Thursday, 20 December 2007

အရှုပ်တွေ လုပ်နေသည့် မင်းတြားကြီး
ကိုစိုး | ဒီဇင်ဘာ ၂၀၊ ၂၀၀၇

အိုလာပြီဖြစ်သည့် စစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုသီတင်းပတ်တခုလုံး နေ့မအားညမနား ဖြစ်နေပုံ ရသည်။

လွန်ခဲ့သော သီတင်းပတ်အတွင်းမှ ယနေ့အထိ အစိုးရ သတင်းစာများတွင် စစ်ခေါင်းဆောင်အိုကြီး၏ ဆောင်ရွက်ချက် လုပ်ငန်းစဉ်များအား ဆက်တိုက်ဖော်ပြနေသည်ကို စိတ်ဝင်တစားတွေ့ရှိနေရ၏။

အသက် (၇၀) ကျော် (၈၀) အတွင်းရောက်ရှိနေသည့် စစ်ခေါင်းဆောင် အိုကြီး၏ ဗိုလ်လောင်းသင်တန်းဆင်း အခမ်းအနား များတွင် လိုအပ်သည်များကို မိန့်ခွန်းခြွေ မှာကြားခြင်း၊ မေမြို့(ယခု စစ်အစိုးရက ပြောင်းခေါ်သည့် ပြင်ဦးလွင်မြို့) ပန်းပြပွဲသို့ သွားရောက်ကြည့်ရှုခြင်း၊ ရတနာပုံ တယ်လီပို့ ဖွင့်ပွဲကို တက်ရောက်ကြည့်ရှုစစ်ဆေး ခြင်း၊ ရေအားလျှပ်စစ် ရေလှောင်တမံများ၊ ဆေးရုံများကို ကြည့်ရှုစစ်ဆေးခြင်း စသည့် လုပ်ငန်းစဉ်များအား သီတင်းတပတ်ခန့် မနေမနား လုပ်ဆောင်နေသည်ကို အစိုးရ သတင်းမီဒီယာများက ထုတ်ပြန်နေသည်။

သို့သော် ထူးခြားနေသည်က အထက်ပါလုပ်ငန်းဆောင်တာများ ဆောင်ရွက်နေသည့် နေ့ရက်များနှင့်တချိန်တည်းတွင်ပင် စစ်ခေါင်းဆောင်အိုကြီးက ပုဂံညောင်ဦး သို့လည်း သွားရောက်၍ ဘုရားများကိုလှည့်လည် ဖူးမျှော် ပြီး အလှူအတန်းများ ပြုလုပ်နေပေသေးသည်။

နအဖ ဥက္ကဌ ကြီး က ပုဂံ ရှိ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရားစသည့် ဘုရားများတွင် ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း ဆက်ကပ်ခြင်းများ၊ ငွေကြေး လှူဒါန်းခြင်းများကို ပြုလုပ်သည်ဟု အစိုးရသတင်းစာများတွင်လည်း ဓာတ်ပုံနှင့် တကွ ဖော်ပြသည်ကို တွေ့ရှိရသည်။

“ဟုတ်တယ် ဒကာရဲ့ပြီးခဲ့တဲ့ စနေနေ့ကတည်းက သူ ပုဂံ ကို ရောက်လာတာ၊ ယတြာခြေတဲ့အနေနဲ့ သူတို့ ဆောက်နေတဲ့ ပုဂံနန်းတော်သစ် ပြီးသွားလို့လာဖွင့်တာ၊ အဲဒါက တနင်္လာနေ့က၊ သတင်းတွေထဲတော့ မပါဘူး ပေါ့၊ ဘုရားတွေမှာ ယတြာ လည်းခြေတယ်လေ” ဟု ပုဂံညောင်ဦးရှိ အာဏာပိုင်များနှင့် နီးစပ်သော ဦးပဉ္ဖင်း တပါးက ပြောပြသည်။

ထို့ ပုဂံနန်းတော်သစ် ဖွင့်လှစ်သည့်နေ့မှာပင် စစ်ခေါင်းဆောင်အိုကြီးအား ရည်ညွှန်းရေးသားထားသည့် စာများကို လူအများ ဖတ်ရှုနိုင်သည့် ပုဂံညောင်ဦးရှိ နေရာတချို့၌ ကပ်ထားသည်ဟု အထက်ပါ ဦးပဉ္ဖင်းကပင် ပြောသည်။

“ကပ်တဲ့လူကို တော့ မသိကြဘူး၊ စာမှာက ရာဇပလ္လင်ကို ခွေးတက်သည် လို့ ရေးထားတာ ပါတယ်၊ အဲဒါ တာဝန်ရှိတဲ့ မြို့နယ်မှူးတွေ ဘာတွေတော့ ပြာယာ ခတ်နေတယ်၊ လူတွေကြားထဲမှာလည်း ဦးသန်းရွှေ နန်းတက်နေတာလို့ ပြောစကားက ခေတ်စားနေတယ်လေ”ဟု လည်း ဦးပဉ္ဖင်းက ဆိုသည်။

အဆိုပါ စာများကို ၀င်းသူဇာအရောင်းဆိုင်၊ ဂျီအီးစီ အရောင်းဆိုင်နှင့် ပုဂံညောင်ဦး ဈေးအ၀ိုင်းအနီး စသည်တို့ တွင် ကပ်ထားကြောင်း သိရသည်။

ယင်းပုဂံ နန်းတော်သစ်ကို စစ်ခေါင်းဆောင်အိုကြီးနှင့်နီးစပ်သူဟု လူအများသိထားသည့် ဦးတေဇပိုင် ထူးကုမ္ပဏီက ပုဂံရှိ သရပါ တံခါးအနီးတွင် ၂၀၀၂ ခုနှစ် ၀န်းကျင်က တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အမြင့် ၁၉၈ ပေ၊ အကျယ် ၅၄ ပေနှင့် အထပ် ပေါင်း ၁၃ ထပ် ပါဝင်သော ပုဂံ နန်းမြင့်မျှော်စင်ကိုလည်း ၂၀၀၃ ခုနှစ်တွင် ထူးကုမ္ပဏီကပင် တာဝန်ယူတည် ဆောက်ခဲ့သည်။

စစ်ခေါင်းဆောင်အိုကြီး၏ ခရီးစဉ်များ၌ ပုံမှန်အားဖြင့် သူ၏မဟေသီ ဒေါ်ကြိုင်ကြိုင် လိုက်ပါနေကြဖြစ်၍ ယခု ခရီးစဉ် များတွင် သမီးနှင့် မြေးဖြစ်သူကိုသာတွေ့ရပြီး ယင်းမဟေသီကြီး လိုက်ပါလာသည်ကိုမတွေ့ရှိရသောကြောင့် မဟေသီကြီး ကျန်းမာရေး ဆိုးနေ၍ဖြစ်မည်ဟု လူအများက ထင်မြင်ချက်ပေးနေကြသည်။

“ကျနော်တို့ ကြားတာတော့ ဒေါ်ကြိုင်ကြိုင် လေဖြတ်နေတယ်တဲ့၊ သံဃာတွေကို စော်ကားမိလို့လား မသိဘူး”ဟု စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

အထက်ပါ ဦးပဉ္ဖင်းပြောသည့် စစ်ခေါင်းဆောင်အိုကြီး ပုဂံဘုရားများတွင် ယတြာခြေခြင်းမှာ သူ၏မဟေသီအတွက် ဖြစ်မည် ဟုလည်း စစ်တပ်အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း သိရသည်။

လွန်ခဲ့သော တနင်္လာနေ့က စစ်ခေါင်းဆောင် အိုကြီးနှင့်အဖွဲ့သည် ပုဂံ ရှိ မင်းအိုချမ်းသာ ဘုရား၊ မျက်တော်ပြေ ဘုရား၊ ဆင်များရှင် ဘုရားနှင့် ရွှေစည်းခုံ ဘုရားတို့တွင် ယတြာခြေခြင်းအမှု ပြုခဲ့သည်ဟု ပုဂံ ဦးပဉ္ဖင်းက ပြောပြသည်။

“ရွှေစည်းခုံဘုရားမှာ ဆိုရင် အဲဒီမှာ ပန်းရောင်းတဲ့ မရှိဆင်းရဲသား စာမတတ်ပေမတတ် ကောင်မလေးတွေကိုခေါ် မင်းသမီး လိုဝတ်ခိုင်းပြီး ဦးသန်းရွှေကို ပန်းဆက်ခိုင်းတာမျိုးလုပ်တယ်တဲ့၊ အဲဒီအချိန် လူတွေမသိအောင် ဘုရားကို လုံခြုံရေးတွေချ ထားတယ်”ဟု လည်း ဦးပဉ္ဖင်းက ပြောသည်။

ဆင်များရှင် ဘုရားသည် ၂၀၀၃ ခုနှစ်အတွင်းက စစ်ခေါင်းဆောင်အိုကြီးနှင့် မိသားစု ပြန်လည်မွမ်းမံထားသည့် ဘုရားဖြစ်ပြီး အာနန္ဒာ ဘုရား၏ မြောက်ဘက်ရှိ မင်းအိုချမ်းသာ ဘုရားနှင့် ဘူး ဘုရား အနီးတွင်ရှိသော မျက်တော်ပြေ ဘုရားများကိုမူ ယခင်က စစ်ခေါင်းဆောင်အိုကြီးတို့ တကြိမ် တခါမျှ သွားရောက် ဖူးမျှော်ခဲ့ခြင်း မရှိဟု ဦးပဉ္ဖင်းက ရှင်းပြသည်။

မင်းအိုချမ်းသာ ဘုရားနှင့် မျက်တော်ပြေ ဘုရားများသည် လူသိနည်းသော်လည်း အခက်အခဲ အကြပ်အတည်း များအတွက် ဆုတောင်းပြည့်သည်ဟု ယူဆထားသူများက လာရောက်ဖူးမျှော် ဆုတောင်းခြင်းများ၊ ယတြာခြေ ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်းကလည်း ဒေါ်ကြိုင်ကြိုင်သည် တိုင်းပြည်က ရွံမုန်းနေသည့် သူ၏ ကြင်ဖက် စစ်ခေါင်းဆောင် အိုကြီးနှင့် စစ်အစိုးရ အတွက် စစ်ခေါင်းဆောင်အိုကြီး၏ ဇာတိ ကျောက်ဆည်မြို့ရှိ ၈ မျက်နှာ ဘုရားတွင် ယတြာခြေခြင်းအမှု ပြုလုပ်ခဲ့သေးသည်။

လွန်ခဲ့သော စက်တင်ဘာလ ဆန္ဒပြပွဲများအတွင်း ဘုရားသားတော် သံဃာတော်များကို သတ်ဖြတ်စော်ကားမိ၍ ကံကြီးထိုက် မည်ကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ စစ်ခေါင်းဆောင်ကြီးနှင့် ဇနီးတို့ အလှူအတန်းပြု ယတြာခြေခြင်း အမှုများ ပြုလုပ်နေခြင်းဖြစ်မည်ဟု ပုဂံ ဦးဉ္ဖင်းက ဝေဖန်ပြောဆိုသည်။
http://irrawaddy.org/bur/articles2007/December/08.html

No comments :