မန္တလေး ရတနာပုံဈေး မီးလောင် နောက်ဆက်တွဲသတင်း
ရန်ကုန်၊ အေဖက်ပီ
၂၇၊ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၂၅ ရက်၊ တနင်္လာနေ့မနက်က မန္တလေးမြို့ ရတနာပုံဈေးမီးလောင်ရာမှာ အနည်းဆုံးလူ ၂၁ ဦးဒဏ်ရာရ ရှိခဲ့ ပြီး၊ စီးပွားရေးလုပ်ငန်း ၁၅၀၀ လောက် ထိခိုက်ပျက်စီးသွားတယ်လို့ အင်္ဂါနေ့ကလာတဲ့ ပြည်တွင်းသတင်းများ အရ သိရှိရပါတယ်။ မီးစတင်လောင်တာကတော့ ရတနာပုံဈေးထဲမှာရှိတဲ့ ဆိုင်ခန်းတစ်ခန်း မှာ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပြီး စတင်လောင်တာလို့ အစိုးရထုတ်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဘုန်းကြီးလေးပါးအပါအ၀င်၊ မီးသတ်သမား ၁၁ ဦး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၂၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ထိခိုက်ပျက်စီးမှုတွေကတော့ အစိုးရပိုင် မြန်မာ့ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဋ္ဌာနက ဖွင့်ထားတဲ့ အခန်း ၅၉ ခန်းပါတဲ့ ကွန်ပြူတာစင်တာ အပါအ၀င် ဆိုင်ခန်းပေါင်း ၁၄၀၀ ကျော်နှင့် ရုံးခန်းတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
အစိုးရသတင်းစာကပြောဆိုရာမှာ မီးလောင်ပြီး ၆ နာရီအကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရတော့ အင်္ဂါနေ့အထိတောင် မီးသတ်သမားတွေက အပျက်အစီးတွေ ကြားက ကျန်နေသေးတဲ့ မီးကြွင်းမီးကျန်အစအနများကို လိုက်လံငြိမ်းသတ်နေရဆဲပဲလို့ ဆိုပါတယ်။
“မီးသတ်သမားတွေ နဲ့ အာဏာပိုင်တွေက မီးကိုလုံးဝငြိမ်းသတ်သွားဖို့ အခုထိအောင် ကြိုးစားနေရပါတယ်။ သူတို့က ဈေးရဲ့ ၀င်ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်ထားလိုက်ပြီး၊ အထဲမှာ အန္တရာယ်ရှိတဲ့ အတွက်ကြောင့် ဘယ်သူ့ကိုမှ ပေးမ၀င်ပါဘူး။ ကျနော်တို့ မီးခိုးတွေ ထွက်နေတာ အခုထိ မြင်နေရတုန်းဘဲ” လို့ မန္တလေးမြို့ခံ တစ်ဦးက AFP ကို ဖုန်းနဲ့ အခုလိုပြောခဲ့ပါတယ်။
ဆေးရုံတွေကတော့ မီးလောင်စဉ် ဒဏ်ရာရသူဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ ပြည်တွင်းသတင်းစာထဲမှာ ဖော်ပြထားတာကတော့ လှိုင်သာယာမြို့ မီးလောင်စဉ်က အိမ်ခြေ ၂၀၀ ပျက်စီးပြီး၊ လူ ၂၉၀၀ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ဘဲ ဖော်ပြထားပါတယ်။
မီးသတ်ဋ္ဌာနကတော့ လျှပ်စစ်ဂျင်နရေတာတွေကို ဓာတ်ဆီ၊ ဒီဇယ်ဆီ ဖြည့ှ်လျှင် သတိထားကြဖို့ နဲ့ အထူးသဖြင့် ဖယောင်းတိုင်မီးနားမှာ ဆီဖြည့်လျှင် သတိထားကြဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဆိုးဝါးတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုကြောင်း ပြည်သူတွေနဲ့ စီးးပွားရေးလုပ်ငန်းတွေ အတော်ကို ထိခိုက်ကြပါတယ်။ တစ်နေ့ကို နှစ်နာရီ၊ သုံးနာရီလောက်သာ လျှပ်စစ်ဓာတ်အားရရှိပါတယ်။ ဒါတောင် လုံးဝမီးမလာ တဲ့ ရက်တွေ အများကြီးပါ။ အဲဒီတော့ ပြည်သူတွေကို မီးစက်ဝယ်အောင်တွန်းအားပေးသလိုမျိုးဖြစ်နေတာပေါ့။ မီးစက်မ၀ယ်နိုင်သူတွေ ကတော့ ဖယောင်တိုင်ပဲ ၀ယ်သုံးနေရပါတယ်။ ဖယောင်းတိုင်တောင် ၀ယ်မသုံးနိုင်တဲ့ ဆင်းရဲသားလူတန်းစားတွေအတွက်တော့ မိုးချုပ်တာနဲ့ အိပ်ယာဝင်ဖို့ဘဲရှိပါတယ်။
No comments :
Post a Comment