Friday, 14 September 2007
စီးပွားရေး စကား၊နိုင်ငံရေး စကား
ဓါတ်ဆီဈေးနှုန်းတွေတက်လိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ တပြည်လုံး အတိုင်းအတာနဲ့ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တာ ၂ပတ်ကျော်သွားပြီ။ ဓါတ်ဆီဈေးတက်လာတဲ့ ကုန်ဈေးနှုန်းတွေကလည်း ဆက်တိုက်တက်လာတော့မယ်။ ဒါဆိုလူထုက ပိုပြီးစီးပွားရေးအရ ပိုပြီးကြပ်တည်းလာမယ်။ အထွေထွေ စီးပွားရေး အကျပ်ဆိုက်မှုကြီးက စစ်အစိုးအာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကြီးကို တစတစဦးတည်လာနေပြီ။
လက်ရှိမြန်မာပြည် အခြေအနေဟာ ပိုလန်မှာ ၁၉၈၀ ၀န်းကျင်က ဖြစ်တဲ့အခြေအနေနဲ့ တူနေပါတယ်။ စစ်အေးကာလတလျှောက်လုံးမှာ ကွန်မြူနစ်ဆိုရှယ်လစ်အစိုးရတွေဟာ စီးပွားရေးကို နိင်ငံတော်ကနေ ချုပ်ကိုင်ထားတယ်။ ( စီးပွားရေး ပညာအရပြောရင် ဈေးကွက်ကို အစိုးရက လက်ဝါးကြီးအုပ်ထားတာ။ ) ။ ဒီတော့ ဈေးနှုန်းတွေကို အစိုးရက သတ်မှတ်တယ်။
စီးပွားရေးပညာအရ ဈေးနှုန်းကို ဈေးကွက် ရဲ့ ၀ယ်လိုအားDemand နဲ့ ထုတ်လုပ်မှု Supply က မျှခြေဟာ ဈေးနှုန်းကို သတ်မှတ်ပေးနေတာ ဖြစ်တယ်။ ဒါပေမဲ့ စစ်အေးကာလက ဆိုရှယ်လစ် ကွန်မြူစနစ်အစိုးရတွေဟာ ကုန်ဈေးနှုန်းကို မထိန်းတတ်ကြဘူး။ ဈေးနှုန်းကို တည်ငြိမ်အောင် အများဆုံး အသုံးပြုခဲ့တဲ့ နည်းကတော့ Subsidy လုပ်ပြီးထိန်းလာခဲ့ကြရ တယ်။
Subsidy ဆိုတာ အရှုံးခံရောင်းရတာဖြစ်တယ်။ အစိုးရက ငွေကိုစိုက်ပြီး အရှုံးခံလာ လိုက်ကြတာ နောက်ဆုံးမှာ မစိုက်နိုင်တော့တဲ့ အခြေအနေကို ပိုလန်ကွန်မြူနစ်အစိုးရက ရင်ဆိုင်လာရတယ်။ ဒီတော့ ဈေးနှုန်းတွေကို မတက်ချင်ပဲ တက်လိုက်ရတော့တယ်။ ဒီတုံးက ပေါင်မုန့်ကနေ အိမ်သာသုံးစက္ကူအထိ ဈေးတက်တယ်။ လူတွေ မသုံးစွဲနိင်တော့ဘူး။ ဒီတော့ လီနက် သဘောင်္ကျင်းက အလုပ်သမား တွေက စလိုက်တဲ့သပိတ်ဟာ ပိုလန်အစိုးရကို ပြုတ်ကျ သွားစေခဲ့တယ်။
ဒီနေ့လည်း စစ်အစိုးရက အလားတူပြသနာကိုရင်ဆိုင်လာရတော့တယ်။ အစဉ်အလာအားဖြင့် မဆလ နအဖ အစိုးရတွေက ဓါတ်ဆီကို Subsidy လုပ်နေခဲ့ကြတယ်။ ကမ္ဘာပေါက်ဈေး က ၀ယ်ပြီး ပြည်တွင်း မှာအရှုံးခံ ရောင်းပေးလာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ပြီ။ ဒီတော့ အစိုးရ၀န်ထမ်းတွေထဲက ကားရှိတဲ့အရာရှိတွေက တနေ့ကို ဓါတ်ဆီ ၄ ဂါလံရရင် တဂါလံကိုသုံး ၃ ဂါလံကို ရောင်းစားနဲ့ အသက်ဆက် လာတာ နစ်ပေါင်း ၄၀ ကျော်ပြီ။ တနည်းအားဖြင့် မဆလ နအဖ ထိပ်ပိုင်း လူတွေကလည်း ခိုးစားတယ်။ အရာရှိတွေကိုလည်း တရားဝင် ဓါတ်ဆီ ကနေခိုးရာပါ ဝေစုကို ပေးစားလာခဲ့ကြတာ နစ်ပေါင်း ၄၀ ကျော်လာပြီ။ ဒီနေ့မှာတော့ ပြသနာကို ရင်ဆိုင်လာကြရပြီ။ အစိုးရ၀န်ထမ်း ( စစ်တပ်က အရာရှိ၊ အစိုးရ ထိပ်ပိုင်းအရာရှိ၊ ရဲချုပ်များ ) ဝေစုကို ကျေနပ်အောင်ခွဲပေးဖို့လိုနေသေးတယ်။ ဒီတော့ ဓါတ်ဆီဈေးတက်လိုက်ရတယ်။ ဓါတ်ဆီဈေးကို အရင်ကလို အိပ်စိုက် မပေးနိင်တော့ဘူး။
ဒေါက်တာ မောင်မြင့်က မြန်မာလူထုတွေဟာ အရှေ့တောင်အာရှမှာ ၀င်ငွေအနိမ်ဆုံး ၀င်သူတွေ ဖြစ်တဲ့အတွက် ဈေးနှုန်းမြင့်တက်မှုကို ခံနိင်ရည်မရှိဘူးလို့ ထောက်ပြထားတယ်။ ဓါတ်ဆီဈေးတက်လာရင် တခြား ကုန်ပစ္စည်းတွေလည်း လိုက်တက်လာတာ သဘာဝဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုနဲ့ ဖြန့်ချီမှုဟာ လောင်စာပေါ်မှာ မှီခိုနေရလို့ဖြစ်တယ်။ ဓါတ်ဆီဈေးနှုန်းက ကမ္ဘာပေါက်ဈေး ဖြစ်နေရင်၊ ကုန်ပစ္စည်းတွေ ပေါက်ဈေးကလည်း ကမ္ဘာပေါက်ဈေးအတိုင်းပဲ ဖြစ်လာမယ်။ အခြေခံ စားကုန်ဈေးနှုန်းတွေ ဆက်တိုက်တက်လာမယ်။ အမေရိကန် လူမျိုးတယောက်ရဲ့ ၀င်ငွေက တနှစ်ကို အနည်းဆုံး ဒေါ်လာ သုံးသောင်းခွဲ။ မြန်မာတဦးဝင်ငွေက တနှစ်ကို ဒေါ်လာနှစ်ရာအောက် ဖြစ်နေတယ်။ဒီတော့ မြန်မာတွေ ဘာကိုစားပြီး ဘယ်လိုအသက်ရှင်ကြမလဲဆိုတာ မစဉ်းစားရဲဘူး။
ဓါတ်ဆီဈေးတက်တာဟာ ဆန်းတဲ့ကိစ္စမဟုတ်ဘူး။ ၁၉၉၀ ၀န်းကျင်က အာရှစီးပွားရေး အကျပ်ဆိုက်မှု ဖြစ်ခဲ့တယ်။ ထိုင်းက ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်တို့က ငွေချေးခဲ့ရတယ်။ ဒီတော့ မြီရှင်အဖွဲ့အစည်းတွေက သူတို့ ထိုင်းကိုချေးထားတဲ့ငွေတွေ သေချာပေါက် ပြန်ရအောင် စီမံချက်တွေ စီးပွားရေးဆိုင်ရာ စည်းကမ်းချက် အသစ်တွေကို ရေးဆွဲလာတော့ တယ်။
ဒီထဲမှာ ဓါတ်ဆီဈေး တက်ခိုင်းတာလည်းပါတယ်။ မူလပေါက်ဈေးထက် တက်ရောင်းခိုင်းတယ်။ ဈေးတက်တော့ အစိုးရက ငွေပိုရလာတယ်။ ဒီငွေပိုရလာမှ မြီရှင်နိင်ငံတွေကို သေချာပေါက်ပြန်ဆပ်လာနိုင်တာပေါ့။ ထိုင်းနိုင်ငံက ဈေးတက်ခဲ့တယ်။ ဓါတ်ဆီဈေးတက်လို့ ပြသနာမဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လည်း။ ထိုင်းနိုင်ငံရဲ့ ဈေးကွက် ဟာ အလွန်ကို ခိုင်မာနေတယ်။ ဓါတ်ဆီဈေး တက်လာတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိနေတယ်။
မြန်မာပြည်မှာကတော့ ခံနိုင်ရည်မရှိသလောက် ဖြစ်နေတယ်။ ဈေးကွက်တခုလုံးက ပျက်စီးနေတယ်။ တံခါးဖွင့် ဈေးကွက် စီးပွားရေးစနစ်ကို စစ်အစိုးရက သွားမယ်လို့ လေသံကောင်း ဟစ်နေပေမဲ့ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတယ်။ ဒီဒဏ်ကို အခုတော့ စစ်အစိုးရရော လူထုပါ ခံနေရတယ်။ ဓါတ်ဆီဈေးတက်လာရင် တခြား ကုန်ပစ္စည်းတွေကလည်း လိုက်တက်လာတော့မှာ ဖြစ်တယ်။
မြန်မာ ပြည်လောင်စာထုတ်လှုပ်မှုနဲ့ စားသုံးမှု အခြေအနေ
စီအိုင်အေ ၀က်ဆိုက် မှာ မြန်မာနိုင်ငံ လောင်စာထုတ်လုပ်မှုနဲ့ စားသုံးမှု ကိုခန့်မှန်းတွက်ချက် ထားချက်အရ -
၁) Oil Production Total-9500 bbl/day Year 2006
၂) Oil Consumption Total-20,460 bbl/day Year 2006
၃) Oil Export Total-5,000 bbl/day Year(2006 est..)
၎) Oil Inport Total-19,180 bbl/day Year(2004 est..)
၅) Oil Reserve Total- less than 50 million bbl Year(1st Jan 2005)
အထက်ဖေါ်ပြပါ ဇယားအရ တွေ့ရတယ်။ ဒီဇယားအရ မြန်မာပြည်က ရေနံထွက်တယ်။ ထွက်တာက ရေနံစိမ်း၊ ရေနံ ကိုမသန့်စင်နိုင်ဘူး။ ဒီတော့ ရေနံစိမ်းအတိုင်း ရောင်းတယ်။ ပြန်ဝယ်သုံးရတာက တနေ့ကို ၁၉၁၈၀ စည်ရှိတယ်လို့ သိရတယ်။ တစည်မှာ ၄၈ ဂါလံပါတယ်။ ဒီတော့ ဂါလံပေါင်း ၉၂၀၆၄၀ ဂါလံ သုံးစွဲမယ်လို့ ခန့်မှန်းနိင်ပါတယ်။ ၂၀၀၄ ခုနစ်အထိ စစ်အစိုးရအနေနဲ့ တနေ့ကို ဒေါ်လာ ၉၂၀၆၄၀ ခန့် Subsidy လုပ်နေရမဲ့ သဘောရှိတယ်။ တနေ့ကိုလောင်စာအတွက် ဒေါ်လာ တသန်းနီးပါးရှုံးနေရမယ်။ တလဆိုရင် သန်း၃၀ ရှုံးမယ်။ တနှစ်ကို သန်း ၃၆၀ ခန့်သုံးစွဲရမယ်။
စစ်အစိုးရအနေနဲ့ နိင်ငံခြားဝင်ငွေရနေတဲ့ လမ်းကြောင်းတခုရှိနေတယ်။ ဒါကတော့ သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားရောင်းရတဲ့ နေရရာက ရတဲ့ဝင်ငွေ။ ၂၀၀၆ခုနစ်က ထိုင်းတနိုင်ငံတည်းကို ဓါတ်ငွေ့ရောင်းချမှုက ဒေါ်လာ ၂ ဘီလီယံရထားပါတယ်။ ဒါဆိုရင် အစိုးရက Subsidy လုပ်နိင်ပါတယ်။ ဘာကြောင့် စစ်အစိုးရက လူထုအတွက် မသုံးစွဲတော့တာလည်းဆိုတာ မေးစရာဖြစ်နေပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေက စစ်အစိုးရဟာ ပျဉ်မနားမြို့တော် တည်ဆောက်ရေးအတွက် ဒလဟောသုံးစွဲခဲ့တယ်။နောက်ပြီးတော့ ရတနာပုံဆိုတဲ့ မြို့ကို ထပ်မံတည်ဆောက် နေပြန်တယ်လို့ သိရတယ်။ ဒီအတွက် ငွေတွေသုံးစွဲဖို့ လိုအပ် နေပြန်ပါတယ်။ ဒီတော့ လူထုအတွက် သယ်ယူပို့ဆောင်ရေး လျှပ်စစ်မီး မှန်မှန်လာအောင် သုံးရမဲ့လောင်စာ အတွက်တော့ သုံးစရာငွေမရှိဘူးဖြစ်နေတယ်။
ဆောက်လေရှုံးလေ
အဆောက်အဦးများဆောက်ခြင်းကြောင့် စီးပွားတက်နိုင်သလို စီးပွားလည်းပျက်နိုင်ပါတယ်။
စီးပွားပျက်နိုင်တာကတော့ အဆောက်ဦးတွေက ၀င်ငွေကို ပြန်မရှာပေးနိုင်တဲ့အခါမှာ စီးပွားပျက်စေပါတယ်။ ကျနော်မျက်စိရှေ့မှာ စီးပွားပျက်ကပ်ကိုကြုံလိုက်ရတဲ့ နိုင်ငံက ထိုင်းနိုင်ငံဖြစ်ပါတယ်။ ၁၉၉၀ ၀န်းကျင်လောက်မှာ ကျနော်တို့ ထိုင်းနိင်ငံထဲမှာ လှုပ်ရှားသွားလာ နေစဉ်က ထိုင်းနိုင်ငံထဲမှာ မြို့သစ်တွေ၊ အိမ်တွေ သန်းနဲ့ချီ ပေါ်ပေါက်လာတာကို မြင်နေရပါတယ်။ တောထဲကိုတခါဆင်းပြီး နောက် လအနည်းငယ်မှာ ထိုင်းနိင်ငံဖက်ကို ပြန်တက်လာတဲ့အခါမှာ မြို့သစ်တခုပေါ်နေပါတယ်။ ဧရာမ အဆောက်အဦးကြီး တခု တည်ဆောက်ပြီး နေတာကို တွေ့ရပါတယ်။ ဒီတော့လူတွေက ထိုင်းတွေ စီးပွားတက်လှချည်လားလို့ ထင်လာတယ်။
တကယ်က ထိုင်းနိင်ငံနိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေ ပေါင်းပြီး လုပ်စားနေကြတာဖြစ်ပါတယ်။ ဘဏ်တွေက ငွေချေးပေးတယ်။ ဒီတော့ စီးပွားရေးသမားတွေက အိမ်တွေ အဆောက်အဦးတွေကို ဆောက်ကြတယ်။ အများစု ငှားစားဖို့အကြံနဲ့ပါ။ ၁၉၈၀ လောက်က ထိုင်းစီးပွားရေး တဟုန်တိုးတက်ထားတယ်။ အိမ်ငှားစားတဲ့ စီးပွားရေးက အလွန်ကိုက်တယ်။ ကျေးလက်က လူတွေမြို့ကို လှိုင်းလုံးတွေလို လှိမ့်တက်နေတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ၊ နိုင်ငံခြား လူမှုရေး အသင်းပင်းတွေက နိုင်ငံခြားသားတွေ ထိုင်းနိင်ငံကို ခြေစုံပစ်ဝင်နေတယ်။ ဒီတော့ အိမ်တွေ နေထိုင်စရာ Apartment တွေလိုနေတယ်။
ဒါကြောင့်အိမ်ငှားတဲ့စီးပွားရေးက အရင်းကို ဖွံ့ဖြိုးတိုးတက်လာတာဖြစ်တယ်။ ဒီတော့ နောက်က စီးပွားရေး သမားတွေက မဆင်မခြင်လိုက်ပြီး အဆောက်အဦးတွေ ထပ်ဆောက်တယ်။ အပြိုင်အဆိုင် ဆောက်ကြတယ်။ ဒီတော့ ၀ယ်လိုအားထက် ထုတ်လုပ်မှုက များသွားတော့တယ်။
အိမ်ငှားမဲ့ သူတွေ (Customers)၊တွေ ထက် ၊ ငှားစားမဲ့အဆောက်အဦးတွေက (Supplier) များသွားတယ်။ အဆောက်အဦးတွေ ဆောက်ပြီးတဲ့အခါ လူမရဘူး။ ဟောင်းလောင်းတွေ ဖြစ်လာတယ်။ ဆောက်လက်စ တန်းလန်း ရပ်ကုန်တယ်။ အဆောက်အဦးတွေ ငွေပေါရင် ပြန်ဆပ်ဖို့ ရည်မှန်းထားပေမဲ့ ငွေမပေါတဲ့ အခါမှာတော့ စီးပွားရေး ပျက်သလို ဖြစ်လာကြတယ်။
အဆောက်ဦးတွေဟာ ဆောက်ခြင်းကြောင့်ပြသနာရှိတယ်။ ဒါကတော့ အဆောက်အဦး ဆောက်တဲ့အခါ ငွေ ကို သုံးစွဲလာကြတဲ့အတွက် GDP တွက်တဲ့အခါမှာ တက်လာတယ်လို့ သတ်မှတ်လို့ရတယ်။ တနည်းအားဖြင့် စီးပွားရေးတိုးတက်တယ်ပေါ့။ အဆောက်ဦးဆောက်နေတဲ့ ကာလတွေမှာ လူတွေအလုပ်ရတယ်။ အလုပ်ရှိတော့ ၀င်ငွေရှိတယ်။ သုံးနိင်စွဲနိင်ကြတယ်။ ဒါပေမဲ့ အဆောက်ဦးတွေက ဘာပြန်ပြီး ငွေရှာပေးမှာလည်း ဆိုတာက မေးခွန်းဖြစ်လာတယ်။ ရေရှည်စီးပွားရေး တွက်ကိန်းကျတော့ ဘာပဲဆောက်ဆောက် ငွေပြန်ဝင်ဖို့လိုလာတယ်။ ငွေပြန်မ၀င်ရင်ရှုံးမယ်။ ရှုံးရင် တိုင်းပြည်စီးပွားရေးကို ထိခိုက်လာတာပဲ။
ဒါကြောင့် အဆောက်အဦးဆောက်တိုင်း ဒီအဆောက်အဦးတွေက ငွေဘယ်လို ပြန်ဝင်မှာလည်း ဆိုတာကို စဉ်းစားရမယ်။
ပေါမောက္ခ ဒီဆိုတိုးရဲ့ Mystery of Capital ဆိုတဲ့စာအုပ်မှာ ဘုရားတည်တာ၊ ဗလီဆောက်တာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဆောက်တာတွေ အားလုံးဟာ ငွေအရင်းကို ထိခိုက်စေတယ်။ ဘုရားတွေ၊ဗလီတွေ၊ ဘုရားရှိခိုး ကျောင်းတွေ များလေ တိုင်းပြည်စီးပွားရေး နစ်နာလေပဲလို့ ထောက်ပြထားတယ်။ ဆင်းရဲတဲ့နိင်ငံတွေ ဆင်းရဲရတဲ့ အကြောင်းကတော့ ဒီဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ များလွန်းလို့ ထောက်ပြထားတယ်။ ဒါဟာ အဆောက်အဦး ဆောက်လုပ်မှုတွေ အပေါ်မှာ စီးပွားရေးရာ ရှုထောင့်အမြင်ပါ။
ဒီနေ့နအဖ အစိုးရကလည်း အဆောက်ဦးတွေကိုဆောက်ခဲ့ပါတယ်။ ဒါကတော့
၁)ဗိုလ်ချုပ်ခင်ညွန့်မပြုတ်မီကာလက လူတွေ အိမ်တွေကို အကြီးအကျယ်ဆောက်ကြတယ်။ ကန်ထရိုက်တိုက်တွေ ပေါ်လာတယ်။ အိမ်ခန်းဈေးတွေက အရမ်းကိုဈေးကြီးနေတယ်။ တချို့လူတွေ အိမ်ခန်းတွေကို အရစ်ကျငွေသွင်းပြီး ဆက်မပေးနိုင်တာတွေ ဖြစ်လာတယ်။
၂) နိင်ငံခြားရောက်တဲ့ မြန်မာတွေက အိမ်တွေခြံတွေကို မြန်မာပြည်မှာ ပြန်ဝယ်ကြတယ်။ ဒီတော့ အိမ်ဈေး၊ မြေဈေးတွေက မတန်တဆ ဈေးတက်လာတယ်။ ဒါပေမဲ့ ပြန်ပြီး ငွေဝင်တာမရှိဘူး။ လူတွေက ငွေကို မယုံကြည်ကြတဲ့အတွက် မြေဈေးတွေကို နင်းကန်တင်ထားကြတယ်။ ဈေးတွေက နင်းကန်တက်နေတယ်။ တကယ်တမ်း အလုပ်လည်းမဖြစ်ဘူး။ ငွေတွေမြုပ်ကုန်သလို ဖြစ်လာတယ်။ ငွေတန်ဖိုးဖေါင်းပွလာတယ်။ ကုန်ဈေးနှုန်းတွေ တက်လာပြန်တယ်။ ပိုက်ဆံရှိတဲ့သူတွေ မဆင်မခြင်မှုကြောင့် ဆင်းရဲတဲ့သူတွေအတွက် ထိခိုက်မှုဖြစ်လာတယ်။ ဒီတော့ဈေးကွက် ပျက်ဆီးအောင် လုပ်သလိုဖြစ်လာတယ်။ စီးပွားရေးကို ထိခိုက်လာတယ်။
၃) နအဖ ပျဉ်းမနားမှာမြို့သစ်ဆောက်တယ်။ ဥမင်လိုဏ် ခေါင်းတွေတူးနေတယ်။ ရတနာပုံ လို့ခေါ်တဲ့ မြို့သစ်တခုကိုလည်း ထပ်ဆောက်နေတယ်။ ဒါတွေက ဧရာမ ပရောဂျက်တွေ ငွေတွေ အသုံးပဲရှိပြီး ဘာမှရေရေရာ ပြန်မ၀င်နိင်တော့မဲ့ဟာတွေ။ ဒီတော့ အသုံးပဲရှိပြီး ပြန်မ၀င်တော့ မြန်မာ့စီးပွာရေးကို အကြီးအကျယ် ထိခိုက်စရာ ဖြစ်လာပြန်တယ်။
စစ်အစိုးရ က တဖက်လှည့်နဲ့ ဆန္ဒပြမှုတွေလုပ်နေတာလား။
နောက်တခု ဆွေးနွေးစရာရှိ တာကတော့ မြန်မာပြည်ဟာ စီးပွားရေးပြသနာတွေနဲ့ ရင်ဆိုင်လာရပြီး လူထုက မကျေနပ်မှုတွေ များလာပြီ။ ဒါကြောင့် စစ်အစိုးရက ဆူပူမှုတွေကို တဖက်လှည့်နဲ့ ဖန်တီးနေတာဖြစ်နိုင်တယ်လို့ တချို့ မိတ်ဆွေများ၊ အင်တာနက်မှာ တချို့လူငယ်များရဲ့ ဆွေးနွေးသံကို ကျနော်ကြားနေရပါတယ်။
ဒါကတော့ အတွေးခေါင်မှုတခုလို့ မြင်တယ်။ အစိုးရတိုင်းဟာ နိင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ် တတ်ကြပါတယ်။ ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်ရေးဟာ အစိုးရတိုင်း မျက်လုံးအိမ်သဖွယ် ထိမ်းသိမ်းနေရတဲ့ အချက် ဖြစ်နေလို့ပါပဲ။
တခါတရံမှာတော့ အစိုးရတွေက နိုင်ငံရေးထွက်ပေါက် အနေနဲ့ ဘာသာရေးအဓိကရုဏ်းတွေ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ရှိပါတယ်။ ၁၉၆၈ ခုနစ်က ဆန်ရှားတယ်။ ဆန်ပြတ်ပြီး လူတွေဆူမဲ့အနေထား ဖြစ်လာတယ်။ ဒီတော့ ဦးနေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရက တရုပ်ဗမာ အဓိကရုဏ်းကို ဖန် တီးခဲ့တယ်။ အဓိကရုဏ်းကို ဖန်တီးတဲ့ပုံကတော့ စစ်ထောက်လှမ်းရေးက မွေးထားတဲ့ ဘိုးတော်တင်ဦးဆိုတဲ့ သူက စတင် မီးမွေးပေးပါတယ်။ တရုပ်သံရုံးကိုသူက စတင်တိုက်ခိုက်ပြတယ်။ နောက်တော့ လူတွေ ပါလာတယ်။ စစ်တပ်က ၀င်ထိန်းတယ်ပေါ့။
၁၉၈၈ခုနစ်မှာ အထွေထွေလူထုအုံကြွမှု ကြီးဖြစ်ခါနီးမှာ မဆလက မူစလင်နဲ့ ဗုဒဘာသာ အဓိကရုဏ်းကို ဖန်တီးခဲ့သေးတယ်။ ဒီလောက်တော့ပြန့်နှံမသွားဘူး။ ဗကသနဲ့ မူစလင် လူကြီးတွေက ကြေညာချက်တွေ ထုတ်ပြန်ပြီး နီးစပ်ရာကိုတားဆီးခဲ့ကြပါတယ်။ သိပ်တော့ အကျယ်ပြန့်ကြီး မဟုတ်ပေမဲ့ မူအရ လက်မခံဘူး ဆိုတာကို ချပြနိင်ခဲ့ပါတယ်။ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှု လမ်းကြောင်းကိုပဲ ကျနော်တို့ ဟောပြောခဲ့ စည်းရုံးခဲ့ကြတယ်။
ဒီလို ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေကိုကို စစ်အစိုးရတွေကဖန်တီးလေ့ရှိပေမဲ့ တပြည်လုံး အတိုင်းအတာ ဆောင်နိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ မဖန်တီးရဲကြပါဘူး။
အခုဖြစ်နေတဲ့ ဓါတ်ဆီဈေးနှုန်းတက်လာမှုအပေါ် ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို
ကြိုတင် တာဆီးနိုင်ဖို့အတွက် နိုင်ငံရေးအရ အဖြေရှာမှုလိုတယ်။ ဒါကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြားဒီမိုကရေစီကို လိုလားတဲ့ သူတွေက အရေးဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီနောက်ကွယ်မှာ စစ်အစိုးရက မပါဘူး။
လှုပ်ရှားမှုမှန်သမျှကို သေးသေးကြီးကြီး ကျနော်တို့ဆက်လုပ်ရမှာပါပဲ။
မိုးသီးဇွန်
စက်တင်ဘာ ၁၁၊ ၂၀၀၇
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment