Monday 8 September 2008

ကုလပဋိညာဉ်ကို ချိုးဖောက်နေမှု ရပ်တန့်ရန် HRDP အဖွဲ့တောင်းဆို



-ခေတ်ပြိုင်ဂျာနယ်-

NEJ / ၅ စက်တင်ဘာ ၂၀၀၇- မြန်မာပြည်သူတို့၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်ကို လေးစားလိုက်နာရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ ရည်ရွယ်ချက်များကို အကြိမ်ကြိမ်ချိုးဖောက်နေခြင်းမှ ရပ်တန့်ရန် နအဖစစ်အစိုးရကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) က တောင်းဆို လိုက်သည်။

မြန်မာပြည်သူလူထုသည်လူသားဖြစ်ခြင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို လက်မှတ်ထိုးထားသည့်နိုင်ငံဖြစ်ခြင်းကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိကြောင်း HRDP ၏ ယမန်နေ့ကြေညာချက်၌ ဖော်ပြသည်။

ထိုရပိုင်ခွင့်အရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို သြဂုတ် (၁၉) ရက်မှစ၍ အာဏာပိုင်များက လူစုလူဝေးဖြင့် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများနှင့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက်စော်ကားမှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှု များကို နိုင်ငံတကာကသိရှိစေရန် သဘောထားထုတ်ပြန်ခြင်းဖြစ်သည်ဟု HRDP အဖွဲ့ဝင် ကိုမောင်မောင်လေးက ပြောသည်။

၎င်းက “မြန်မာပြည်ဟာ ယူအန်အဖွဲ့ဝင်နိုင်ငံ၊ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပြီး ပဋိညာဉ်ကိုအကြိမ်ကြိမ်အခါခါ ထပ်တလည်းလည်းချိုးဖောက်နေတယ်ဗျ။ အဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှို့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ကိစ္စကို ရပ်တန့်အောင်လုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မှာလည်း တာဝန်ရှိပါတယ်” ဟု ပြောသည်။

သြဂုတ်လ (၂၄) ကတည်းက ဖမ်းဆီးခြင်းခံနေရသည့် HRDP အဖွဲ့ခေါင်းဆောင် ဦးမြင့်အေး၏ အခြေအနေနှင့်ပတ်သက်၍ ကိုမောင်မောင်လေးက “ဦးမြင့်အေးဟာ သူ့အိမ်ကနေ လမ်းထိပ်ထွက်ပြီးတော့ တနေရာသွားတဲ့ကိစ္စမှာလာခေါ်သွားတယ်။ တရားဝင်ဖမ်းဝရမ်း ဘာမှမပါဘဲနဲ့ ခဏလိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားတာ မတရားဖမ်းဆီးမှုပဲ။ ဦးမြင့်အေးဟာ လူ့အခွင့်အရေးကိစ္စတခုတည်းကိုသာ ဆောင်ရွက်နေတာ ဖြစ်တယ်။ လူ့အခွင့်အရေးဆောင်ရွက်တဲ့လူတယောက်ကို အကြောင်းမဲ့ ဥပဒေမဲ့ ဖမ်းထားတယ်လို့ပဲ ပြောရမှာပဲ” ဟု ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအား ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးနှင့် ညီလာခံကို အကြောင်း ပြ၍ စစ်အစိုးရက ဖမ်းဆီးခြင်းသည်လည်း “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်”ဆိုသည့် ၎င်းတို့ကိုယ်တိုင်သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု HRDP အဖွဲ့ကပြောသည်။

ယင်းအဖွဲ့သည် လူ့ခွင့်အရေးပညာပေးလုပ်ငန်းများကို မြန်မာနိုင်ငံအနှံ့အပြား၌ နယ်လှည့် ဆောင်ရွက်နေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဘက်မှ ရပ်တည်ကာ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ ဖြစ်သည်။ ။




Rest of your post

No comments :