Friday, 4 April 2008

န၀တ စစ်အုပ်စုခေါင်းဆောင်တွေရဲ့ တရားဥပဒေမဲ့ အကြမ်းဖက် အားပေးမူ့ လုပ်ရပ်



NLD အဖွဲ့ဝင်တဦး အရိုက်ခံရပြန်
မောင်ဒီး (Mizzima)
Friday, 04 April 2008 14:57 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးကို အမည်မသိလူ နှစ်ဦးက ယနေ့ နံနက်ပိုင်းက အလစ်အငိုက် ရိုက်နှက်ခဲ့ရပြန်ရာ ၁ဝ ရက်အတွင်း စစ်အစိုးရဆန့်ကျင်သူ သုံးဦးမြောက် တိုက်ခိုက်ခံရမှု ဖြစ်လာသည်။

လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်ရှိ ပဒေသာလမ်း (၂) တွင် နေထိုင်သူ မြို့နယ် NLD လူမှုအထောက်အကူပြုအဖွဲ့မှ ဦးတင်ယုကို ဆိုင်ကယ်စီးသူ နှစ်ဦးက ယနေ့နံနက် ၂ နာရီခန့်က သစ်သားဒုတ်နှင့် ရိုက်နှက်သွားသဖြင့် ဦးတင်ယု၏ ညာဖက်မျက်လုံးမှာ ပျက်စီးလုသည်အထိ ဖြစ်သွားခဲ့သည်။

"သူ့ညာဘက် မျက်နှာမှာ အတွင်းရော၊ အပြင်ရော ၂၁ ချက် ချုပ်လိုက်ရတယ်။ ၂ ချက် ဆင့်လိုက်ရတာပေါ့နော်။ မျက်လုံးကတော့ လုံးဝကို မမြင်ရဘူး။ လုံးဝပိတ်နေတယ်" ဟု လှိုင်သာယာ NLD အဖွဲ့ဝင်တဦးက ပြောသည်။

ရိုက်နှက်သွားသူများများမှာ စကားပြောစက် ကိုင်ဆောင်ထားသည်ကို ဦးတင်ယု မြင်တွေ့ခဲ့သည်ဟု သူက ပြန်ပြောပြသည်။






"အခု သူတို့က စီမံချက်သဘောမျိုးနဲ့ အကွက်ကျကျပေါ့နော်။ တက်တက်ကြွကြွ လုပ်ကိုင်နေတဲ့ ပါတီအဖွဲ့ဝင်တွေကို နောက်ထပ်လူတွေ ထပ်မတိုးနိုင်အောင် ခြောက်လှန့်တဲ့သဘောနဲ့ လုပ်နေတယ်လို့ ကျနော် ယူဆတယ်။ သူတို့ နိုင်ငံရေး လုပ်နေတာကို အားလုံးက သိနေကြတာပဲ။ ဆိုတော့ သူတို့ကို နှိပ်ကွပ်လိုက်ရင် ကျန်တဲ့လူတွေ မထွက်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးမြင်ပြီး လုပ်တာလို့ပဲ ယူဆတယ်" ဟု အခြား အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောသည်။

ဦးတင်ယုသည် သမီးနှင့်အတူ နံနက် ၂ နာရီခန့်က ငါးဒိုင်သို့သွားမည့် ကားကို စောင့်နေစဉ် ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်သည်။ မိသားစုဝင်များက လှိုင်သာယာရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း လှိုင်သာယာ NLD ဥက္ကဋ္ဌ ဦးမြင့်လှိုင်ကို လူတဦးက ချောင်းမြောင်း ရိုက်နှက်ခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူ ဦးမြင့်အေးမှာလည်း မတ်လ ၂၇ ရက်နေ့က အမည်မသိ လူတဦး၏ ရိုက်နှက်ခံရသဖြင့် ဦးခေါင်းရှိ ဒဏ်ရာကို ၅ ချက် ချုပ်လိုက်ရသည်။

ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပပြီး ပြန်လာသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်အမတ် ဦးသန်းလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကျားကန်ပေးထားဟန်ရှိသော လူတဦးက သံလက်သီးဖြင့် ထိုးနှက်ခဲ့သဖြင့် ဦးသန်းလွင်၏ မျက်လုံးတဖက် ကွယ်ခဲ့ရသလို ကျန်မျက်လုံးတလုံးမှာလည်း ကွယ်လုနီးသည်အထိ ဖြစ်ခဲ့ရသည်။

No comments :