AFP, Yangon
11 March
ဘာသာပြန် - ကျော်
မြန်မာနိုင်ငံက ကျောက်မျက်တွေကို ရောင်းချဖို့ မြန်မာ့ကျောက်မျက်ရတနာ ကော်ပိုရေးရှင်းက လေလံတင်ထားပြီးပြီလို့ ကျောက်မျက်လုပ်ငန်းရှိ ၀န်ထမ်းများက ကြာသပတေးနေ့က ပြောပါတယ်။ စုစုပေါင်း လေလံတင်ရောင်းချမယ့်ကျောက်မျက်ရတနာတွေရဲ့တန်ဖိုးဟာ ယူရို သန်းတစ်ရာ ကျော် (အမေရိကန်ဒေါ်လာ ၁၅၃ သန်း) ဖိုးရှိတယ်လို့ ကျောက်မျက်အရောင်းဋ္ဌာနက ၀န်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျောက်မျက်အမျိုးပေါင်း ၇၇၀၀ အနက် ကျောက်စိမ်း နှင့် ပုလဲ ကို စတင်ရောင်းချမည့် တနင်္ဂနွေနေ့မှ စတင်ကာ ၁၂ ရက် တိတိဦးရာလူ စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်လုပ်ငန်းမှ အရာရှိတစ်ယောက်က AFP ကိုပြောပြပါတယ်။
“လေလံတင်ပွဲမှာ ရောင်းချမယ့် ကျောက်စိမ်း ၇၁၂၃ ပွင့်ရဲ့စုစုပေါင်းတန်ဖိုးက ယူရိုငွေ ၇၈ သန်းရှိပြီးတော့၊ အခုရောင်းချတဲ့ ကျောက်စိမ်းပမာဏက အရင်တစ်ခေါက်က ရောင်းတဲ့ပမာဏထက်ပိုများတယ်” လို့ အဲဒီဋ္ဌာနမှာအလုပ်လုပ်နေတဲ့ အမည်မဖော်လိုသူ အရာရှိတစ်ယောက်က ပြောပါတယ်။
အမေရိကန်နဲ့ လူ့အခွင့်အရေးအုပ်စုတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန္ဒပြပွဲတွေအပေါ် စစ်အစိုးရရဲ့ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်းမှုတွေနဲ့ပက်သက်ပြီး မြန်မာ့ကျောက်မျက်ရတနာ ဈေးကွက်ကို သပိတ်မှောက်ထားသော်ငြားလည်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်းက ၀န်ထမ်းတွေရဲ့ပြောပြချက်အရ အခုလေလံတင်ရောင်းချပွဲကို နိုင်ငံခြားသားကျောက်မျက်ကုန်သည် ၃၀၀၀ ထက်မနည်း တက်ရောက်မယ်လို့ သိရပါတယ်။
“တရုတ်ကတော့ ကျနော်တို့ရဲ့ အကြီးဆုံးဖောက်သည်ပေါ့။ တရုတ်ပြီးရင် ထိုင်နိုင်ငံက ဒုတိယနေရာက လိုက်ပါတယ်။ အခုလေလံတင်ရောင်းချပွဲမှာ ဈေးအကြီးဆုံးကျောက်စိမ်းဟာ အလေးချိန် ၃၀ ကီလိုဂရမ် (၆၆ ပေါင်) ရှိပြီး တန်ဖိုးငွေ ယူရို ၂.၃၈ သန်းတန်တယ်” လို့ အဲဒီဋ္ဌာနက အရာရှိကဘဲ ပြောပြပါတယ်။
မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် ရက်ရက်စက်စက်နှိမ်နှင့်ခဲ့မှု နဲ့ နိုင်ငံအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ နှေးကွေးလွန်းတဲ့အတွက်ကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုကို ခံရတာပါ။ အခုလို ကျောက်မျက်ရတနာတွေ ရောင်းချလိုက်တဲ့အတွက်ကြောင့် စစ်အစိုးရက အင်မတန်လိုအပ်နေတဲ့ နိုင်ငံခြားဝင်ငွေအမြောက်အများ ရရှိပါတယ်။ စစ်အစိုးရဟာ မြန်မာနိုင်ငံအတွင်းက ကျောက်မျက်ရတနာတွေကို ဆတိုးစနစ်နဲ့ ထုတ်လုပ်ပြီးရောင်းချနေပါတယ်။ နောက်ဆုံးလေလံတင် ရောင်းချခဲ့တဲ့ ကျောက်မျက်ပြပွဲကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပြလုပ်ခဲ့တာပါ။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ ပတ္တမြားဈေးကွက် မှာ ၉၀ ရာခိုင်းနှုန်း နေရာယူထားပါတယ်။ မြန်မာ့ပတ္တမြားတွေကို တစ်ခါလေလံတင်ရောင်းချရင် အနည်းဆုံးအမေရိကန် ဒေါ်လာ သန်းတစ်ရာ ဖိုးလောက်ရှိပါတယ်။ အဲဒီငွေတွေနဲ့ စစ်အစိုးရက လည်ပတ်နေတာပါ။
လူအနည်းဆုံး ၃၁ ယောက်သေဆုံးခဲ့တဲ့ စက်တင်ဘာ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ စစ်အစိုးရရဲ့ ရက်စက်မှုတွေအပေါ် နိုင်ငံတကာက ပြစ်တင်ရှုံ့ချနေစဉ်မှာဘဲ၊ တရုတ် နဲ့ ထိုင်း နိုင်ငံတို့က မြန်မာ့ကျောက်မျက် ၀ယ်ယူမယ့်သူတွေဟာ အခုကျင်းပမယ့် ကျောက်မျက်လေလံပွဲကိုလည်း တက်ရောက် ကြဦးမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတကတော် လော်ရာဘွတ်ရှ် နဲ့ လူ့အခွင့်အရေးအင်အားစုတွေကတော့ ကုမ္ပဏီတွေကို စစ်အစိုးရရဲ့ ကျောက်မျက်လေလံတင်ပွဲကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပြီးဖြစ်ပါတယ်။ ထိပ်တန်း ကျောက်မျက်ကုမ္ပဏီတွေဖြစ်တဲ့ Tiffany, Cariter နဲ့ Bulgari ကုမ္ပဏီတို့ကတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို ရောင်းချမှာမဟုတ်ကြောင်းအသီးသီးပြောဆိုကြပါတယ်။
No comments :
Post a Comment