ဦးရွှေ
တော်လှန်ရေးကာလအတွင်းမှာ ကျနော် သက်ကြီးရွယ်အို အဖိုးတွေကို ကြုံ့တွေ့ခဲ့ရတယ်။ အထူးသဖြင့် ဦးလေးဦးရွှေ၊ ဦးမာဃ၊ ဦး ၀င်းမောင်၊ ဦးအောင်စိန် ( ယမတော) ၊ အဘ ဦးစိန်သီး၊ ဗိုလ်ကြီးစိုးမင်း၊ အဘ ဦးစိုးထွတ် တို့ အကြောင်းဖြစ်တယ်။
သူတို့ အပေါ်မှာကျနော် ဆပ်ရမဲ့ကျေးဇူးတွေရှိနေတယ်။ သူတို့အတွက် ဘာမှမယ်မယ်ရရ မလုပ်ပေးနိင်သေးလို့ စိတ်ထဲမှာမကောင်းဘူး။ သူတို့အကြောင်းကိုကျနော်ပြောပြမယ်။
ပထမဆုံးကြုံတွေ့ခဲ့ရတဲ့အဖိုးကြီးကတော့ ဦးရွှေဖြစ်တယ်။ ဦးရွှေ ဆိုတာက ဗကသ အမှုဆောင်တဦးဖြစ်တဲ့ ကိုသူရိန်ရဲ့ အဖေပါ။ ကျနော်တို့ ပေါ်ဦးတို့ကို တူလိုသားလိုချစ်တဲ့အဖိုးကြီး။ အထူးသဖြင့် သူက ကျနော်ကို အတော်သံယောဇဉ်ရှိတယ်။ ၁၉၈၈ခုနစ်မတ်လ ကျောင်းသားလှုပ်ရှားမှုနဲ့ ဇွန်လကျောင်းသားလှုပ်ရှားမှု အပြီးမှာ ကျနော်နာမည်ထွက် ခဲ့တယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ အဓိပတိလမ်းမ တရားဟောစင်မြင့် ပေါ်မှာ ကျနော်ဟောခဲ့တဲ့ မိန့်ခွန်းက ပေါက်တယ်ပေါ့ဗျာ။ အပေါက်ကောင်းတော့ ပြေးရတယ်ဗျို့။ တရားပွဲပြီးလို့ အိမ်ကိုပြန်မယ်လုပ်တော့လမ်းထိပ် မှာသူငယ်ချင်းတယောက်က ပြေးလာပြီး မိုးသီးရေ မင်းဒိုးတော့ မင်းအိမ်မှာ စသုံးလုံးတွေရောက်နေပြီလို့အမောတကောနဲ့ လာပြောသဗျ။
ကျနော်လည်း ချာကနည်း လှည်ပြေးတော့တာပေါ့။ ထောက်လှမ်းရေးတွေက ကျနော်ကို မတွေ့တော့ ကျနော်ညီ အငယ်ဆုံး ကိုစိုးကို ဆွဲသွားတော့တာပဲ။ ကျနော်လည်း သူငယ်ချင်း အိမ်တွေမှာ တအိမ်ဆင်း တအိမ်တက် လှည့်ပြေးပုန်းလိုက်တာ။ ဇွန် လနဲ့ ဇူလိုင်လ အထိဆိုပါစို့။
ပုန်းနေရာကနေ ကျနော်က ဗကသ ကြေညာချက်တွေကိုဆက်ထုတ်နေတယ်။ ရဲဘော်တွေက ဖြန့်ချီပေးကြ တယ်။ ဇူလိုင်လထဲရောက်တော့ သူရိန်က ကျနော်ပုန်းနေတဲ့မြို့ထဲကို လာပြီးဆက်သွယ်တယ်။ သုက သင်္ကန်းကျွန်းမှာ ပြန်လာနေဖို့ခေါ်တာ။ သူအိမ်မှာ ပုန်းဖို့ဖိတ်ခေါ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုပြီးတော့ ရဲဘော်တွေနဲ့ နီးနီးကပ်ကပ် တွေ့နိုင်တယ်။ တိုင်ပင်နိုင်ကြတယ်။
ဒါနဲ့ သူရိန်အစီအစဉ်နဲ့ သူတို့အိမ်မှာ ကျနော်ပုန်းနေလိုက်တယ်။ ဒီမှာတင် သူအဖေကြီးဦးရွှေနဲ့ ရင်းနှီးရ တော့တယ်။ သူက အရပ်ကထောင်ထောင် မောင်းမောင်း အသားညိုတယ်။ ပိန်ပိန်ပါးပါ။ သူရိန်လို လူကောင် မညှက်ဘူး။ ခင်ဖို့ အတော်ကောင်းတယ်။ ကျနော်က သူ့ကိုဦးလေးလို့ခေါ်တယ်။
ကိုသူရိန်အိမ်တို့မှာ ကျနော်နေတုံးမှာ ကျနော်တို့ထုတ်ဝေတဲ့ စာစောင်တွေ ကြေညာချက်တွေကို တနေ့လုံး လိုက်လံ ဖြန့်ဝေပေးတယ်။ မနက်မိုးလင်းတာနဲ့ အဖိုးကြီးက လွယ်အိတ်တလုံးနဲ့ ထွက်သွားတော့တာပဲ။ ညနေ မိုးချုပ်မှ ပြန်လာတယ်။ ကျနော်ကသူအတွက်စိတ်ပူနေတယ်။
အဲဒီအချိန်မှာ ဇူလိုင်လ ဆိုတော့ ပြောက်ကျားသပိတ်တွေ ကိုကျနော်တို့ အဆက်မပြတ်ဆင်နွဲနေတဲ့အချိန်ပေါ့။ ပြောက်ကျားသပိတ် တိုက်ပွဲတွေမှာ အကသ ကျောင်းသားလေးတွေကို အထူးချီးကျူးဂုဏ်ပြုပါတယ်။ စာတွေဝေကြတယ်။ ပိုစတာတွေကပ်ကြတယ်။ ဒီကလေးတွေကြားထဲမှာ အိုကြီးအိုမနဲ့ လျို့ဝှက်စာတွေကို လိုက်လံဝေနေတာကတော့ ဦးရွှေပဲ။
သူက နိင်ငံရေးအသိုင်းဝိုင်းက လူုကြီးတွေနဲ့ လည်းရင်းနှီးတယ်။ ဦးတင်ဦးနဲ့ ကျနော်က သွားတွေ့ခိုင်းပြီး ကျောင်းသား လှုပ်ရှားမှု နဲ့ ရှေ့လုပ်မဲ့ အထွေထွေသပိတ်ကြီး အစီအစဉ်တွေကို ဦးတင်ဦးကို သွားဆွေးနွေး ခိုင်းတယ်။ ဦးတင်ဦးရဲ့ သဘောထားတွေကို ကျနော်တို့က သိချင်နေတယ်။ သူက ဦးတင်ဦးနဲ့ သွားတွေ့ပြီး ဆွေးနွေးပေးတယ်။ သူပြန်လာတော့ မိုးသီးရေ သတင်းကောင်းကွ။ ဦးတင်ဦးက ပြောတယ်။ မင်းတို့လှုပ်ရှားမှုကို ထောက်ခံတယ်လို့ ပြောတယ်။ အရေးကြုံလာပါက အဆင်သင့်ရှိစေရပါမယ်လို့ ပြောတယ်ကွ။
ကျနော်ဖြင့် ၀မ်းသာ လိုက်တယ်။ လှုပ်ရှားမှုက ကျနော်တို့ ကျောင်းသားချည်း သက်သက်ဖြစ်နေချိန်မှာ ခုလို လူကြီးပိုင်းက ပါပါဝင်မယ်လို့ စကားက အတိုင်းထက်အလွန်ပါပဲ။ ဦးလေးဦးရွှေက နောက်ပိုင်းမှာ ကျနော်တို့ ရဲ့ ၈လေးလုံး လှုပ်ရှားမှုကြီးလုပ်တဲ့မဲ့ အစီအစဉ်တွေကို စာပေအသိုင်းဝိုင်းက လူတွေအထိပါ လိုက်လံဆွေးနွေးပေး ပါတယ်။ စာရေးဆရာ မောင်ကိုယု ကို လည်းသူပဲဆွေးနွေးပေးခဲ့တယ်။ သူအိမ်မှာနေတုံးမှာ စားဝတ်နေရေး ကိစ္စတွေကိုလည်း သူကပဲ ဖြေရှင်းပေးတဲ့အတွက် ကျနော်တို့ အဆင်ပြေနေတယ်။ နောက်တော့ ကျနော်တို့ ထဲက လှုပ်ရှားတဲ့သူတွေ အိမ်တွေကိုပြန်လို့ မရတဲ့အခြေအနေ တစတစများလာတော့ သူအိမ်မှာ ၅ယောက် ၆ ယောက်လောက်အထိဖြစ်လာတယ်။ ဒါကိုသူက မငြိုမငြင် ဖွက်ပေးထားခဲ့တယ်။ ကျွေးမွေးစောင့်ရှောက်ခဲ့သဗျ။
ကျနော်တို့ ဇူလိုင်လတလျှောက်လုံး ဦးလေးဦးရွှေအားကိုးနဲ့ အဆက်မပြတ် တိုက်ပွဲဆင်လာလိုက်တာ နောက်ဆုံး တော့ ၈လေးလုံးလှုပ်ရှားမှုကြီးဟာ မျက်ဝါးဝါးထင်ထင် ဖြစ်လာတော့တာပဲ။ ကျနော်တို့ ၉ ရက်နေ့ချီတက်ပွဲ မှာ သူရိန်နဲ့ ကိုသက်ထွန်းအဖမ်းခံရတယ်။ ကျနော်တို့ ချီတက်လာတဲ့ စစ်ကြောင်းက ဗဟန်းကြားတော့ရမှာ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းတာကို ခံရတယ်။ ကျနော်တို့ထွက်ပြေးရတယ်။ ကျနော် သူရိန်တို့အိမ်ကို ပြန်လို့မရဖြစ်သွားတယ်။ တမြို့လုံးမှာစစ်သားတွေ ပစ်ခတ်နေတယ်။ ခေါင်းဆောင်တွေကိုလိုက်ဖမ်းနေလို့ ကျနော်ကန်တော်လေးက ရပ်ကွက်ထဲမှာ တညလုံးလမ်းတွေထဲမှာလျှောက်ပြေးပုန်း နေရတယ်။
တမြို့လုံး ညသန်းခေါင်အထိ သေနတ်သံတွေကို ကြားနေရတယ်။ ရန်ကုန်မြို့ကို ပတ်ပျံနေတဲ့ လေယာဉ်သံကို လည်းကြားနေရတယ်။ မနက်ကျမှာ သူရိန်တို့ အိမ်ကိုပြန်ရောက်တယ်။ သူရိန်သေပြီဆိုတဲ့ သတင်းက ရောက်လာတယ်။သူမိသားစုတွေ ငိုကြတယ်။ ဦးလေးက လေးလေးနက်နက် စဉ်းစားနေတယ်။ အားလုံး စိတ်မကောင်းကြဘူး။ နောက်တပတ် လောက်ကြာတော့မှ ဖမ်းထားတဲ့သူတွေကို လွှတ်ပေးမှ သူရိန်မသေမှန်း သိကြတော့ ကျနော်တို့ ၀မ်းသာကြတယ်။
သူအိမ်လည်း ကျနော်တို့ စားစာရိတ်၊ခရီးစာရိတ်နဲ့ စာရွက်စာတမ်းဖို့တွေကို အိပ်က စိုက်ထုတ်လာရတာ များတော့ စီးပွားရေးပါ ထိခိုက်လာတယ်လေ။ ဒါပေမဲ့ ဦးလေးက မငြိုငြင်ခဲ့ပါဘူး။ စစ်တပ်ကအာဏာသိမ်းတယ်။ ပါတီတွေ တည်ထောင်ခွင့် ပြုတယ်။ကျနော် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့တယ်။ ကျနော့်ကို နောက်ဆုံး လိုက်ဖမ်းတော့ လက်နက်ကိုင်တော်လှန်ရေးဖက်ကို ကူးပြောင်းခဲ့တယ်။ သူနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ကျနော် တောထဲရောက်ပြီး ၄နစ်လောက်မှာ ဦးလေးဦးရွှေ ကွယ်လွန် သွားတယ်။
သူ့ကို ကျနော် နောက်ဆုံး တွေခဲ့တာကတော့ သူအိမ်မှာ ကျနော်က လက်နက်ကိုင်တော်လှန်ရေးဖက်ကို
ကူးပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီ။ သူကိုတော့မပြောပြခဲ့ပါဘူး။ ကျနော် လေးလေးနက်နက် ဖြစ်နေတဲ့အတွက် ဦးလေးက စကားသိပ်မပြောရှာပါဘူး။ ကျနော်ပြန်ခါနီး မှာ ဦးလေးကို နှုတ်ဆက်တယ်။ သူကနေဦး ဆိုပြီး အခန်းထဲကို ထ၀င်သွားတယ်။ ပြီးတော့ သူရဲ့ တိုက်ပုံအကျီတပတ်နွမ်းကို ကျနော့်ကိုပေးတယ်။ ရော့ မင်းနဲ့တော့ တော်မယ်ကွ။ အစည်းဝေးတွေရှိရင် ၀တ်ရတာပေါ့ လို့ပြောပြီး သူရဲ့ တိုက်ပုံအကျီ တပတ်နွမ်းကို ကျနော့်ကို ပေးတယ်။
ကျနော်တိုက်ပုံကို ယူပြီးပြန်လာခဲ့တယ်။ ဒါသူ့ကို ကျနော် နောက်ဆုံးတွေ့လိုက်ရတာပဲ။
ဦးလေး ကောင်းရာသုဂတိလားပါစေ။
Sunday, 9 September 2007
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment