Reuters Life, Singapore
5 March
By Gill Murdoch
ဘာသာပြန်- ကျော်
5 March
By Gill Murdoch
ဘာသာပြန်- ကျော်
စစ်ဗိုလ်ချုပ်တွေ ကြီးစိုးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ ညှဉ်းပန်း နှိပ်စက်မှုတွေ ခံလာရတာဆိုရင် အနှစ် ၄၀ တောင် ကျော်ခဲ့ပါပြီ။ မြန်မာနိုင်ငံဟာ စာရေးဆရာ အများစုအတွက်တော့ အဖြူအမည်း ဇာတ်လမ်းတစ်ပုဒ်ပါဘဲ။ ဒါပေမယ့် အရှေ့တောင်အာရှရဲ့ ခေါင်းအမာဆုံး စစ်အာဏာရှင်ဟာ သမိုင်းမှာဘယ်လိုများ ပေါ်ပေါက်လာ ခဲ့ရသလဲဆိုတာ စူးစမ်းကြရင် သေချာတာကတော့ တစ်ချိန်က ဗမာပြည်အကြောင်းကို စကားရည်လုပြီး ပြောရမယ့်ကိန်းဆိုက်နေပါပြီ။ ဒါပေမယ့် အဲဒီလိုပြောရင်း တိုင်းပြည်အနာဂတ်ကို ပြောင်းလဲဖို့အတွက် သော့ချက်တစ်ခုတော့တွေ့မှာပါ လို့ သမိုင်းပညာရှင် ဦးသန့်မြင့်က ပြောပါတယ်။
သူနောက်ဆုံးရေးခဲ့တဲ့ စာအုပ်ဖြစ်တဲ့ "The River of Lost Footsteps" မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့မြေး ဦးသန့်မြင့်က တိုင်းပြည်ပြောင်းလဲရေးအတွက် အလားအလာ တွေကို သူရဲ့ ကိုယ်တွေ့အတွေ့အကြုံများ၊ သမိုင်းအထောက်အထားများ နဲ့ သုံးသပ်ပြီး ရေးသားထားပါတယ်။
ဦးသန့်မြင့်ဟာ သူ့ရဲ့ စင်္ကာပူခရီးစဉ်မှာ Reuters Life နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။
Q. စာရေးဆရာတော်တော်များများက မြန်မာနိုင်ငံအကြောင်းရေးဖို့ကြိုးစားကြပါတယ်။ အချို့က မေ့ပျောက်ထားတဲ့ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်အဖြစ် စိတ်ကူးဥာဏ်ကွန့်မြူးပြီး ရေးသားကြတယ်။ အချို့ကတော့ တော်လှန်ရေးကိုအသားပေးပြီးရေးသားကြတယ်။ ခင်ဗျားအနေနဲ့ကရော ခင်ဗျားရဲ့ စာအုပ်မှာ ဗမာပြည်ကို ဘယ်လိုပုံဖော်ပြီးရေးလဲ?
A. အတိတ်က ဗမာနိုင်ငံကို ပုံဖော်ပါတယ်။ ဒါပေမယ့် ယခုလက်ရှိ ဗမာနိုင်ငံရဲ့ အခြေအနေကတော့ အာဏာကို တရားလက်မဲ့ အသုံးပြုနေတဲ့ အစိုးရကိုဖြုတ်ချမှဖြစ်မယ့် အခြေအနေမျိုးပါ။ အဲဒီလို ဖြုတ်ချ ပြီးနောက်ပိုင်းမှာ ဗမာနိုင်ငံကို အဆုံးအစမဲ့ ငြိမ်းချမ်းမှုတွေရှိတဲ့ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံအဖြစ် တွေ့ရမှာပါ။ အဲဒီပုံစံကတော့ ၁၈၈၀ ခုနှစ်တုန်းက ဗြိတိသျှတွေ ကျူးကျော်ဝင်ရောက်ခြင်းမရှိခင်က ပုံစံမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိသျှတွေက ဗမာဘုရင်ကို နန်းတွင်းကနေဖယ်ရှားလိုက်ရင် အရာရာတိုင်းဟာ အလျှင်အမြန်ပြောင်းလဲတိုးတက်သွားလိမ့်မယ်လို့ ထင်ခဲ့တာဖြစ်တယ်။ ရလာဒ်ကတော့ သူတို့ထင်သလို ဖြစ်မလာခဲ့ဘဲ ဗမာပြည်ဘေးဒုက္ခတွေဆိုက်ရောက်တဲ့အထိပါဘဲ။
အခုခေတ် ဗမာပြည်ကိုကြည့်ရင်တော့ ဗမာနိုင်ငံရဲ့အခြေအနေဟာ အရှေ့ဥရောပနိုင်ငံတွေရဲ့ ဒီမိုကရေစီ တော်လှန်ရေးလိုပါဘဲ။ ကွာခြားတာတစ်ခုကတော့ - လူတွေလမ်းတွေပေါ်ထွက်ပြီးဆန္ဒပြမယ်၊ ပြီးတော့ စစ်အာဏာရှင်စနစ်ဟာ ပြိုလဲသွားမယ်၊ ဘာမှလည်းထိခိုက်မှုမရှိဘူး။ ဒီနည်းလမ်းနဲ့ အင်မတန် ငြိမ်းချမ်းတဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီ နဲ့ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို အသွင်ကူးပြောင်းနိုင်မယ် ဆိုတဲ့ ခံယူချက်တွေပါဘဲ။
Q. အဲဒီကွာခြားချက်အရ ဘယ်ဟာက ပိုပြီးမှန်ကန်ထိရောက်မှုရှိတယ်လို့ ထင်လဲ?
A. ခင်ဗျားအနေနဲ့ ဗမာနိုင်ငံကို ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပရိပက္ခတွေ ဖြစ်နေတဲ့ နိုင်ငံ၊ အနှစ် ၆၀ ကြာ နှစ်ဒါဇင်လောက်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ ယာယီ သဘောတူထားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကြည့်မယ်ဆိုရင်၊ အာဖရိကမှာရှိတဲ့ အလွန်ဆင်းရဲတဲ့၊ ပရိပက္ခတွေ များတဲ့၊ အစိုးရနဲ့ ပြဿနာတွေရှိနေတဲ့၊ ပြင်ပနိုင်ငံတွေက အကူအညီအထောက်ပံ့တွေ ရယူနေရတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ရင် အဖြေပေါ်မှာပါ။
Q. အဲဒီလို ထင်မြင်သုံးသပ်ချက်တွေနဲ့ ဗမာပြည်တိုးတက်ပြောင်းလဲရေးအတွက် နည်းဗျူဟာနဲ့ ဘယ်လိုများပက်သက်ပါသလဲ?
A. ခင်ဗျားတို့အနေနဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီပြောင်းလဲရေးကို လေ့လာတဲ့နေရာမှာ တစ်နိုင်ငံတည်းကိုဘဲ သီးသန့် လေ့လာလို့မရဘူး။ ကျန်တဲ့နိုင်ငံတွေရဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာမှ အဖြေထွက်မှာ။ လူအနည်းစုက အာဖရိက က အဆင်းရဲဆုံး၊ ပရိပက္ခ ပြဿနာအများဆုံးဖြစ်တဲ့ နိုင်ငံတွေမှာ ရုတ်တရက် ဒီမိုကရေစီပြောင်းလဲလိုက်ရင် အဲဒီနိုင်ငံတွေရဲ့ပြဿနာတွေကို ဖြေရှင်းဖို့အဖြေကို တွေ့လိမ့်မယ်လို့ ထင်ကြတယ်။ ဗမာနိုင်ငံအပေါ်ကိုလည်း ဒီလိုဘဲ မြင်ကြတာဘဲ။
Q. ခင်ဗျားရေးသားတဲ့စာအုပ်မှာ "အတိတ်ကမြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာ ယခုလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို နားလည်ဖို့ သော့ချက်တစ်ခုဖြစ်တယ်" လို့ ဆိုထားတယ်။ စစ်အစိုးရ နဲ့ ဒီမိုကရေစီလှုပ်ရှား မှုတွေကြားမှာ အတိတ်ကသမိုင်းကြောင်းနဲ့ ဘယ်လို ဆက်စပ်မှုရှိတွေရှိနေတယ်ဆိုတာ ရှင်းပြပေးပါဦး။
A. ဥပမာပေးရရင်တော့ ဗမာနိုင်ငံလွတ်လပ်ရေးရရှိခဲ့တဲ့ နည်းလမ်းနဲ့ အဲဒီနည်းလမ်းကို ရရှိအောင် ဘယ်လိုတွေးခဲ့ကြသလဲဆိုတာ နဲ့ ပက်သက်နေပါတယ်။
၁၉၄၆ ခုနှစ်မှာတုန်းကလည်း ဗမာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းရှိခဲ့တယ်။ အဲဒါဘာလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး ဗမာပြည်ကို ချက်ချင်းလွတ်လပ်ရေးရစေချင်တယ်။ ဒါပေမယ့် ဗြိတိသျှ အစိုးရက ဗမာပြည်ကို တဖြည်းဖြည်း အသွင်းပြောင်းလဲပြီးမှ လွတ်လပ်ရေးပေးမယ်လို့ တွေးထားတယ်။
ဗမာ့လွတ်လပ်ရေးသူရဲကောင်းတွေရဲ့ စွဲမြဲတဲ့ရပ်တည်မှု၊ လူအများကို စည်းရုံးနိုင်မှု၊ ခေါင်းမာမှု နဲ့ ခိုင်မာတဲ့ သန္ဓိဋ္ဌာန်တွေကြောင့် ဗြိတိသျှတွေကို ဗမာပြည်ထဲကနေ မောင်းထုတ်နိုင်ခဲ့တယ်။ တကယ်တော့ ၁၉၄၆ မှာ ဗြိတိသျှအစိုးအနေနဲ့ ဗမာပြည်ကို တိုက်ရတာလည်း လက်ပမ်းကျနေပြီ။ အခြားတွေးစရာ အကြောင်းအရာ တွေလည်း ရှိသေးပါတယ်။ အင်ပါယာ ထူထောင်ဖို့အတွက် ဗြိတိသျှအစိုးရအနေနဲ့ အိန္ဒိယ နဲ့ ပါလက်စတိုင်း ကိုလည်း စဉ်းစားခဲ့တာပဲ။ ဗမာပြည်ဟာ သူတို့အတွက် ဟန်ပြလောက်ပါဘဲ။ နောက်ဆုံးတော့ သူတို့အနေနဲ့ သူတို့ရဲ့အနာဂတ်အတွက် စင်္ကာပူနဲ့ မလေးရှား အပေါ်မှာ အာရုံပြောင်းသွားခဲ့ပါတယ်။ ဗမာပြည်ဟာ သူတို့အတွက် မလိုအပ်တော့ပါဘူး။
ဗမာ့လွတ်လပ်ရေးခေါင်းဆောင်တွေရဲ့ လွတ်လပ်ရေးတောင်ဆိုမှုနဲ့ ဗြိတိသျှတွေ ရဲ့ ဗမာနိုင်ငံအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားတဲ့အချိန်နဲ့ တိုင်ပင်ကိုက်သလိုမျိုးဖြစ်သွားခဲ့တယ်။ ဒါကြောင့် ဗြိတိသျှတွေဟာ ဗမာ့မြေပေါ်ကနေ နှစ်အနည်းငယ်စောပြီး ထွက်သွားခဲ့တယ်။
Q. အဲဒီအကြောင်းကို ဘဲ ယနေ့အထိပြောနေကြတုန်းဘဲမို့လား?
A. ဟုတ်ပါတယ်၊ အဲဒီအကြောင်းအရာဟာ ဗမာ့နိုင်ငံရေးစကားဝိုင်းမှာ ဘက်ပေါင်းစုံကနေ ပါဝင်နေပါတယ်။ လွတ်လပ်ရေးကြိုးပမ်းတုန်းကလိုဘဲ။ ကိုယ့်ရဲ့မူဝါဒတွေအပေါ် ချီတုံချတုံ မဖြစ်ပဲ ခေါင်းမာမာနဲ့ ဆက်လက်တိုက်ပွဲတယ်၊ ခိုင်မာတဲ့ သန္ဓိဋ္ဌာန် တွေရှိတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ စေ့စပ်ဆွေးနွေး တာမျိုးတို့၊ တရားသေလက်ကိုင်ထားတဲ့မူဝါဒတွေတော့ ရှိနေပါသေးတယ်။
အခုလို ဒီမိုကရေစီ လှုပ်ရှားမှုမှာတောင် လွတ်လပ်ရေးတိုက်ပွဲရဲ့ အသံဟာ ပဲ့တင်ထပ်နေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမိုကရေစီတိုက်ပွဲဟာ ဗမာနိုင်ငံရဲ့ ဒုတိယမြောက်လွတ်လပ်ရေး တိုက်ပွဲလို့ပြောခဲ့ပြီးပါပြီ။ ဘာကြောင့်သူမဒီလိုပြောရသလဲဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ၁၉၄၆ တုန်းကလို မှာယွင်းတဲ့သင်ခန်းစာကို ဖတ်နေသလိုမျိုးဖြစ်နေတယ်။ ဗမာ့သမိုင်းမှာ လူတွေဟာ အထိနာတဲ့ စေ့စပ်ဆွေးနွေးမှုမျိုး တွေလုပ်ခဲ့ရတဲ့ အချိန်တွေရှိနေတယ်လို့ ကျနော့်ဘက်က အသေအချာပြောချင် ပါတယ်။ ဒါပေမယ့် အဲဒီသင်ခန်းစာတွေကို လျစ်လျူရှု ထားကြတယ်။
Q. ၁၉၉၀ အစောပိုင်းကလည်း ဗမာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ခဲ့တယ်။ အခုလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုပြီးလုပ်လာတယ်။ ဒါဆို ဘယ်လို ပိတ်ဆို့ ဒဏ်ခတ်မှုတွေက နောက်ဆုံးအောင်မြင်တဲ့ ပိတ်ဆို့မှုမျိုးဖြစ်မလဲ?
A. ပြင်ပကမ္ဘာနဲ့ ပုံမှန်ဆက်ဆံရေး၊ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေးဟာ နိုင်ငံရေး အလျှင်အမြန်ပြောင်းလဲဖို့အတွက် ပိုပြီးထိရောက်ပါတယ်။
Q. ခင်ဗျားအနေနဲ့ ဗမာနိုင်ငံရဲ့ နိုင်ငံရေးဇာတ်လမ်းဟာ မကြာခဏ ဆိုသလို အဖြူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ အမည်း (စစ်အစိုးရ) ဖြစ်နေပါတယ်လို့ပြောခဲ့တယ်။ ဘယ်လိုအခြေ အနေမျိုးက နိုင်ငံပြုပြင်ပြောင်းလဲအောင် ကူညီနိုင်မယ်လို့ထင်ပါသလဲ?
A. ဗမာနိုင်ငံမှာ ၅၅ သန်းသော ပြည်သူတွေဟာ ဓားစာခံဖြစ်နေပါတယ်။ သူတို့တွေရဲ့ဘ၀တွေဟာ အင်မတန်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းပါတယ်။ သူတို့စောင့်နေတဲ့ တစ်ခုတည်းသောအရာဟာ ဒီမိုကရေစီပါဘဲ။ ဒါမှမဟုတ် ရမ်ဘိုများပေါ်လာမလားလို့ လည်းမျှော်လင့်နေကြပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ပြည်သူတွေဟာ ပျော်ရွှင်မှုမရှိကြဘူး၊ သူတို့ဟာ သူတို့အစိုးရကို မကျေနပ်ကြဘူး။ သူတို့အမှန်တကယ်လိုအပ်တာ အပြောင်းအလဲပါပဲ။ ခင်ဗျားအနေနဲ့ ဗမာပြည်သူတစ် ယောက်ကို စစ်အစိုးရနဲ့ ဒီမိုကရေစီ ဘယ်ဟာ ကို လိုချင်လဲလို့မေးရင် ဒီမိုကရေစီလို့ဘဲဖြေမှာပါ။
ဒါပေမယ့် အဲဒါဟာ သံသရာ တစ်ခုပါဘဲ။
ပြင်ပကမ္ဘာမှာလည်း နိုင်ငံတကာရဲ့ ဆန့်ကျင် ရှုံ့ချမှုတွေ နဲ့ ဒီမိုကရေစီပေးဖို့ တောင်းဆိုသံတွေဟာ အဆက်မပြတ်ပါပဲ။ အားလုံးက ကုလသမဂ္ဂ သို့မဟုတ် အမေရိကန်က လာရောက်ကူညီနိုင်လိမ့်မယ်လို့ ထင် နေကြပါတယ်။ အဲဒီလို လုပ်လိုက်ရုံနဲ့ စစ်အာဏာရှင်ဟာ ပြိုလဲကျသွားလိမ့်မယ့်လို့ ထင်နေကြတာဟာ ဘယ်လောက်ဆိုးဝါးသလဲ။ အဲဒီလို မျှော်လင့်ချက်ဟာ မွေးမြူထားသင့်တဲ့အရာတစ်ခု မဟုတ်ဘူး။ ဗမာပြည် ဒီမိုကရေစီရေးအတွက် အထောက်အကူပြုတဲ့ မျှော်လင့်ချက်မျိုးမဟုတ်ဘူး။
Q. ဒါဆိုရင် အဲဒါဟာ တားမြစ်ချက်တစ်ခုပေါ့၊ ဟုတ်လား?
A. ဟုတ်ပါတယ်။ အဲဒီလို မျှော်လင့်ချက်မျိုးက နိုင်ငံ ပြုပြင် ပြောင်းလဲရေးအတွက် လူတွေ မှန်မှန်ကန်ကန် တွေးတတ် ဖို့ကို တားဆီးရာရောက်တယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အခြားနိုင်ငံတွေက လာပြီး ကူညီနိုင်လိမ့်မယ်လို့လည်း တွေးတတ်တယ်။
Q. စစ်စိုးရက လာမယ့် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အစီအစဉ်ကိုရော ခင်ဗျားအနေနဲ့ ဘယ်လို မြင်လဲ?
A. သူတို့နေနဲ့ အချိန်တစ်ခု သတ်မှတ်လိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးဆွဲပြီးတဲ့ အချိန် နီးကပ်လွန်းတာတော့ မှားတယ်လို့ကျနော် ထင်တယ်။
အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်ဖို့ဆိုရင် အရပ်သားအစိုးရဖြစ်တာပဲပိုပြီးနည်းလမ်းကျတယ်။ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ များများပါဝင်လာဖို့နဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းမှုမှာ အဲဒီလူတွေ ပူးပေါင်းပါဝင်လာဖို့လည်း လိုပါတယ်။ ဒါမှသာ အရပ်သားအစိုးရဖွဲ့စည်း ရာမှာထောက်အကူဖြစ်မှာပါ။ အဲဒီလက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေး လမ်းကြောင်းမှာ တစ်နည်းနည်း နဲ့ ပါဝင်လာမှာပါ။
ကျနော့်ထင်မြင်ချက်ကို ပြောရရင်တော့ အဲဒါတွေဟာ အဓိက မကျပါဘူး။ အဓိက ကျတာက ပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်ဖို့အတွက် စစ်မှန်တဲ့ နိုင်ငံရေးပြောင်းလဲမှုပါပဲ။ အဲဒါမှသာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့ နှိုင်းယှဉ်ရင် ပြည်သူတွေဟာ ပိုပြီးကောင်းမွန်တဲ့ ဘ၀ကို ရရှိမှာပါ။ ဒါပေမယ့် အခုအခါမှာ တော့ ဆင်းရဲမွဲတေမှုတွေ၊ ပညာမသင်ကြားနိုင်ကြတဲ့ ကလေးတွေ နဲ့ ကုသလျှင်ရပါလျှက် အချိန်မှီ် ဆေးကုသခွင့်မရတဲ့အတွက်ကြောင့် အသက်ဆုံးရှုံးကြတဲ့ ကလေးအရေအတွက်ဟာ တိုင်းပြည်ထဲမှာ အများကြီးရှိနေပါတယ်။
မူဝါဒတွေကိုလည်းပြောင်းလဲရင်း၊ ဗမာပြည်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လမ်းကြောင်းပေါ်ကို ပို့ဆောင်ပေးပြီး၊ မျိုဆက်သစ်တွေကို အမြင်သစ်၊ အတွေးခေါ်သစ်တွေ ဖန်တီးပေးနိုင်ခြင်းဟာ ဗမာပြည်ပြုပြင်ပြောင်းလဲရေးအတွက် အဓိက သော့ချက်ပဲ ဖြစ်ပါတယ်။

No comments :
Post a Comment