Saturday 26 September 2009

ဂူဂဲကမ္ဘာ့မြေပုံမှာမြန်မာနျူကလီးယားအဆောက်အဦးပုံပေါ်နေသလား

မြောက်ကိုရီးယားကို မြန်မာနျူကလီးယားကိစ္စကူညီမှုနဲ့ အမေရိကန်က အကြီးအကျယ် အပြစ်တင်နေချိန်။ ၂ဝဝ၉ ခုနှစ် ဇူလိုင်လဆန်းမှာ အပျော်တမ်းကွန်ပြူတာသမားအချို့ဟာ ဂူဂဲကမ္ဘာ့မြေပုံ၊ မြန်မာပြည်တနေရာမှာ ထူးဆန်းတဲ့အဆောက်အဦးပုံ တပုံကို တွေ့လိုက် ကြတယ်။ အပြင်ပန်း ကကြည့်ရင် နျူကလီးယားစခန်းနဲ့ တူတယ်လို့ဆိုပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယား တို့က ကူညီဆောက်လုပ်ပေးထားတာ ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ မြန်မာအစိုးရကတော့ ခုအချိန်ထိ ဘာမှတုံ့ပြန်ပြောဆို တာမရှိပါ။


အဲဒီမသင်္ကာစရာ အဆောက်အဦးဟာ မြန်မာပြည်အလယ်ပိုင်း တောတွင်း တနေရာမှာ တည်ရှိနေတာပါ။ အပေါ်ကကြည့်ရင် လေးဒေါင့်ပုံပါပဲ၊ အရှည် (၈၂) မီတာ၊အကျယ် (၈၄) မီတာ ရှိပြီး၊ အမိုးက အပြာရောင်ပါ။ အမှတ်တမဲ့ ကြည့်ရင် ရေကူးကန်ကြီးတခုနဲ့ အလွန်တူပါတယ်။

ဒီပုံကို လူတွေစိတ်ဝင်စားကြတာ အကြောင်းရှိပါတယ်။ ဒီမတိုင်မီက သြစတြေးလျသုတေသီ (၂) ယောက်ဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့အနေနဲ့ မြန်မာအစိုးရကို နျူကလီးယား သုတေသနစခန်းတခု ကူညီ ဆောက်ပေး ခဲ့ကြောင်း မြန်မာစစ်ဘက်ဆိုင်ရာများဆီက သတင်းရထား ခဲ့လို့ပါပဲ။ ဆစ်ဒနီ နံနက်ခင်းသံတော်ဆင့်သတင်းစာနဲ့ သြစတြေးလျရဲ့ “ခေတ်” သတင်းစာမှာ စောစောပိုင်းကတည်းက ဒါတွေပေါက်ကြားခဲ့တယ်။ သြစထြေးလျနိုင်ငံတော် တက္ကသိုလ် စစ်ဗျူဟာဌာန ပါမောက္ခဒက်စမွန်ဘောလ်နဲ့ ထိုင်းနိုင်ငံအလွတ်သတင်းထောက် ဖစ်လ်သွန်တန်တို့ရဲ့ ပြီးခဲ့တဲ့ (၂) နှစ်တာ ကာလအတွင်း လေ့လာချက်အရ မြန်မာအစိုးရဟာ ၂ဝ၁၄ ခုနှစ် မတိုင်မီမှာ နျူကလီးယားဗုံးထုတ်ဖို့ ကြိုးစားအကောင်အထည်ဖော်နေကြောင်း တွေ့ရှိရတယ်ဆိုတဲ့ သတင်းအချက်အလက်တွေအရ အခုတွေ့ရှိရတယ်ဆိုတဲ့ အဆောက်အဦး ကြီးဟာ နျူကလီးယားသုတေသန စီမံကိန်းအတွက် သုံးနေတာ အလွန် ဖြစ်နိုင်ကြောင်း တွက်ဆကြပါတယ်။ ဒါ့အပြင် ဂူဂဲဓာတ်ပုံထဲမှာ အဆောက်အဦးအနီးအနား ဒေသ လမ်းဆုံတွေမှာ စစ်ဆေးရေးဂိတ်တွေ တွေ့ရှိသလို အစောင့်ချထားတာကိုလည်း တွေ့ရှိရပါတယ်။

စစ်ရေးအချက်အလက်တွေ ဖော်ထုတ်ရာမှာ ကျွမ်းကျင်တဲ့ အိုကွန်နာကတော့ အဲဒီဓာတ်ပုံကိုကြည့်ပြီး ဒါဟာ နျူကလီးယားဆိုင်ရာ အဆောက်အဦးဖြစ်ပေမယ့် တွဲဘက်အဆောက်အဦးမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြေအောက်မှာရှိနေတဲ့ အကြီးစား အဆောက်အဦးကို ဖုံးအုပ် ပေးထားခြင်းသာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေကတော့ ဒါဟာ လုံခြုံရေးဆိုင်ရာ အဆောက်အဦးမျှသာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စက်ယန္တယားစက်ရုံတရုံလည်း ဖြစ်နိုင်တယ်။ နျူကလီးယားအစီအစဉ်နဲ့ ဘာမှမဆိုင်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်နိုင်ငံတကာလုံခြုံရေးနဲ့ သိပ္ပံသုတေသနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအဆောက်အဦးရဲ့ အဓိကအစိတ်အပိုင်းဟာ မြေအောက်ထဲမှာ ရောက်နေတယ်။ ဒါပေမဲ့ နျူကလီးယားနဲ့ ပတ်သက်နေတာရယ်လို့တော့ ထင်ထင်ရှားရှားမတွေ့ရသေးဘူး။ လောလောဆယ်မှာ ပါရဂူပညာရှင်များက ဒီဓာတ်ပုံကို တဆင့်တိုးလေ့လာဆဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာအစိုးရက သြစတြေးလျသတင်းစာများရဲ့ ဖော်ပြမှုအပေါ် တုံ့ပြန်တာ မရှိသေးဘူး၊။ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကလည်း ဒီကိစ္စအပေါ် ဘာမှမပြောသေးပါ။ဒီနေရာကို မဆိုင်သူတွေက တွေ့ရှိပြီး ဗြောင်ထုတ်ဖော်ပြီးတဲ့နောက်မှာ စိတ်ပါဝင်စားသူ အတော်များများ က ဂူဂဲကမ္ဘာ့မြေပုံရှေ့ မှာ နေ့ညမပြတ် စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးဟာ ကလင်တန်ရဲ့ ချစ်ကြည်ရေး ခရီးစဉ်တွေအပြီးမှာ ကောင်းလာ မလိုလို ဖြစ်လာပါပြီ။ အခုမြန်မာပြည်ရဲ့ နျူကလီးယားအစီအစဉ်ကိစ္စဟာ အစစ်အမှန် မှန်း သိလာပြီ ဆိုရင်တော့ အိုဘာမား၊ ဟီလာရီတို့အနေနဲ့ မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံစာရင်းထဲ ပြန်သွင်းဦးမလားမသိပါ။

တရုတ်ပြည်ထုတ်ဝေါဗျူးဂျာနယ်မှ ဆီလျော်အောင်ဘာသာပြန်သည်။

ဗကသ ၀က်ဆိုဒ်မှ ဆောင်းပါးကို ထပ်မံဖေါ်ပြခြင်းဖြစ်ပါသည်။ ဘာသာပြန်သူအမည်မသိပါ။





No comments :