Friday, 4 April 2008

သတင်းစာဆရာကြီး ကြေးမှုံ ဦးသောင်း ကွယ်လွန်


သတင်းစာဆရာကြီး ကြေးမှုံ ဦးသောင်း

ဝါရင့် သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း ကွယ်လွန်
ကိုစိုး ဧပြီ ၄ ၊ ၂၀၀၈
အမေရိကန်နိုင်ငံတွင် နေထိုင်လျှက်ရှိသော ဝါရင့်သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း အသက်(၈၂)နှစ်သည် ကြာသပတေးနေ့ ည ဒေသ စံတော်ချိန် ၁၀ နာ ရီခန့်က ၎င်းတက်ရောက်ကုသနေသော ဖလော်ရီဒါပြည်နယ် ဖို့လော်ရာဒေးမြို့ရှိ ဖလော်ရီဒါ မယ်ဒီကယ် စင်တာ ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း
ယင်းဆရာကြီး ကြေးမုံ ဦးသောင်းသည် အဆုတ်ရောဂါ၊ နှလုံးအားနည်းသည့် ရောဂါတို့ဖြင့် အဆိုပါ ဆေးရုံ၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေရာမှ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းအယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ခေတ်ပြိုင်ဂျာနယ် က အတည်ပြုပြောဆိုသည်။
ဖလော်ရီဒါတွင် နေထိုင်လျက်ရှိသော ဆရာကြီး ဦးသောင်းသည် မတ်လ ၁၀ ရက်နေ့မှစတင်၍ ဆေးရုံသို့ တက် ရောက်ကုသနေစဉ်အတွင်း အဆုတ်အတွင်းသို့ ရေဝင်သည့်အခြေအနေပိုမို ဆိုးဝါးလာကာ ယခုကဲ့သို့ ကွယ်လွန် သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် စာရေးဆရာဇင်လင်းက ဆရာကြီး ကြေးမုံဦးသောင်း ကွယ်လွန်သွားခြင်းသည် မြန်မာ သတင်းလောက အတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး တရပ်ဖြစ်ကြောင်းပြောသည်။
“ဆရာကြီး ဦးသောင်း ကွယ်လွန်သွားတာဟာ ကျနော်တို့ မြန်မာသတင်းစာ လောက အတွက်တော့ နေတစင်း ကွယ်သလိုပါပဲ၊ မြန်မာနိုင်ငံမှာတော့ အာဏာရှင်တွေကို မထောက်မညှာ ဖွင့်ချရေးသားသွားတဲ့ အထူးချွန်အထင် ရှားဆုံး သတင်းစာဆရာကြီးပဲဖြစ်ပါတယ်၊ ကွယ်လွန်ချိန်အထိ သတင်းစာသမားတယောက်ရဲ့ တာဝန်ကျေပွန် ခဲ့ ပါတယ်၊ အဲဒီလို နှစ်ပေါင်း ၆၀ လောက် သတင်းစာသမားကြီးအဖြစ် ရပ်တည်သွားခဲ့တဲ့အတွက် သူဆုံးရှုံးသွားတာ ဟာ မြန်မာသတင်းလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတရပ်ပါပဲ”ဟု ဆရာဇင်လင်းက ဧရာဝတီသို့ ပြောပြ သည်။
ဆရာကြီး ဦးသောင်းသည် ၁၉၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက် တွင် မန္တလေးတိုင်း ညောင်ဦးမြို့၌ အဘ ဦးသာဖန်၊ အမိ ဒေါ်အုပ်တို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးတင်မောင်ဖြစ်သည်။
ကြေးမုံ ဦးသောင်းသည် ငယ်စဉ်က ညောင်ဦးမြို့အစိုးရအထက်တန်းကျောင်း၊ မန္တလေးမြို့ စိန့်ပီတာကျောင်းတို့ တွင် ပညာသင်ကြားခဲ့သည်။
၁၉၃၇ ခုနှစ် ကျောင်းလက်ရေးစာစောင်များမှ စတင်၍ စာရေးသားခဲ့ပြီးနောက် ဆရာကြီးသည် ဇဝန ဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းတို့တွင် ကဗျာ၊ ဟာသ ၊ သရော်စာ၊ ပြဇာတ်တို့ကိုရေးသားကာ စာပေလောကသို့ ဝင်ရောက်လာခဲ့ သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၁၉၄၇ ခုနှစ်တွင် အောင်မြင်ခဲ့ပြီးနောက် ဗမာ့ခေတ် သတင်းစာတိုက်တွင် သတင်း ထောက်အဖြစ်လုပ်ကိုင်ကာ တခြားသတင်းစာတိုက်နှင့် စာနယ်ဇင်းများတွင်စာများရေးသားရင်း ၁၉၅၁ ခုနှစ် အသက် ၂၅ နှစ်တွင် ကြေးမုံ ဦးသောင်း ဗမာ့ခေတ် သတင်းစာ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။
ကြေးမုံ သတင်းစာတိုက်ကိုမူ ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်၍ အယ်ဒီတာချုပ်အဖြစ် ဦးစီးလုပ်ကိုင်ခဲ့သည်။
၁၉၆၂ ခု နှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် စစ်တပ်ကို ဝေဖန်သည့်စာများ ရေးသားရင်း နာမည်ကြီးလာကာ ၁၉၆၄ ခုနှစ် ၌ ကြေးမုံသတင်းစာတိုက်ကို ပြည်သူပိုင် အသိမ်းခံရပြီးနောက် ကြေးမုံ ဦးသောင်း ထောင် ၃ နှစ် ချ ခံခဲ့ရသည်။
ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၇၃ ခုနှစ်၌ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်း တွင် တတိယအထွေထွေ မန်နေဂျာတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဆိုဗီယက် ရုရှ နိုင်ငံသို့ ချစ်ကြည်ရေး သတင်း ကိုယ်စားလှယ် အဖြစ်သွားရောက်ခဲ့သည်။
၁၉၇၇ ခုနှစ် မတ်လတွင် ဒု ညွှန်ကြားရေးမှူး(သတင်း) ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဇူလိုင်လတွင် အမေရိကန် နိုင်ငံ သို့ သွားရောက်နေထိုင်ခဲ့သည်။
အမေရိကန်နိုင်ငံတွင် ၁၉၇၈ ခုနှစ်မှ စတင်၍ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူများ ထုတ်ဝေသော ဒီမိုကရေစီ ဂျာနယ်၊ Burma Bulletin, Burma Review စသည့် စာစောင်များနှင့် အမေရိကန်စာနယ်ဇင်းများဖြစ်သည့် The Missourian နှင့် Reader’s Digest တို့တွင် စာများရေးသားသည်။
ဆရာကြီး ဦးသောင်းသည် ပြည်ပ မြန်မာ သတင်းမီဒီယာများဖြစ်သော ခေတ်ပြိုင်၊ မိုးမခ၊ ဟစ်တိုင်၊ အာအက်ဖ် အေ ရေဒီယို နှင့် Voice of Burma တို့တွင် စစ်အစိုးရဆန့်ကျင်ရေးစာများကို ကွယ်လွန်ချိန်အထိ ကြေးမုံ ဦးသောင်း၊ အောင်ဗလ၊ မောင်ချစ် စသည့် ကလောင်အမည်များဖြင့် ရေးသားသွားခဲ့သည်။
ကြေးမုံ ဦးသောင်း၏ ထင်ရှားသော စာအုပ်များမှာ သတင်းစာ ဆရာ၊ ဗမာ့ခေတ်မှ ကြေးမုံသို့၊ ဦးနေဝင်း၏ ပြာတဆုပ်၊ လက်ငင်းလက်တွေ့ ဗုဒ္ဓဝါဒ၊ General Ne Win and His Executioners , A Journalist, a General and in Burma တို့ဖြစ်ပြီး စာအုပ်ပေါင်း ၃၀ ကျော် ရေးသားထုတ်ဝေခဲ့ကြောင်းသိရသည်။
ယခုလတ်တလောတွင် ခေတ်ပြိုင်ဂျာနယ်တိုက်မှ ကြေးမုံ ဦးသောင်းရေးသည့် “ခေတ်ပြိုင်၏ စစ်ဝါဒီများတိုက်ပွဲ” စာအုပ်ကို ထုတ်ဝေထားသည်။
ဆရာကြီး ဦးသောင်းကွယ်လွန်ချိန်၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် ဇနီး ဒေါ်တင်တင်ဝင်းနှင့် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။ - အေရာဝတီ သတင်းဌာန -

No comments :