Saturday 23 February 2008

အမေရိကန် ရဲ့ပစ်မှတ်ထဲက မြန်မာ့စီးပွားရေး ၀ိသမလောဘသားများ


ချင်းမိုင်၊ ၂၂ ဖေဖော်ဝါရီ။

အမေရိကန်နိုင်ငံ နိုင်ငံခြားပိုင်ဆိုင်မှု ကြီးကြပ်ရေးရုံးက ဒီလအစောပိုင်းက ကြေငြာရာမှာ ၎င်းဋ္ဌာနအနေနှင့် ပြီးခဲ့တဲ့ နှစ်က နအဖ အသိုင်းအ၀ိုင်းမှာ ရှိတဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တိုးမြှင့်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။ မနှစ်က စီးပွားရေးပိတ်ဆို့မှုစာရင်း (blacklist) ထဲမှာ ပါတဲ့သူတွေကတော့ တေဇရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပက်သက်တဲ့ အခြား စီးပွားရေး လုပ်ငန်းရှင်တွေ ရဲ့ နာမည်တွေပဲဖြစ်ပါတယ်။
မကြာသေးမီကမှ ပြုလုပ်လိုက်တဲ့ နအဖ ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ နဲ့ ပက်သက်လို့ ကနေ့ ၀ါရှင်တန်မှာ “ဒါဟာ စစ်အာဏာရှင်ကို စမတ်ကျကျ ပိတ်ဆို့ အရေး ယူခြင်း” လို့ ပြောဆိုနေကြပါတယ်။ အဲဒီလို စီပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာနိုင်ငံ လူဦးရေ တစ်ခုလုံးကို ထိခိုက်နစ်နာစေမယ့် အရေးယူမှုမျိုး မဟုတ်ဘဲ၊ စစ်ဗိုလ်ချုပ်တွေ နဲ့သူတို့နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ကို ပစ်မှတ်ထားပြီးစီစဉ်တာပါ။ ဒီလ ကြေငြာချက်မထွက်ခင် အမေရိကန်အစိုးရက မြန်မာစီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ နဲ့ စစ်အစိုးရနဲ့ပက်သက်တဲ့ စီးပွားရေး လုပ်ငန်း ၇ ခုတို့ကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။

အဓိက ကတော့ ပြီးခဲ့တဲ့နှစ် အတွင်းက စစ်အစိုးရက ၎င်းတို့အား လမ်းပေါ်ထွက် ဆန့်ကျင်၊ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့တဲ့ လုပ်ရပ်တွေအပါအ၀င်၊ ဗမာနိုင်ငံတွင်းမှာ နိုင်ငံရေးအရ ဖိနှိပ် ချုပ်ချယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ပြုလုပ်နေတဲ့ နအဖ စစ်အစိုးရကို တုံ့ပြန်တဲ့အနေနဲ့ အခု လိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်တာ ဖြစ်ပါတယ်။ အဲဒီပိတ်ဆို့ မှုတွေထဲမှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းတွေမှာ ငွေကြေး၊ ဥစ္စာ၊ ပစ္စည်း အပ်နှံ သိမ်းဆည်းထားတဲ့ နအဖ နဲ့ ပက်သက်နေသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းထားခြင်းဘဲ ဖြစ်ပါတယ်။ ဒါ့ အပြင် ပိတ်ဆို့မှုစာရင်း (blacklist) ထဲမှာပါတဲ့ အမေရိကန် နိုင်ငံသားတွေ နဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေ အကြား ဘဏ္ဍာရေးအရရော၊ ကူးသန်းရောင်းဝယ်ရေး အ၀င်အထွက် စာရင်း တွေကို လည်း စာရင်းအ၀င် အထွက်မရှိအောင် တားဆီးပိတ်ပင်ထားပါတယ်။ အဲဒီလူတွေရဲ့နာမည်တွေကိုလည်း အမေရိကားသို့ ၀င် ရောက်သွားလာခွင့်ပိတ်ပင်ထားပါတယ်။

နောက်ဆုံးပိတ်ဆို့ အရေးယူမှုကတော့ တေဇရဲ့ “ထူး ကုမ္ပဏီ” (ထူး ကုမ္ပဏီများအုပ်စု လို့လည်းခေါ်ပါတယ်) ကိုပစ်မှတ်ထား ပြီး အရေးယူတာပါ။ အမေရိကန်နိုင်ငံ နိုင်ငံခြားသားပိုင်ဆိုင်မှု ကြီးကြပ်ရေးရုံး (OFAC) က တေဇ ကို “စစ်လက်နက်ရောင်းဝယ်သူ၊ ရက်စက်တဲ့ ဗမာစစ်အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ လက်မရွံ့ နောက်လိုက် ဘက်တော်သား” လို့ ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့စာနယ်ဇင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူးဒါနာပါရီ က ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုရာမှာ “လွတ်လပ်မှုကို တန်ဖိုးထားတဲ့ သူအားလုံးက အာဏာရှင် စစ်ခေါင်းဆောင် သန်းရွှေ နဲ့ သူ့ရဲ့ အပေါင်းအပါတွေ ရဲ့ လုပ်ရပ်ကို ခွင့်မလွှတ် နိုင်ပါဘူး၊ လက်ခံလို့လည်းမရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

တေဇ နဲ့ သူ့ မိန်းမ သီတာဇော်၊ သားအကြီးကောင် ပြည့်ဖြိုးဇ နဲ့ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၅ ခုကို အောက်တို ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်မှာ အမေရိကန် ရဲ့ ပိတ်ဆို့ အရေးယူမှုစာရင်းတွေထဲမှာ အမည်နှင့်တကွ ဖော်ပြ ထားပါတယ်။ ယခု အသစ်ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာပါတဲ့သူတွေရဲ့ နာမည်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ အောင်သက်မန်း (တေဇရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်)
၂။ သီဟ (တေဇ နဲ့ ညီအစ်ကိုတော်စပ်သူ)
၃။ ဦးကျော်သိန်း
၎။ ထူး ကုမ္ပဏီများအုပ်စု
(ထူး ကုမ္ပဏီများအုပ်စုထဲမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကတော့ - ဧရာရွှေဝါ ကုမ္ပဏီ၊ မြန်မာအင်းဝ ကုမ္ပဏီ လီမီ တက် နဲ့ ပါဗို စင်းလုံးငှား လေယာဉ် ကုမ္ပဏီလီမိတက်တို့ ဘဲဖြစ်ပါတယ်။)

မြန်မာလက်နက်ကိုင် အင်အားစုတွေ နဲ့ အဓိကဆက်သွယ်လုပ်ကိုင်နေသူ ဗိုလ်ချုပ် သူရရွှေမန်း ရဲ့ သား အောင်သက်မန်း ဟာ လည်း ဧရာ ရွှေဝါကုမ္ပဏီ နဲ့ ထူး ထရေးဒင်း ကုမ္ပဏီတို့ရဲ့ ဒါရိုက်တာတစ်ဦးပါ။ တေဇ နဲ့ ညီအစ်ကိုလည်းဖြစ်၊ စီးပွားရေးလုပ်ဖော် ကိုင်ဖက်လည်းဖြစ်သူ သီဟကလည်း ထူးကုမ္ပဏီများအုပ်စု နဲ့ ထူး ထရေးဒင်း ကုမ္ပဏီ တို့မှာ ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။

ဦးကျော်သိန်းဟာ စင်္ကာပူမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး အဲဒီမှာရှိတဲ့ တေဇရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံ ကွပ်ကဲနေသူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ယခုအချိန်မှာ အဲယား ပုဂံ လေကြောင်းကုမ္ပဏီ လီမိတက်၊ ထူး သစ်တောထွက် ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ ပါဗို စင်းလုံငှား လေယာဉ် ကုမ္ပဏီ လီမိတက် နှင့် ပါဗို ထရေးဒင်း ကုမ္ပဏီလီမိတက် တို့မှာ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု နာမည်ပျက်စာရင်းတွေထဲမှာ အောက်ပါ ပုဂ္ဂိုလ်များရဲ့ အမည်များလည်း ပါဝင်ပါသေးတယ်။

၁။ ခင်လေးသက် (ဗိုလ်ချုပ် သူရရွှေမန်း ရဲ့ မိန်းမ)
၂။ မြင့်မြင့်ကို (ဆောက်လုပ်ရေးဝန်ကြီး မွန်စောထွန်း ရဲ့ မိန်းမ)
၃။ တင်လင်းမြင့် (စစ်ဘက်ဆိုင်ရာ လုံခြုံရေးချုပ် ဗိုလ်ချုပ်ရဲမြင့် ရဲ့ မိန်းမ)
၎။ မြင့်မြင့်စိုး (နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီး ဥာဏ်ဝင်း ရဲ့ မိန်းမ)
တေဇ နဲ့ သူ့ရဲ့ စီးပွားရေးအင်ပါယာကို အမေရိကန်အနေနဲ့ မျက်စိစပါးမွှေးစူးနေတာ ကြာပါပြီ။ အကြောင်း ကတော့ ၎င်းရဲ့ သုံးမကုန်၊ ဖြုန်းမကုန် တဲ့ ဥစ္စာဓနတွေကြောင့်ရယ်၊ မြန်မာ စစ်ခေါင်းဆောင် သန်းရွှေ၊ ရွှေမန်း နဲ့ အခြားစစ်တပ်အသိုင်းအ၀ိုင်း က ထိပ်ပိုင်း အရာရှိတွေရဲ့ အရှိန်အ၀ှာအောက်မှာ ရှိနေတာတွေရယ် ကြောင့်ပါ။ ၁၉၆၄ မှာမွေးပြီး၊ အသက် ၄၃ နှစ်ရှိတဲ့ တေဇ ဟာ မူလကတည်းက စစ်အစိုးရနဲ့ အသက်မွေးဝမ်း ကြောင်းပြုဖို့ ရည်ရွယ်ပြီး၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း (DSA) ကို တက်ခဲ့တယ်။

၁၉၈၇ ခုနှစ်မှာ သူ့ရဲ့ ရည်းစား သီတာဇော်နဲ့ ခိုးရာလိုက်ပြီး ကျောင်းထွက်ခဲ့တယ်။ တဆက်တည်းမှာဘဲ သီတာဇော်ရဲ့ မိဘများ ပိုင်ဆိုင်တဲ့ ဆန်စက်လုပ်ငန်းမှာ စတင်ပြီ လုပ်ကိုင်ခဲ့တယ်။ ၁၉၉၀ မှာ ပထမဆုံး မတည်ရင်နှီးငွေ အမေရိကန်ဒေါ်လာ ၃၃၃ ၃၃၃ (သုံးသိန်း၊ သုံးသောင်း၊ သုံးထောင်၊ သုံးရာ၊ သုံးဆယ့်သုံး) နဲ့ ကိုယ်ပိုင် ကျွန်းသစ် အိပ်စ်ပို့ ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ၊ အစိုးရအရာရှိတွေနဲ့ သူ DSA ကျောင်းတက်တုန်းက တွေ့ခဲ့တဲ့ ဗိုလ်တွေရဲ့ အဆက်အသွယ်လုပ်ပြီး သစ်မာတောတွေကို ထုတ်ယူ ရောင်းချခွင့်ရခဲ့တယ်။ တေဇ သစ်ထုတ်ယူခွင့် ရရှိတဲ့ သစ်တောတွေက တော့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်း အတွင်းက တစ်ချိန်က KNU တွေလက်အောက်မှာရှိခဲ့တဲ့ သစ်တောတွေပါဘဲ။

အတိုက်အခံ အုပ်စုတွေ ရဲ့ပြောပြချက် အရ တေဇဟာ သူ့ရဲ့ ဥစ္စာဓန အများစုကို စင်္ကာပူမှာ ရှိတဲ့ဘဏ်တွေမှာ စာရင်းဖွင့်ထားတယ် လို့ သိရတယ်။ သူဟာ သူ့သား ပြည့်ဖြိုးဇ နဲ့ ထက်တေဇ တို့ ကျောင်းတက်နေတဲ့နေရာတွေမှာ ဇိမ်ခံပစ္စည်း တွေ အပြည့်ပါတဲ့ အိမ်ခန်းတွေ၊ တိုက်ခန်းတွေကိုလည်း ပိုင်ဆိုင် ထားပါတယ်။ သူ့သားနှစ်ယောက်စလုံးဟာ ပုဂ္ဂလိက လက်ရွေးစင် ကျောင်းတွေမှာ ကျောင်းတက်နေပါတယ်။ ထက်တေဇ ဆိုရင် စင်္ကပူက ဈေးအကြီးဆုံး ကျောင်းတွေထဲက တစ်ကျောင်းဖြစ်တဲ့ United World College of South East Asia မှာ ကျောင်းတက် နေပါတယ်။

၁၉ နှစ်သား သာ ရှိသေးတဲ့ ထက်တေဇ ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ ရက်ရက် စက်စက် အကြမ်းဖက် နှိမ်နှင်းတဲ့အကြောင်းတွေနဲ့ ပက်သက်တဲ့ သတင်းတွေကို အီးမေးလ်တွေကတဆင့် ဖတ်ရပါတယ်။ ပြီးတော့ အာရှတိုင်းမ်း အွန်လိုင်းသတင်းကြေငြာချက်တွေကို ကြည့်ပြီး “အမေရိကန်က ငါတို့ကို ပိတ်ဆို့ အရေးယူတယ်၊ ငါတို့ ဟာငါတို့ စင်္ကာပူမှာ အေးအေးဆေးဆေးနေနေတာ၊ ဗမာ တစ်နိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်မှုတွေ ကို ငါတို့ဘဲလုပ်ပေးနေတာ၊ ငါတို့မှာ စင်္ကာပူ၊ တရုတ်၊ အိန္ဒိယ နဲ့ ရုရှ တို့လိုနိုင်ငံတွေကို ကျွန်းသစ်၊ ကျောက်မျက် နဲ့ ဂက်စ်တွေ ရောင်းဖို့လည်းရှိနေတာ” လို့ သူကပြောခဲ့ပါ သေးတယ်။

တေဇရဲ့ သားအကြီးကောင် ကတော့ အနောက်တိုင်းသူ ခပ်ဟော့ဟော့ အသစ်စက်စက်မိန်းကလေးတွေနဲ့ မိုးမ မြင်၊ လေမမြင် ပျော်ပါး နေတဲ့ အချိန်မှာ အငယ်ကောင်က ဖာရယ်ရီ ကားတစ်စင်းနဲ့ ငြိမ့်နေပြီး ပျော်ပါးနေတယ် လို့ Blog တွေထဲကို ၀င်လာတဲ့ စာတွေအရကော၊ အီးမေးလ် တွေထဲကိုဝင်လာတဲ့ စာတွေအရကော၊ ပြည်ပ မီဒီယာတွေ ဆီကပါ သိရပါတယ်။ တေဇကတော့ ရန်ကုန်မြို့ အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဒေါင့်မှာ ရှိတဲ့ ခေတ်ဆန်ဆန်၊ ရှိုးကျကျ အိမ်ကြီးမှာ ဇိမ်ခံနေတယ်။ အိမ်ခြံဝန်းထဲမှာတော့ သူကိုယ်ပိုင် Bentley, Ferrari, Mercedes နဲ့ Lexus အမျိုးအစားကားတွေရှိပါတယ်။ အဲဒီကားတွေ ကို စင်္ကာပူကနေ တဆင့် သင်္ဘောနဲ့ သယ်ယူခဲ့တာပါ။

(နောက်တစ်နေ့ဆက်ဖက်ရန်)

1 comment :

Anonymous said...

သူ့တပည့်ဖော်ကောင်: တေဇဟာလွန်ခဲ့တဲ့၎-၅-နှစ်တည်းက--HIV+ရှိခဲ့ကြောင်းနဲ့--ဆေးကောင်းဝါးကောင်းများမှီဝဲနေတာဖြစ်ကြောင်း--အတိအကျပါဗျာ--