Wednesday, 12 March 2008

သူတို့အတွေး သူတို့အမြင်

(နိုင်ငံရေးသုံးသပ်ချက် စကားဝိုင်း)
AFP
11 March
ဘာသာပြန် - ကျော်
ပြီးခဲတဲ့နှစ် စက်တင်ဘာ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ နအဖ စစ်အစိုးရပေါ်ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ သံတမန်နည်းအရ ဖိအားပေးမှုဟာ မအောင်မြင်ခဲ့ဘူးလို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။ မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ရောက်ရှိခဲ့ပြီး နအဖ စစ်အစိုးရအပေါ် လာမယ့်မေလမှာ ကျင်းပမယ့်ပြည်သူ့ဆန္ဒ ခံယူပွဲနဲ့ ၂၀၁၀ မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင်ပြုဖို့ တောင်းဆိုနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် နအဖ စစ်အစိုးရနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုကြောင့်၊ အနောက်နိုင်ငံတွေနဲ့ မြန်မာပြည်သူတွေက ဘယ်လိုဘဲရှုံ့ချရှုံ့ချ နအဖ စစ်ဗိုလ်ချုပ်များဟာ ၎င်းတို့ရဲ့ အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲကို ၎င်းတို့ရဲ့ တစ်ဖက်စောင်းနင်း မူဝါဒများအတိုင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။
“တရုတ်၊ အာဆီယံနဲ့ အိန္ဒိယ တို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း ဗမာအစိုးရက လိုက်လုပ်တာပါ။ သူတို့ရဲ့ လမ်းပြမြေပုံထဲမှာပါတဲ့အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲတယ်။ အနှစ်နှစ်ဆယ်အတွင်းမှာ ပထမဆုံးအနေနဲ့ အချိန်ဇယားဆွဲတယ်” လို့ ထိုင်းအခြေစိုက် မြန်မာ့နိုင်ငံရေးသုတေသီ ကိုအောင်နိုင်ဦးက အခုလိုပြောပါတယ်။
ဂမ်ဘာရီဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေက ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ဂမ်ဘာရီရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တဲ့အပြင်၊ ပြည်သူ့ဆန္ဒခံယူပွဲမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်ဖို့ ဆိုတဲ့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့စက်တင်ဘာ ဆန္ဒပြပွဲတွေမှာ ပစ်ခတ်သတ်ဖြတ်ခံရသူ စုစုပေါင်း ၃၁ ယောက်ရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ကတော့ စက်တင်ဘာဆန္ဒပြပွဲတွေမှာ အသတ်ခံခဲ့ရသူစုစုပေါင်း တစ်ရာကျော်ရှိခဲ့လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အဲဒီ အကြမ်းဖက်တဲ့ပုံရိပ်များဟာ တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပြီး၊ မြန်မာနိုင်ငံထဲက ဆိုးရွား ကြောက်ရွံ့ စရာ အနိဋ္ဌာရုံမြင်ကွင်း အဖြစ် အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။
တရုတ်၊ ရုရှ နဲ့ အရှေ့တောင်အာရှက အချို့နိုင်ငံတွေက စစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ မှန်ကန်တဲ့လမ်းကြောင်းအတွက် လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဆိုနေချိန်မှာဘဲ၊ အမေရိကန်နဲ့ အနောက်နိုင်ငံ အုပ်စုတွေကတော့ ပြည်သူ့ဆန္ဒခံယူပွဲဟာ နအဖက သူ့တို့ရဲ့ စစ်အာဏာကို တရားဝင်လာအောင်၊ ရေရှည်တည်မြဲအောင် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ပြောကြပါတယ်။
စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံခြားသားကို လက်ထက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုမှာ မဟုတ်သလို၊ သူမရဲ့ NLD ပါတီကိုလည်း ပြည်သူ့ဆန္ဒခံယူပွဲမှာ ပါဝင်ခွင့်ရှိမှာ မဟုတ်ပါဘူး။
နအဖ ရဲ့ အဲဒီလိုလုပ်ရပ်ဟာ ၎င်းတို့အားပြည်သူတွေက ထောက်ခံလာအောင်လုပ်တာဖြစ်ပြီး၊ ကုလသမဂ္ဂအတွက်တော့ လုပ်စရာဘာမှမကျန်တော့ပါဘူးလို့ ကိုအောင်နိုင်ဦးက ပြောပါတယ်။
“ကျနော်အရိုးသားဆုံးပြောချင်တာကတော့ အခုကိစ္စမှာ ကုလသမဂ္ဂကအနေနဲ့ ကြားဝင်ဖို့ ဘယ်လိုနည်းနဲ့ မှ မျှော်လင့်ချက် မရှိပါဘူး။ စစ်အစိုးရအနေနဲ့ သူတို့ဘက်မှာ ကာကွယ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ရှိနေသေးတယ်ဆိုတာကို သိပါတယ်” ကိုအောင်နိုင်ဦးကဘဲ ဆက်လက်ပြောပြပါတယ်။
“ယခုတစ်ခေါက် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုမရှိခဲ့သလို၊ စစ်အစိုးရက မစ္စတာဂမ်ဘာရီဟာ အတိုက်အခံအင်အားစုတွေဘက်က ရပ်တည်တယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။ ဒါဟာ နိုင်ငံတကာ ရဲ့ တောင်းဆိုမှုတွေအပေါ်ကို ဆန့်ကျင်တယ်ဆိုတာကို စစ်အစိုးရအနေနဲ့ ရှေ့ခြေတစ်လှမ်းတိုးပြီး ပြလိုက်တာဘဲ။
နောက်ဆုံးတော့ စစ်အစိုးရက နိုင်ငံတကာက ကျေနပ်အောင် မစ္စတာဂမ်ဘာရီအား မြန်မာနိုင်ငံကို အလည်လာခွင့်ပေးလိုက်တာ တစ်ခုတည်းပါ။ သူတို့အနေနဲ့ ကျူးဘား၊ ဗင်နီဇွဲလား၊ အီရန် နဲ့ မြောက်ကိုရီးယား တို့လို သူတို့ပြောနေတဲ့ ဧကရာဇ်နိုငံတော်သစ် ထူထောင်ရေးလမ်းစဉ်ကို ရေးဆွဲနေတာပါ” လို့ အင်္ဂလန်နိုင်ငံ အောက်ဖို့စ် တက္ကသိုလ်ကို အလည်အပတ်ရောက်ရှိနေသူ ကိုဇာနည်က AFP ကို အခုလိုပြောပြသွားခဲ့ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဂမ်ဘာရီအနေနဲ့တော့ မြန်မာနိုင်ငံကိုသွားခဲ့တဲ့ သူရဲ့ ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သူမရဲ့ ၁၂ နှစ်တာ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်အတွင်းမှာ ပြင်ပနဲ့ ဆက်သွယ်ခွင့်ရတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီကို ဦဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ သူမရဲ့ပါတီဟာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲရလာဒ်ကို ပယ်ချခဲ့ပါတယ်။
မစ္စတာဂမ်ဘာရီအ နေနဲ့လည်း ဒီတစ်ခေါက် သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ နေပြည်တော်မှာ ရှိတဲ့ စစ်အာဏာရှင် သန်းရွှေနဲ့ တွေ့ခွင့်မရခဲ့ပါဘူး။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက “မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီပြုပြင်ပြောင်း လဲဖို့ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နအဖ ကို ခပ်ကြမ်းကြမ်း တစ်ညီတစ်ညွတ်တည်း အရေးယူဆောင်ရွက်မှ ရမယ့်နည်းတစ်နည်းဘဲရှိတယ်။ အဲဒီလို လုပ်လိုက်မှ နအဖ က ကုလသမဂ္ဂ ပြောတဲ့အတိုင်းလိုက်နားထောင်မှာ” လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောသွားပါတယ်။
“ဒါပေမယ့်လည်း မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာ ထိပ်တန်းကနေ ဘယ်တုန်းကမှ မပါဝင်ခဲ့ပါဘူး။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာလည်း စစ်အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ထိခိုက်တာမဟုတ်ဘဲ၊ သူတို့အနေနဲ့ စိတ်ဆိုး၊ ဒေါသထွက်ရုံလောက်ပဲ ဖြစ်တာပါ။ ကိုယ်တိုင်လည်း ဒီမိုကရေစီ လမ်းစဉ်ကို မကျင့်သုံးတဲ့ တရုတ်လို နိုင်ငံမျိုးက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင် စစ်အစိုးရကို ဖိအားပေးဖို့ စိတ်မ၀င်စားဘူး။ စစ်အစိုးရအနေနဲ့ကတော့ ကုလသမဂ္ဂက ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း၊ ကုလသမဂ္ဂရဲ့ လမ်ညွှန်မှုတွေက မြန်မာနိုင်ငံအတွက် ဘယ်လောက်ပဲတန်ဖိုးရှိရှိ၊ ပြည်တွင်းမှာ လူတွေဘယ်လောက်ပဲသေသေ၊ နိုင်ငံတကာ က ဘယ်လောက်ပဲ ပြောပြော သူတို့အနေနဲ့ ဂရုစိုက်မှာမဟုတ်ပါဘူး” လို့ ဦးဝင်မင်းက ဘဲဆက်လက်ပြောသွားပါတယ်။


No comments :