခေတ်ကတည်းက လုပ်စားလို့ မရတော့ဘူး။ ပိုင်သာပိုင် မဆိုင်တဲ့ အဖြစ်ကို ရောင်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်၊ ခုလို ငွေကြေးအများကြီး ပေးဝယ်မယ့်သူ ပေါ်လာတော့ ရောင်းပစ်ကြတယ်” တောင်သူများက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (န၀မနေ့)တွင် အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် ၂မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက တောင်သမန်အင်းကြီး အတွင်းမှ မြေယာ ကွက်များအား ပြန်လည်ချထားပေးရန် အဆိုနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၊ ပုဒ်မ (က)ပါ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးဝင်သော မြေများဖြစ်ပါက ရပ်ကွက်/ကျေးရွာ၊ မြို့နယ်/ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က စနစ်တကျ ပြန်လည် စစ်ဆေးပြီး ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပြီး အလုံးအရင်းနှင့် အင်းမြေအား ၀ယ်ယူသိမ်းသူ ပေါ်ပေါက်ခြင်းဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံသားက ဒီမြေတွေကို ဘာလို့ဝယ်တာလဲ၊ တောင်ယာလုပ်ကိုင် စားသောက်ဖို့ အတွက်ကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလောက် ငွေကြေး အမြောက်အများကြီးနဲ့ ဘာအာမခံချက်ရှိလို့ ၀ယ်ရဲတာလဲ ဆိုတာ စဉ်းစားလို့ရပါတယ်။ နောက်ကွယ်က မမြင်နိုင်တဲ့အရာတွေ ရှိနေပါတယ်။ ဒီလို ရှေးဟောင်း အမွေအနှစ် ဒေသကို ရေပေါ်ဥယျာဉ်တွေ ဟိုတယ်တွေ ဆောက်မယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်နေတယ်။ ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကမ္ဘာက ရှေးဟောင်း အမွေအနှစ် ဒေသ အဖြစ် သဘာဝအတိုင်း ရှိနေရမယ့် နေရာကို အဲဒီလိုသာ တိုင်းဒေသကြီး အစိုးက လုပ်ပိုင်ခွင့်ပေးတာ မပေးတာ အသာထား၊ နိုင်ငံခြားသား တစ်ဦးက နောက်ကွယ်ကနေ ကြိုးကိုင် ၀ယ်ယူနေတာကို အရင် ဖော်ထုတ်သင့်တယ်”ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ရေနစ်မြုပ်ပြီး ငါးမွေးအင်းကြီး ဖြစ်ခဲ့ရသော တောင်သမန် အင်းကြီးအား သဘာဝ ရေဝေရေလဲ အင်းကြီး အဖြစ်နှင့်သာ ငါးမွေးမြူခြင်း လုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကြောင်းနှင့် မြေယာများ ပြန်ပေါ်လာပါက တောင်သူများ လုပ်ကိုင်စားသောက်နိုင်ပြီး တောင်သမန် အင်းကြီး အတွင်းမှ မြေယာကွက်များအား တရုတ်နိုင်ငံသား တစ်ဦးမှ ဖြန့်ကျက် ၀ယ်ယူနေခြင်းမှာ ရေပေါ်ဥယျာဉ်၊ ဟိုတယ် ဆောက်လုပ်ရန် ရည်ရွယ်နေကြောင်း သိရသည်။
- ဆွေနိုင်စစ်
(၀ယ်ထားသော မြေများအား တူးဖော်ထားသည်ကို မြင်တွေ့ရစဉ်)

No comments :