Saturday 20 March 2010

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

- သည်နေရာကနေ အသံဖိုင်ကို နားထောင်ပါ -


“ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေရဲ့ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ …” (လူထုစိန်ဝင်း)


(လူထုစိန်ဝင်း)

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ
မိုးမခ၀က်ဘ်ဆိုက် (မတ် ၁၉၊ ၂၀၁၀)

“ရွေးကောက်ပွဲဥပဒေကို ကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေ ရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေညာစာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယောက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တခုတည်းသော အဖြေကိုပဲ ကျနော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ၊ ရွေးကောက်ပွဲလည်း ၀င်မှာပဲဆိုတဲ့ အဖြေ ပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် (၂၀) ကာလအတွင်း အန်အယ်လ်ဒီ ဌာနချုပ် ခေါင်း ဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲဆိုရင် အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် (၂၀) လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် (၂၀) အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ် ဒီဟာ မသိကျိုးကျွန်ပြုနေခဲ့တာပဲ။"


“အဲဒီအနှစ် (၂၀) အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွန်ပြုနေခဲ့တာပဲ …”

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက်လောက်တောင်မှ တိုင်း ပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘ ရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုးတွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့် ဆောင်ရွက်လို့ပဲ ထောင်က ပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ ဘာမှမဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းတည်းသော အပြောကတော့ ပါတီရေ ရှည်တည်တံ့ရေးအတွက် သူတို့ဟာ ဒီလိုလုပ်ရတာလို့ ပြောတယ်။

“ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထုအတွက် ဘာမှမလုပ်ဘဲ ရပ်တည်နေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ …”

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထုအတွက် ဘာမှမလုပ်ဘဲ ရပ်တည်နေရင် အဲဒီပါ တီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက် ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌာနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့် ရင်တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှမထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါ ဆိုရင်တော့ တစညနဲ့လည်း တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

“ပါတီတခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက်သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌာနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှမထူးတော့ဘူး …”

တခါတုန်းက ဆရာပြောခဲ့ဖူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ ကျော်တွေ ဖြစ်ကုန် ကြပြီ မျက်စေ့မမြင်တဲ့သူလည်း မမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ် ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ် တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီတခု၊ ဌာနချုပ်တခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီဆိုတာ အမြဲတမ်း နိုင်ငံရေးအကြောင်း လူမှုရေးအ ကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံး ဟာတိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကို ဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက် မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေလည်း ကြားရတယ်။

“နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေးအကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …”

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာကတော့ ဌာနချုပ် ကိုအမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါ တီအပေါ်မှာ တဘက်က ပရက်ရှာ(ဖိအား)တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့် နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌာနချုပ်ကို အမြောက်နဲ့ထုကြဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက် ရရင် တော်တော်ကောင်းမယ်ဆိုပြီး အခုနောင်တရမိတယ်။ ဘာကြောင့် ဌာနချုပ်ကို အမြောက်နဲ့ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ အနှစ် (၂၀) အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအ တွက်လုပ်တာမရှိခဲ့ဘူး။ ပါတီဌာနချုပ်ဟာလည်း ဒီမိုကရေစီပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူး တော့ဘူး။ တယောက်ထဲကနေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလား ဆိုလား ငြင်းလား ခုံလားလည်း ဘာမှမရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ တ တိုင်းပြည်လုံးမှာရှိတဲ့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေနဲ့ လုံးဝကင်းကွာပြီးတော့ တခြားစီဖြစ်နေပြီ။

“ဌာနချုပ်ကို အမြောက်နဲ့ထုကြဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ်ဆိုပြီး အခုနောင်တရမိတယ် …”

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ (၈၀) ကျော် (၉၀)ကျော် စီအီးစီတွေအစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒီ့ထက် အဆတရာလောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်လ် ဒီပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။

“အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်လ်ဒီပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …”

လူတွေကို မသိပေမယ့်လို့ နာမည်တွေကို ကြားဖူးနေပြီး ခေါင်းထဲမှာစွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်း မြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ရန်ကုန်က နော်အုန်းလှတို့၊ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့၊ ဒေါ်အုန်းမြတို့၊ ခင်စန္ဒာဝင်းတို့ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တမ်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြ တာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီအမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင် တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ်ဆိုပြီး နောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရ လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအ ကြိုက် လိုက်လုပ်မှာပဲလို့ ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲလို့ ပြောလိုက် တယ်။

ရွေးကောက်ပွဲ ၀င်တာ ကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာ ကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဖန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာ ဘာမှပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီအနေနဲ့ကတော့ မူမရှိတဲ့အဖြစ်ကို ထောက်ပြတာ ပါ။

“သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …”

ဘယ်လိုမူမရှိလဲဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက် လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲဝင်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျနော် တို့မှားပါတယ်ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေညာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေညာ စာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေညာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် (၂၀) အတွင်းမှာ ကြေညာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေညာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓာတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူ မရှိတဲ့ နိုင်ငံရေးပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင် ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ။ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေး ကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

“အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက်ဝိညာဉ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …”

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါဘဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲဝင်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တစညက (၇) နေရာ အနိုင်ရ တယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ (၇) နေရာမပြောနဲ့ (၃) နေရာ (၄) နေရာတောင် အနိုင်ရ မယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါ တီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိညာဉ်မရှိတဲ့ အဖွဲ့အ စည်းပဲဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲမှာ နိုင်မှာမဟုတ်ဘူး။ နိုင်တာ ရှုံးတာထား၊ ရွေးကောက် ပွဲ ၀င်တာမ၀င်တာလည်း သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မ ကောင်းဘူးလည်း မပြောဘူး၊ မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားလို့ လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလိုဖြေရတဲ့ အကြောင်းရင်းကို ဆရာ ရှင်းပြတာ။

“အန်အယ်လ်ဒီ မရှိလည်း ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီးတခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …”

ဒါက တလျှောက်လုံးပေါ့လေ မောင်စူးစမ်းတို့ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှတပါး အခြားနည်းလမ်း မရှိပြီ။ ရွေးကောက်ပွဲဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေနဲ့လည်း အကျပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရတာ ရှိနိုင်တယ်၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ် တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ ကြောင့် အန်အယ်လ်ဒီပါတီဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ ကြောင့်မို့ သူတို့ ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီမရှိလည်း ၈၈ လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီးတခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲဘဲ တိုင်းပြည်က ဘာမှမဖြစ် ပါဘူး။ အန်အယ်လ်ဒီရှိနေလည်း ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်က အင်တာနေရှင်နယ် ဟယ်ရယ်ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအ နေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့အဆုံး အုံကြွမှု တွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဖူး တယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။

“သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဖူးတယ် …”

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့လို့ဆိုပြီး တော့တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေ ဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈ နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေး ကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာ ရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာမဟုတ်ဘူး။ ဒီလို ၈၈ တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ် တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့်လည်း စကားပြောကြပါ။ ဆွေးနွေးကြပါလို့ ပြော နေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင် ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသ မားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေရဲ့ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန် အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”



(မိုးမခ၀က်ဘ်ဆိုက်)

6 comments :

စုသမီး said...

ဆရာဦးစိန်ဝင်း၏ အမြင်သည် မှန်ကန်လှပါသည်။

အန်အယ်လ်ဒီရဲ့ စစ်ထွက်အဖိုးကြီးတွေကို ပယ်ရှားပြိး ဒေါ်မြင့်မြင့်အေးတို့လို ရဲရဲတောက် လူမျိုးတွေကို အစားမထိုးမချင်း ပါတီက ကောင်းလာစရာအကြောင်းကို မရှိပါဘူး။

မိန်းမတွေလောက် အရည်အချင်းမရှိတဲ့ လူမျိုးတွေကို ပယ်ရှားခြင်းဖြင့် ပါတီဂုဏ်ကို ပြန်လည်မြှင့်တင်သင့်ပါတယ်။

Anonymous said...

လူထုစိန်ဝင်း ဆောင်းပါးနဲ့ မိုးသီးဓာတ်ပုံနဲ့က ဘယ်လိုသက်ဆိုင်တာလဲ :)

Unknown said...

ကချင်၊ ၀၊ ချင်း၊ ပလောင်၊ ပအိုဝ်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ကယား၊ လားဟူ စတဲ့ အဖွဲ့အစည်းတွေ အားလုံး တစ်သံတည်းအော်ရမှာက၂၀၀၈ အခြေခံဥပဒေကို မပြင်ရင် ပြည်ထောင်စုက ခွဲထွက်မယ် ဆိုတဲ့ အော်သံပဲ ဒါကတာ ၂၀၀၈ အခြေခံဥပဒေကို ပျက်ပြားစေနိုင်မယ်

Unknown said...

ကချင်၊ ၀၊ ချင်း၊ ပလောင်၊ ပအိုဝ်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ကယား၊ လားဟူ စတဲ့ အဖွဲ့အစည်းတွေ အားလုံး တစ်သံတည်းအော်ရမှာက၂၀၀၈ အခြေခံဥပဒေကို မပြင်ရင် ပြည်ထောင်စုက ခွဲထွက်မယ် ဆိုတဲ့ အော်သံပဲ ဒါကတာ ၂၀၀၈ အခြေခံဥပဒေကို ပျက်ပြားစေနိုင်မယ်

Anonymous said...

ကောင်းလိုက်တဲ့ပြောချက်ဗျာ

Anonymous said...

NLD အနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဦးပေါ်ဦးက ရွှေခဲကြီးကို ပါဠိလို ရွှေခဲ ပေးသလို လူအ အဖြစ် ရယ်စရာဖြစ်ရမှာဘဲ။ တခြားနိုင်ငံရေးအဖွဲ့အစည်းများအနေနဲ့က တော့ စုပေါင်းပြီး အင်းအားစုအဖြစ်ဝင်ပါသင့်တယ်။ နောင်တချိန်မှာ NLD ရဲ့နိုင်ငံရေးစိတ်ဓါတ်က အစိုးရကိုတည့်မတ်ပေးတဲ့အဓိက ဟာဖြစ်လာမယ်။ စုပေါင်းအင်းအားစုကလည်း အမတ်နေရာကို လွှမ်းမိုးထားနိုင်မယ်ဆို အတွင်း၊အပြင် အားနဲ့ နိုင်ငံကို ပြောင်းလဲနိုင်မယ်ထင်ကြောင်း။