Saturday, 14 January 2012

ငါဟာ မြန်မာ (ကဗျာ)


ကမ္ဘာအနှံ့ကို ခြေဆန့်

နိုင်ငံပေါင်းစုံကို ကူးလူး

ဗွီဇာပြည်ဝင်ခွင့်တွေ လျှောက်စရာမလိုတဲ့

အင်အားကြီးနိုင်ငံ ပတ်စ်ပို့ကြီးတွေတဲ့လား၊

ငါ့မြေ၊ ငါ့ရေ၊ ငါ့နိုင်ငံတွင်းမှာ

အတားဆီး၊ အပိတ်ပင်မရှိ

ကူးလူးသွားလာခွင့်တွေလောက်

ငါမမက်မောပါဘူးကွာ။


ပိုးမွှားတွေကို အဆင့်ဆင့်သန့်စင်

တန်ဖိုးကြီးကြီး ပေးဝယ်ရတဲ့

ရေသန့်စက်ထဲက သောက်ရေသန့်တဲ့လား၊

မေတ္တာတရားနဲ့ သန့်စင်

စေတနာနဲ့ ဖြည့်ဆည်းထားတဲ့

သောက်ရေအိုးငယ်ထဲက

ရေကြည်တပေါက်လောက်

ငါ့ရင်ကို မအေးမြစေပါဘူးကွာ။


ဥရောပအစားအစာ

လက်တင်အမေရိကအစားအစာ

အာဖရိကအစားအစာ

အရှေ့တိုင်းအစားအစာ

အနောက်တိုင်းအစားအစာ စတဲ့

ကမ္ဘာတလွှားက စားကောင်းသောက်ဖွယ်တွေတဲ့လား၊

ငါးပိရည်၊ တို့စရာအစုံနဲ့

ထမင်းတပွဲလောက်

ငါ့ခံတွင်းကို မမြိန်စေပါဘူးကွာ။


တက္ကသိုလ်ပရ၀ုဏ်ကြီးတွေ

ရုံားနအဆောက်အအုံတွေ

ကမ္ဘာ့အဆင့်မှီဟိုတယ်တွေထဲက

အစည်းအဝေးခန်းမကြီးတွေတဲ့လား၊

ယုံကြည်ချက်တူ၊ စိတ်ဓာတ်တူသူတွေရဲ့

ဆွေးနွေးပွဲလေးတွေ ရှိခဲ့ဖူးတဲ့

ဘုန်းကြီးကျောင်းအိုလေးလောက်

ငါ့ရင်ကို အမှတ်တရ မဖြစ်စေပါဘူးကွာ။


ကမ္ဘာလှည့်ခရီးသည်တွေ

အမြောက်အမြားသွားလေ့ရှိတဲ့

ရဲတိုက်ကြီးတွေ

ပင်လယ်ကမ်းခြေတွေ

စိတ်အပန်းဖြေနေရာတွေတဲ့လား၊

ပုဂံ၊ ပုပ္ပားနဲ့

ဧရာဝတီမြစ်ကမ်းဘေးမှာလောက်

ငါ့စိတ်အမောတွေကို မပြေစေပါဘူးကွာ။


လန်ဒန် သိမ်းမြစ်တလျှောက်က

အပျော်စီးသဘောင်္ငယ်လေးတဲ့လား၊

အင်းလေးရေပြင်ကျယ်ကို

ဖြတ်သန်းသွားတဲ့

ရွံ့အလိမ်းလိမ်း

မော်တော်ဘုတ်ငယ်လေးလောက်

ငါ့စိတ်ကို မဆွဲဆောင်နိုင်ပါဘူးကွာ။


တောင်ပေါ်လမ်းအတိုင်း

ကွေ့ပတ်သွားနေတဲ့

ရထားကြီးတဲ့လား၊

သာစည်- ရွှေညောင်လမ်းလေးပေါ်မှာ

လွန်းထိုးပြီးတက်နေတဲ့

ရထားအိုကြီးလောက်

ဇွဲလုံ့လ မရှိပါဘူးကွာ။


တဖွဲဖွဲကျနေတဲ့

နှင်းပွင့်လေးတွေတဲ့လား၊

ရှမ်းတောင်တန်းကြီးတွေပေါ်မှာကျတဲ့

နှင်းစက်လေးတွေလောက်

မြတ်နိုးစရာ မကောင်းပါဘူးကွာ။


ကမ္ဘာ့အဆင့်မီ တက္ကသိုလ်၊ ကောလိပ်

စာသင်ခန်းတွေထဲက

စာသင်သားတွေရဲ့

ပညာလိုချင်တောင့်တစိတ်တဲ့လား၊

ဓနိမိုးထရံကာ

စာသင်ကျောင်းလေးတခုဆီကို

မိုင်ချီခရီးလျှောက်လာကြရတဲ့

ငါ့တပည့်လေးတွေရဲ့

ပညာငတ်မွတ်တောင့်တစိတ်ကို

မှီမယ် မထင်ပါဘူးကွာ။


ဘာသာစကားမျိုးစုံနဲ့

သိန်းသန်းချီသော စာအုပ်စုံကို

သိမ်းဆည်းထားတဲ့

စာကြည့်တိုက်ကြီးတဲ့လား၊

ထောင်ဂဏာန်းသာရှိပေမယ့်

မြန်မာစာနဲ့ စာအုပ်စုံရှိနေတဲ့

လမ်းထိပ်စာအုပ်အငှားဆိုင်လေးလောက်

ကြီးကျယ်ခမ်းနားမှု မရှိပါဘူးကွာ။


တန်ဖိုးမြင့်မားတဲ့

ဧည့်ခန်းအလှဆင်

ကြွေပန်းကန်ကြီးတွေတဲ့လား၊

ကတ်ထူပြားလေးနဲ့ လုပ်ထားတဲ့

ရွှေဇီးကွက်ရုပ်လေးတွေ၊

ပစ်တိုင်းထောင်လေးတွေ၊

၀၀တုတ်တုတ် ဖိုးဝရုပ်ကြီးတွေလောက်

ငါ့မျက်လုံးထဲမှာ

မလှပါဘူးကွာ။


သြော်- အခြေအနေမျိုးစုံ

အကြောင်းစုံတွေကြောင့်

မွေးဖွားရာအမိမြေနဲ့

ကွဲကွာနေရပေမယ့်

ငါ့ကိုယ်ထဲမှာ

စီးဆင်းနေတာက

မြန်မာ့သွေး၊

ငါ့ရင်ဘတ်ထဲက

နှလုံးသားအစုံက

မြန်မာ့နှလုံးသား၊

ငါ့စိတ်ဓာတ်က

မြန်မာ့စိတ်ဓာတ်

ငါချစ်တာက မြန်မာပြည်၊

ငါမြတ်နိုးတာက မြန်မာစာ၊

ငါပြောချင်တာက မြန်မာစကား၊

ငါတန်ဖိုးထားတာက မြန်မာ့မြေ၊

ဘယ်အရာကမှ

တားဆီးဖယ်ရှားလို့

မရတာက

" ငါဟာမြန်မာ"


ခင်မမမျိုး (၁၄၊ ၁၊ ၂၀၁၂)


8 comments :

Anonymous said...

B E A U T I F U L M Y A N M A R.
YES. I HAVE BEEN TOLD, BURMA IS SO BEAUTIFUL. BOTH IN SIDE AND OUT.
WAIT FOR ME, I WILL BE THERE, AGAIN.

Anonymous said...

So great. That's our golden spirit.

Bo Bo said...

Yes ,we are always Burmese.Good poem.

Anonymous said...

Yes ,we are always Burmese.Good poem.

ppdict said...

ပလီပလာတွေကွာ
အဲဒီလောက်ချစ်ရင် မြန်မာပြည်ပြန်နေပေါ့
ဘယ်သူကမနေ နဲ့ လို့ ပြောလို့ တုန်း
ကိုယ်ပလီပလာလုပ်တာလူတွေသိကုန်ပြီ
မရှက်ဘူးလား။

Anonymous said...

Blogger plitikprizner said...

ပလီပလာတွေကွာ
အဲဒီလောက်ချစ်ရင် မြန်မာပြည်ပြန်နေပေါ့
ဘယ်သူကမနေ နဲ့ လို့ ပြောလို့ တုန်း
ကိုယ်ပလီပလာလုပ်တာလူတွေသိကုန်ပြီ
မရှက်ဘူးလား။

Every body have their own reasons and rights, base upon the Political, Economy and Education situations in Burma. Don't be a narrow minded by telling, go stay back. Tell me, Will you be finding your way up( with the society or individually) base upon those situations or will you just shouting and suffering your self and blaming others? Used your brain, Duh....!

Anonymous said...

I love this poem and hit to my heart ....That's why , i didn't convert citizenship .Although there are not so good infrastructure in our country , i still love my motherland too much ...

Anonymous said...

YOU ARE RIGHT, HE IS LEFT,
I AM IN THE MIDDLE.