အောက်တိုဘာ ၂၀၊ ၂၀၀၈
သကြားမင်းကြီးလည်း ကမ္ဘာ့အရေးအခင်းတွေနဲ့ အလုပ်များနေတာကြောင့်မြန်မာပြည်ဖက်ကို ခြေဦးမလှည့်ဖြစ်တာ ကြာခဲ့ပြီ။ “မြန်မာပြည်မှာ ပေါတာကြီးသန်းရွှေ အလွန်ဆိုး၊ ဆုံးမဖို့လို”ဟု မာတလိက အီးမေးလ်ပို့ထားသည်။ သကြားမင်းကြီးရဲ့ စာဖတ်ပရိသတ်လည်း အမိမဲ့သား ရေနည်းငါးလို အားငယ်နေကြရှုာတော့မည်။ ဒီတခါရေးတဲ့ သရော်စာကတော့ “ချီးတုံးကို ကိုးကွယ်သူများ” လို့ ခေါင်းစဉ်ပေးထားတော်မူ၏။ မြည်းတော်မူကြပါကုန် …
(သကြားမင်းကြီး)
Source: http://moemaka.com/index.php?option=com_content&task=view&id=2685&Itemid=1
----------------------------------------------------------------------------------------------------------------
နိဒါန်း
ပေါတာကြီး သန်းရွှေမှာ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ သွေးတိုး အစုံရှိသတဲ့။ ကျောက်ဆည်က တရွာတည်းနေ ရင်းနှီး
တဲ့သူတွေအဆိုအရ ၀က်ရူးပြန်ရောဂါတောင်ရှိသတဲ့။ သူ့လည်ပင်းမှာ သော့တချောင်းကိုကြိုးနဲ့ ချီပြီးဆွဲထားတယ်လို့ ဆိုတယ်။
"ကျောင်းအို ပြိုခဲ၊ လူမိုက် သေခဲ …" ဆိုသလို ရောဂါပေါင်းစုံ ရှိနေတဲ့ တပ်ရှုပ်ကြီး ပေါတာကြီး သန်းရွှေဟာ တော်တော်နဲ့ မသေနိုင်သေးဘူးတဲ့။
ပြည်သူလူထုနဲ့ နေပြည်တော် အသိုင်းအ၀ိုင်းတခုလုံးကလည်း “ဘယ်တော့သေမလဲ …” လို့ သူ့ကိုပဲ တကြည့်ကြည့် လုပ်နေကြတယ်။ သူတော်ကောင်းတရားကို ကျင့်ကြံ အားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတွေတောင် “ဒီမသာ … သေနိုင်ခဲသကိုး”လို့တောင် ဆိုမိသတဲ့။
ဒီလို တပြည်လုံးက သေပါစေလို့ မေတ္တာပို့နေတဲ့ကြားက သန်းရွှေ ဟာ မသေနိင်ဘဲ ဖြစ်ရတဲ့အကြောင်းကတော့ ကျန်းမာရေးကို အလွန် ဂရုစိုက်တယ် ဆိုပဲ။ သူ မာလကီးယား ဖြစ်သွားရင် ခိုးဝှက်ထားတာတွေ ကုန်မယ်။သား မယားတွေ ခွေး ဖြစ်မယ်။ ဘ၀ ပျက်မယ်။
ဦးနေ၀င်းနဲ့ ခင်ညွန့်ကို သူ လုပ်ထားတာတွေကလည်း သူ့ကို ခြောက်လှန့်နေတယ်။ ဒီတော့ “ ငါ မသေရဘူး။ ငါ မသေနိုင်ဘူး …” လို့ ပါးစပ်က ဂဏှာမငြိမ် တတွတ်တွတ် ရွတ်နေလေ့ရှိတယ်။ သူ့အသက်ကို ကြံဖန် မွေးနေသတဲ့။ “နွားတွေ ကျန်းမာတာ မြက်စားလို့ …” ဖြစ်မယ်ဆိုပြီး မြက်စားကြည့်တယ်။ “တစ်တီတူးလို ခြေထောက် နှစ်ချောင်း မိုးပေါ်ထောင်အိပ်ရင် အသက်ရှည်မယ် …” ဆိုလို့ အိပ်ရင် ခြေထောက်ကို မိုးပေါ် ထောင် အိပ်တယ်။ အဲဒီလို ပေါက်ကရ ခြောက်ဆယ် ဖြစ်နေသတဲ့။
ပေါတာကြီးရဲ့ ကျန်းမာရေးဆိုင်ရာအမြင်ကတော့ သိပ်ရှိလှတာ မဟုတ်ပါဘူး။ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ အမြင်မျှသာ ရှိသတဲ့။ သူအိမ်သာတက်ရင် မစင်ကို အသေအချာ စစ်သတဲ့။
ပေါတာကြီး ဘာကြိုက်လဲ ၊ ဘာကိုအစိုးရိမ်ဆုံးလဲ။ ပေါတာကြီးအကြိုက်ကို လိုက်နေသမျှ ရာထူးမြဲမယ်။ စားပေါက် စားလမ်း ပွင့်မယ် ဆိုတာကို “အောင်သောင်း၊ မောင်သောင်း၊ မောင်အေး၊ ကျော်ဆန်း၊ ခင်ရီ၊ မြင့်ဆွေတို့ဟာ ပေါတာကြီး အကြိုက်ကို အပြိုင်အဆိုင် လုပ်နေသူတွေဖြစ်တယ်။
ပေါတာကြီးနဲ့ တရုတ်သိုင်းကား
ပေါတာကြီး တရုတ်သိုင်းကားကြိုက်ရင် တရုတ်သိုင်းကားတွေကို သူတို့လည်း ကြိုက်လိုက်ကြတယ်။ တရုတ်သိုင်းကားထဲက ဇာတ်လမ်းတွေကို အပြိုင်အဆိုင် ကျက်ကြတယ်။ တရုတ် ဇာတ်လိုက်တွေဟန်ကို အတုခိုးကြတယ်။ ဖင်ဗူးတောင်း ထောင်ပြီး အတွင်းအားတွေ ရအောင် ကျင့်ကြသတဲ့။
သူတို့တသိုက် တရုတ်သိုင်းကားတွေကို အထူးပြု လေ့လာ လိုက်စားကြတယ်။ မြန်မာပြည်ရဲ့ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စစ်ရေးပေါ်လစီတွေဟာလည်း တရုတ်ကားတွေထဲကလို ဖြစ်လာကုန်သတဲ့။ “မဆိုင်ရင် ၀င်မပြောနဲ့၊ ခေါင်းပြတ်မယ် … လျင်သူ စားစတမ်း …” ဆိုတာမျိုးတွေ ဖြစ်လာတယ်။
အထူးသဖြင့် တရုတ်ကို သိပ်ကို အထင်ကြီးလာကြသတဲ့။ အနာဂတ်ကမ္ဘာကို အုပ်စိုးမှာ တရုတ်သိုင်းသမား တယောက်ယောက် ဖြစ်ရမယ်လို့ သူတို့ ယုံကြည်ကြတယ်။ တတိုင်းပြည်လုံးမှာ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ ဆိုင်းပုဒ်။ အစိုးရအဖွဲ့ထဲမှာတော့ “တရုတ်သာ အမိ တရုတ်သာ အဖ …” ပဲ။
ပေါတာကြီးနဲ့ ကိုရီးယားရုပ်ရှင် ဒါပေမဲ့  ပေါတာကြီးက တရုတ်သိုင်းကားကို ကြည့် ရတာ ငြီးငွေ့လာပြန်တယ်။
တနေ့ တနေ့ ခုတ်ဟယ် ထစ်ဟယ် ချဟယ် … နဲ့ အဓိပ္ပါယ်မရှိဘူး။ တပ်ရှုပ်ကြီးသာ လုပ်နေရတာ သိုင်းကားထဲက သွေးထွက်သံယိုဖြစ်နေတဲ့ ပြကွက်တွေကို ကြည့်ရတာ ရင်တုန် ပန်းတုန် ရှိတော်မူတယ်။ အပြောင်းအလဲလေး လုပ်ချင်လာတယ်။ ဒါကို အကွက်ချောင်းနေတဲ့ ကျော်ဆန်းက -
“တပ်ချုပ်ကြီးခင်ဗျာ … ကျနော့်ညီ သဘောင်္သား ပို့လိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲလေး မြည်းကြည့်ပါ …”
လို့ ပေးလိုက်ရာက … သန်းရွှေဟာ ကိုရီးယားရှပ်ရှင်ကို အစွဲကြီး စွဲတော့တယ်။
ရိုမန်တစ်တွေ ဘာတွေဖြစ်၊ ကိုရီးယားမင်းသမီး အွန်ဆောကို “In Love ” တွေ ဘာတွေ ဖြစ်နေတယ် ဆိုပဲ။ ဒါကြောင့် သူ့မိန်းမ ဒေါ်ကြိုင်ကြိုင်က အရွဲ့တိုက်တဲ့အနေနဲ့  လူမင်းနဲ့ တွဲပြ။ ဒါပေမဲ့ ပေါတာကြီးက မထ။
ကျော်ဆန်း မွှေလိုက်တဲ့ စနက်က အောင်သောင်း၊ မောင်သောင်း လူရှုပ်တသိုက် အလုပ်များ စေတယ်။ အွန်ဆော၊ ဖွန်ဆောတို့အခွေတွေ ရသမျှပို့။ မြန်မာပြည်မှာ မီးမလာတာ၊ လောင်စာပြတ်တာ၊ ဆန်ပြတ်တာတွေ အရေးမထား၊ ပေါတာကြီး အတွက် ကိုရီးယားကား မပြတ်သွားရေးက သူတို့အတွက် အရေးကြီးတဲ့ အလုပ်။ ဒါကို နိင်ငံတော်ရဲ့  ကြီးလေးတဲ့ တာဝန် လို့ ပြောကြ ရေးကြတယ်။
ကိုရီးယားက သံအမှုထမ်းတွေလည်း အလုပ်များကုန်တယ်။ “လ၀- ၁၊ လ၀- ၂” ဆိုတဲ့ ညွန်ကြားချက်တွေ ရောက်လာတယ်။ ကိုးရီးယားကားဆို ဘာကားရရ ဘယ်ဈေးဖြစ်ဖြစ် နေပြည်တော်ကို အကုန်ပို့။ မိရိုးဖလာစားလာတဲ့ ချဉ်ဖတ်ကိုတောင် ပေါတာကြီးက အထင်သေးချင်သလိုလို ဖြစ်လာပြီး ကိုရီးယား “ကင်ချီး”ကမှ ပိုကောင်းတယ်လို့ ထင်လာသတဲ့။
မတော်တဆ ကိုရီးယားမင်းသမီး မြန်မာပြည်ကိုလာလည်ရင် စကားပြောနိုင်အောင် ကိုရီးယားစကားကို သင်သတဲ့။
ကိုးရီးယားရုပ်ရှင်တွေဆိုတာကလည်း ၀ိတိုရိယဘုရင်မကြီးခေတ်က အဆင့်တန်းထက် မမြင့်တဲ့ ဘ၀ အလွမ်းမောတွေ မျှတဲ့ ရှေးရိုးဆန်တဲ့ အယူဆတွေပါ။ ဆရာကို ကြောက်ရ၊ မိဘကို အလွန် ရိုသေရ၊ သားကို သခင် လင်ကို ဘုရား၊ ချစ် ကွဲ ညား၊ မြန်မာရုပ်ရှင်တွေလိုပဲ “မွဲပြာပုဆိုး”၊ မင်းသားတလှည့် မင်းသမီးတလှည့်၊ လူကြမ်းတလှည့် မင်းသမီးယောက္ခမတလှည့် အလှည့်ကျ ငို ရတဲ့ သဘောပဲ ရှိတယ်။ မင်းသမီး၊ မင်းသားတွေက သိပ်ငိုတယ်။
ကိုရီးယားမင်းသမီးတွေ အော်ကြီးဟစ်ကျယ် ငိုကြတဲ့အတွက် ပေါတာကြီးအိမ်ဟာ မသာအိမ်လို ဖြစ်နေတယ်။ နေပြည်တော်က ဖဲသမားတွေဟာ ငိုသံကြားတော့ “မသာအိမ် ဒီနားရှိမှာပဲ …” ဆိုပြီး ၀င်သွားတော့ ပေါတာကြီးအိမ်ဖြစ်နေတာနဲ့ ပြန်လစ်လာခဲ့ရတယ် ဆိုပဲ။ ပေါတာကြီး ကိုရီးယားကားကြိုက်တော့ အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း စစ်ဗိုလ် လူပျက်တသိုက်လည်း ကြိုက်လိုက်ကြပြန်တယ်။ တပြည်လုံးမှာ နေ့နေ့ ညည ကိုရီးယားကားပဲ ပြတော့တယ်။
ကိုရီးယားကားကိုပဲ မြန်မာတွေ ကြည့်ကြရတော့ သတဲ့။ ကြာလာတော့ မြန်မာတွေလည်း ကိုရီးယားကားတွေကို ဘိန်းသမားများ ဘိန်းစွဲသလို အစွဲကြီး စွဲတော့သတဲ့။ ဒီနေ့မြန်မာတွေ ဘာအလိုချင်ဆုံးလဲလို့ သကြားမင်းကြီး စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ကိုရီးယားရုပ်ရှင်ကို အကြည့်ချင်ကြဆုံးပဲလို့ သိရတယ်။
မြန်မာပြည်မှာ ရှိတာက “မရှိ …” ဆိုတဲ့ စကားပဲ ရှိတာကလား။ “ဆန် မရှိ၊ ဆား မရှိ၊ ရေနံဆီ မရှိ၊ မီး မရှိ၊ ရေ မရှိ၊ စားစရာ မရှိ၊ ငွေ မရှိ၊ အလုပ် မရှိ၊ ပညာရေး မရှိ၊ ဆေး မရှိ၊ အမျိုးသမီးသုံး ဂွမ်းထုတ် မရှိ၊ နောက်ဆုံး ယူစရာ လင် တောင် မရှိကြဘူးတဲ့။ ဒီလို ဘာမှ မရှိ ဖြစ်နေပေမယ့် မြန်မာတွေကတော့ အေးအေးဆေးဆေးပဲ ။ ညနေ ကိုရီးယားရှပ်ရှင်ကို ကြည့်ရရင် အလုံးစုံသော အားရ ကျေနပ်မှုတွေ ဖြစ်နေကြသတဲ့။
ကျော်ဆန်းရဲ့ အလုပ်က ညနေရောက်ပြီဆိုတာနဲ့ အသံလွှင့်ရုံကနေ ကိုရီးယားရုပ်ရှင်ခွေကို ပြလိုက်ရုံပဲ တဲ့။ ပါမောက္ခ၊ ဆရာဝန်၊ ဆိုက်ကားသမား၊ ကျောင်းဆရာ၊ အငြိမ်းစား စစ်ပြန်၊ ဗိုလ်ချုပ်၊ ဗိုလ်မှုး၊ စစ်သား၊ ရှေ့နေ၊ ပြဇာတ်မင်းသား၊ အငြိမ့်သမ၊ ဗေဒင်ဆရာ၊ သူတောင်းစား၊ လူမိုက်၊ သူခိုး အလုံးစုံသော လူထုပရိဿတ်တွေဟာ ရှိတာ မရှိတာ အပထား၊ ကမ္ဘာကြီး မနက်ဖန် ပြိုလို့ ပျက်ပျက်၊ လူတွေက သေရင်တောင် ကိုရီးယားကားပဲကြည့်ပြီး အသက်ထွက်မယ်လို့  ဆုံးဖြတ်ထားကြပုံ ရတယ်။
“ရောက်ရာနေရာက ကိုရီးယားရုပ်ရှင်ကို ကြည့်ဖို့ အမှီပြန်လာကြလေ၏ ဟူသတည်း … ” ပေါ့။
ဟောလိဝုဒ်က ရုပ်ရှင်ကားတွေက - ရဲ မတရားလုပ်နေတာကို မင်းသားက ပြန်ချတယ်၊ ကောက်ကျစ် ညစ်ပတ်တဲ့နိင်ငံရေးသမားကို ၀န်ထမ်းကပြန်လည် စောကြောတယ်။ ဆရာကို တပည့်က မေးခွန်း ပြန်ထုတ်တယ်။ မင်းသားက မင်းသမီးကို ပါးရိုက်လိုက်ရင် မင်းသမီးက မင်းသားပါး ကို ပြန်ရိုက် လိုက်တယ်။ ဒါကို ပေါတာတို့လူစုက မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ မြင်တယ်။
ဟောလိဝုဒ်ထဲက မင်းသားက မင်းသမီးကို လက်ကို ဇတ်ကနဲ ဆွဲပြီး နှုတ်ခမ်းကို နမ်းလိုက်တဲ့အခါ၊ မင်းသမီးက မင်းသားကို ပါးတချက် ပိတ်ရိုက်ရင်း အိပ်ရာထဲကို ခြေခွင် လှဲချလိုက်တယ်။ ပြီးတော့ အပေါ်စည်းကနေ စိုးမိုးလိုက်တယ်။ ဒါကို ပေါတာတို့ လူသိုက်က ဘုန်းတွေ၊ ကံတွေ၊ နိမ့်တယ်လို့ မြင်ကြပြန်တယ်။ ဒါဟာ အလွန် နှစ်သက်စရာကောင်းတယ်လို့ နားမလည်ကြဘူး။
ဒီတော့ “ဟောလိဝုဒ်ကားတွေကို မပြနဲ့” ဖြစ်လာသတဲ့။
“ကိုရီးယားကားက မြန်မာတွေအတွက် သင့်တယ် …”လို့ ဆုံးဖြတ်တယ်။
အဆိုးဝါးဆုံးကတော့ ကိုရီးယားကားကို မြန်မာတွေကြည့် ပြီးတဲ့အခါ …
မြန်မာ အမျိုးသားပရိသတ်ကလည်း မျက်လုံးပြူးပြူး၊ အသားညိုညို ၊ ထူထူထဲထဲနှုတ်ခမ်း၊ ဖယ်ရမ်းနေတဲ့မြန်မာ့အမျိုးသမီးတဦးရဲ့ စွဲမက်ဖွယ်ရာတင်ပါးနဲ့ ပြေပြစ်တဲ့အချိုးအဆက်တွေကို “အလှ …” လို့ သူတို့ မမြင်တော့ဘဲ … “ဖြူဖြူဖျော့ဖျော့ … နှုတ်ခမ်းဆိုတာ ပါရဲ့လား၊ မျက်လုံးက ငါ့ကို မြင်ရဲ့လား …” လို့ ထင်ရလောက်တဲ့ ကိုရီးယားမင်းသမီးတွေကို အလှလို့ မြင်လာကြသတဲ့။
အပြန်အလှန် သဘောအလို့ငှာ - အမျိုးသမီးတွေကလည်း အသားညိုညို သန်မာတဲ့လက်များ၊ ညိုမောင်း ပြူးကျယ်တဲ့ မျက်လုံးများပိုင်ရှင် မြန်မာယောက်ျားတွေကို ချောမောသူလို့ မမြင်တော့ဘဲ ပျော့စိပျောဖတ်တွေကို “အလှ”လို့  ထင်လာကြတယ်။
တတိုင်းပြည်လုံး ကမောက်ကမ ဖြစ်နေတာကိုကြည့်ပြီး ကျော်ဆန်းတို့ကတော့ အားရ ကျေနပ်နေတယ်။ “တတိုင်းပြည်လုံး သာယာအေးချမ်းနေအောင် လုပ်နေရတာ သူပါ …” လို့ ပေါတာကြီးကို မျက်နှာလုပ်တယ်။ ပေါတာကြီးဟာ ဆယ်မိုး၊ ဆယ်နွေမက တရုပ်ကား ကိုရီးယားကားကို မထတမ်းကြည့်တဲ့အတွက် ကာလနာ တိုက်တော့သတဲ့။
ရွှေအကြောင်း ဖယောင်းသက်သေ၊ မစင်အကြောင်း အောင်သောင်းသက်သေ
ကိုရီးယားရုပ်ရှင်တွေ နှိပ်စက်ထားတဲ့အတွက် အအိပ်ပျက်၊ အစားပျက်ဖြစ်နေတဲ့ ပေါတာကြီးဟာ ကျန်းမာရေး ထိခိုက်တော့တာပေါ့။ သူ့ကျန်းမာရေးကို သူစိုးရိမ်လာတယ်။
သူ့ဝမ်းကို သူ နေ့တိုင်း စစ်နေတယ် ဆိုတာကို ဆရာဝန်က တဆင့်ကြားတော့ အောင်သောင်း မောင်သောင်း၊ မောင်အေး၊ ရွှေမန်း၊ ကျော်ဆန်းနဲ့ ခင်ရီတို့တသိုက်ဟာ သန်းရွှေအိမ်ကို မိုးလင်းပြီဆိုရင် မယောင်မလည်နဲ့ ရောက်နေကြတယ်။ ပေါတာကြီးဝမ်းကို အပြိုင်အဆိုင် စစ်ဆေးကြသတဲ့။ သူ့ထက်သူ သာသွားမှာလည်း စိုးကြပုံရတယ်။
အောင်သောင်းက …
'' တပ်ရှုပ်ကြီးဝမ်းကို ဒီလို ရေအိမ်မှာ မသွားပါနဲ့၊ ဂန်ဖလားထဲမှာပဲ သွားပါ။ ဆရာဝန်တိုင်း မယုံရဘူး။ ကျနော်လည်း ဗိန္ဓောလေး၊ ဘာလေး နားလည်ပါတယ်။ မနက်တိုင်း ကျနော် စစ်ပေးပါမယ်။”
ဒါနဲ့ ပေါတာကြီးလည်း ဂန်ဖလားထဲမှာပဲ ၀မ်းကို သွားလိုက်တယ်။ သန်းရွှေကြီး မစင်ပုံကို အောင်သောင်းက တုတ်တချောင်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေတယ်။
ဒီအခါ မောင်အေးကလည်း အားကျမခံ၊ စုံထောက်ရှားလော့ဟုမ်း သဲလွန်စကို လိုက်သလိုမျိုး လေးဖက်ထောက်ပြီး ဂန်ဖလားနား အသေအချာ ကပ်ကြည့်လိုက်တယ်။ ခပ်ပြင်းပြင်း တချက် ရှုလိုက်ပြီး -
'' အင်း … အနံ့ကတော့ မဆိုးဘူး …”
လို့ မှတ်ချက်ချတယ်။ ''
ဒီအခါ ရွှေမန်းကလည်း '
'မှန်း … ကျနော် ကြည့်ပါရစေ ''
ပြီးတော့ မရွံမရှာ ချီးတုံးကို လက်နဲ့ ဇတ်ခနဲ ကောက်ကိုင် လိုက်တယ်။ လေးနက်တဲ့အသွင်နဲ့
''၀မ်းက မဆိုးပါဘူး။ မာသားပဲ …”
လို့ ပေါတာကြီးကို မျက်နာလုပ်လိုက်တယ်။
သန်းရွှေကြီးလည်း သူတပည့်တွေ သူ့အတွက် ပူနေတာကို ကြည့် ပြီး အားရတော်မူသတဲ့။
သန်းရွှေကြီးက မောင်အေးနဲ့ ရွှေမန်းကိုကြည့်ပြီး ပြုံးတော်မူတော့ အောင်သောင်းဟာ အနေရ ကြပ်သလို ခံစားလာရတယ်။ သူက ငယ်စဉ်က အလွန် နုံချာတယ်ဆိုပဲ။ အိမ်ကြိုအိမ်ကြား ကြီးလာရတယ်။ လူတကာရဲ့ အနှိပ်စက် ခံ လာရတဲ့အတွက် သိမ်ငယ်စိတ်တွေက ရင်ထဲမှာ တသိမ့်သိမ့်နဲ့ လှုပ်ရှားလာသတဲ့။
ဒီကောင်တွေကို မနာလိုစိတ်တွေ ဖြစ်လာတယ်။ တပ်ရှုပ်ကြီးကို ဂန်ဖလားမှာ အီးအီးပါဖို့ အကြံပေးခဲ့တာက ဒီကောင်၊ တပ်ရှုပ်ကြီးက ချီးကျူးတော့ သူတို့။ သူရဲ့ မနာလိုဝန်တိုမှုတွေကို မြိုချလိုက်ရင်း …
''ပြစမ်းပါဦး မသိဘဲ ရမ်း မပြောကြပါနဲ့၊ ရွှေအကြောင်း ဖယောင်းသက်သေ၊ မစင်အကြောင်း အောင်သောင်း သက်သေပါ ခင်ဗျ။”
လို့ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ဆိုရင်း ဂန်ဖလားကြီး သူ့ဖက်ကို ဆွဲလိုက်တယ်။ မစင်တတုံးကို ဇတ်ခနဲ ကောက်ပြီး ပါးစပ်ထဲ သွင်းချလိုက်တော့တယ်။
အားလုံးက “ဟာ…” ကနဲ ဖြစ်သွားတယ်။
ပြိုင်ဖက်တွေကို အနိုင်ယူလိုက်နိုင်တဲ့အတွက် အားရ ကျေနပ်တဲ့မျက်နာနဲ့  မစင်တွေကို ၀ါးရင်း
“တပ်ရှုပ်ကြီး။ ချဉ်ငံစပ်တွေ စားတာ နည်းနည်း များနေတယ်။ အချဉ် အငံ အစပ်တွေ နည်းနည်း လျော့ဦးနော့် …”
လို့ ဆိုလိုက်တယ်။
သူတို့မယားတွေဟာ မျက်နှာတွေ ရှုံ့မဲ့သွားတယ်။ ပညာတတ်တဲ့ ဗိုလ်မှုးကတော်လေးတွေ မျက်နှာကို အောက်ချလိုက်ကြတယ်။ နှာခေါင်းတွေကို လက်ကိုင်ပုဝါနဲ့ မသိမသာ အုပ်လိုက်ကြတယ်။ ကလေးတွေက “ရွံ့စရာကြီး …” ဆိုပြီး အိမ်ရှေ့ကို ထွက်ပြေးသွားကြတယ်။
လုံခြုံရေး တပ်စုမှူးလည်း “နောက်တခါ ငါ့အလှည့်လား … မသိဘူး။”
ဆိုပြီး ရင်တထိတ်ထိတ် ဖြစ်သွားတယ်။
စကားပြောစက်မှာ" ရထား ဖြစ်လား " လို့မေးရမှာကို “ဘုရားဖြစ်လား …” လို့ ကယောင်ကတမ်း ဖြစ်ကုန်တယ်။
တယောက်က မစင်ကို နမ်း ၊ တယောက်က ကိုင်၊ တယောက်က စားပြ။ အဲသလို အပြိုင်အဆိုင် "ဖါး" ကုန်ကြပါပကောလား။ “ငါတော့ ချောင်ထိုးခံရတော့မှာပဲ”လို့ စဉ်းစားရင်း မောင်သောင်းဟာ ခေါင်းနားပမ်းကြီးလာတယ်။
ပုဆိုးမနိုင်၊ ခေါင်းပေါင်းမနိုင် ကိုးယိုးကားယားနဲ့ ညက အိပ်မက် မကောင်းဘူး။ ဆင်နင်းခံရတယ်လို့ အိမ်မက်မက်တာဟာ သမ္မာဒေ၀တွေက တခုခုကို သတိပေးနေတာပဲ ဖြစ်မယ်လို့ အပြေးအလွှား စဉ်းစားရင်း …
“ဖယ်ကြပါ …”
“ဖယ်ကြပါ …”
“အရမ်းတွေ ပြောနေလို့ မပြီးဘူး။ စုကြည်တို့ အန္တရာယ်ကို လျော့တွက်လို့ မရဘူး … တပ်ရှုပ်ကြီး။ သူတို့ဟာ တိုင်းပြည်ရဲ့ ရန်သူတွေပါ …”
တဖက်ကို ခြောက်လှန့်လိုက်ရင်း သူ့ဖက်ကို အာရုံစိုက်လာအောင် လုပ်လိုက်တယ်။ သူကဆက်ပြီး …
“ရန်သူတွေကို တိုက်တဲ့နေရာမှာ ဒီအတိုင်းတိုက်လို့ မရဘူး ခင်ဗျ။ ဆင် မြင်း ရထား နဲ့ စစ်အင်္ဂါလေးပါး လိုပါတယ်။ ဒါ့အပြင် မယုံမရှိပါနဲ့။ ကျနော်တို့မှာ “အဆောင်” လိုပါတယ် ခင်ဗျ။ တပ်ရှုပ်ကြီးဟာ သာမာန် တပ်ရှုပ်ကြီး မဟုတ်ပါဘူး။ အလောင်းစည်သူမင်းတြားကြီး သေလို့ ၀င်စားတယ်လို့ ဘိုးတော်သန်းလှတို ၊့ ဘိုးတော်တိမ်ကြားဖင်ပြောင်တို့ကလည်း ပြောပါတယ် …”
“တပ်ရှုပ်ကြီးမစင်တုံးဟာ သာမန် မစင်နဲ့ မတူပါဘူး။ သေသေချာချာကြည့်ရင် တန်ခိုးရှိတဲ့ မစင်ပါ ခင်ဗျ။ မယုံမရှိပါနဲ့နော်။ ကျနော်တော့ ယုံတယ်။ ”
သူ့ဘာသာသူ အဆိုတင်၊ သူ့ဘာသာသူ ထောက်ခံလိုက်တယ်။
“ကျနော်ကတော့ တပ်ရှုပ်ကြီး မစင်ကို စမ်းသပ် စစ်ဆေးနေရုံနဲ့ မပြီးပါဘူး။ ဒါတွေက စိတ်မချရဘူး …”
ပြောလည်း ပြော လက်အုပ်လည်း ချီကာ …
“တပ်ရှုပ်ကြီးမစင်တုံးကို ကျနော်တို့အားလုံး ကိုးကွယ်သင့်ပါတယ် …”
လို့ ဆိုပြီး ဘာမပြော ညာမပြော ထိုင် ကန်တော့ လိုက်လေတယ်။
အားလုံးလည်း မျက်စိမျက်နှာတွေပျက်သွားကြသတဲ့။ ဒါပေမဲ့ ပေါတာကြီး မျက်နှာကြည့်လိုက်တော့ မောင်သောင်းကို လုံးဝကို တော်တယ်ဆိုတဲ့ မျက်လုံးများ နဲ့ အားရကျေနပ်စွာ ကြည့်တော်မူသတဲ့။
ပြီးတော့ မောင်းသောင်းဟာ ပေါတာကြီးသန်းရွှေနားကို လက်အုပ်ချီရင်း တရိုတသေ ဒူးထောက် ကပ်သွားတယ်။ နှစ်ကိုယ်ကြား လေနဲ့  …
“တပ်ရှုပ်ကြီး မပေါ့နဲ့နော်၊ ချီးတုံးကို တပ်မတော်တခုလုံးကို ကိုးကွယ်ခိုင်းဖို့ အမိန့် ထုတ်ပါ။ ဒါမှ ဒီကောင်တွေ မလှန်ရဲမှာ။ ဗိုလ်ချုပ်ခင်ညွန့်လို ကောင်တွေ တပ်ထဲမှာရှိရင် အန္တရာယ်များတယ်။ ခုထဲက ချီးတုံးကို ကန်တော့ခိုင်း၊ မကန်တော့တဲ့ကောင် ဆိုရင် … ဟင်း … ဟင်း ...”
ဆိုပြီး လက်နဲ့  သူ့လည်ပင်းကို ဖြတ်တဲ့ပုံ လုပ်ပြလိုက်တယ်။
ပေါတာကြီးဟာ မောင်သောင်းပုခုံးကို ကြင်နာစွာ ဆုပ်ကိုင်လိုက်တယ်။ ရန်များကို ကိုယ် ရှင်းမယ်ဆိုတဲ့ စတိုင်နဲ့ ပျော့တွဲနေတဲ့ လက်မောင်းကို ဆန့်တန်း လိုက်တဲ့အခါမှာ ကြိုးချောင်နေတဲ့ ရွှေရောင်လက်ပတ်နာရီကြီးဟာ ဒုတ်ကနဲ လက်မောင်းရင်းကို လျောကျသွားတယ်။
“မင်းလို လူစား၊ အများသား …” ဆိုတာ မြန်မာ့တပ်မတော်အတွက် နိယာမတခုပါ။ မောင်သောင်းလိုပဲ အားလုံက လူလည်တွေချည်းပဲ ဖြစ်ပါတယ်။
ရွှေမန်းက ပျာယာပျာယာနဲ့ …
“ကဲ … အားလုံး …”
“ဖိနပ်တွေ ချွတ်ကြ။ ဦးထုပ်တွေ ချွတ်ကြ …”
ဆော်သြလိုက်ရင်း ဂန်ဖလားထဲမှာ ငုတ်တုတ်ဖြစ်နေတဲ့ ပေါတာကြီးချီးတုံးကို တဖွဲ့လုံး ၀ိုင်း ကန်တော့လိုက်ကြတော့တယ်။
သူတို့မယားတွေကိုလည်း
“ဟဲ့ … ကောင်မတွေ … လာ … တပ်ရှုပ်ကြီးချီးတုံးကို ကန်တော့ကြ …”
သူတို့ကလေးတွေကိုလည်း ခေါ်ပြီး ရှိခိုးခိုင်းလိုက်ကြတယ်။ နောက်ပြီးတော့ မောင်သောင်းက အစောင့်စစ်သာေးတွဖက် လှည့်ကာ …
“ဟေ့ကောင်တွေ မင်းတို့ဘာကောင်တွေလဲ။ ရိုင်းလှချည်လား။ မြန်မာ့ယဉ်ကျေးမှုကို နားမလည်ဘူး။ မအေ့ xxx ၊ နှမ xxx …”
တစ်တစ်ခွခွ ဆဲလိုက်ရင်း …
“လာ ကန်တော့ကြလို့ …” အမိန့်ပေးလိုက်တယ်။
ဒီတော့ လုံခြုံရေးတပ်ခွဲမှူးလည်း အမြီးတောင် မထောင်ရဲဘဲ …
“ဟုတ်ကဲ့ အဘ …”
ဆိုပြီး သေနတ်တွေ ချ၊ ပေါတာကြီးသန်းရွှေအီးတုံးကို ၀ိုင်း ကန်တော့ကြကုန်လေသတည်း … တဲ့။
ပေါတာကြီးလည်း သူ့နောက်လိုက်တွေအပေါ်မှာ လုံးဝကို ယုံကြည်စိတ်ချသွားသတဲ့။
“သာဓု … သာဓု … သာဓု …”
လို့ ကြွေးကြော်လိုက်တယ်။
ဒါနဲ့ သူတို့ဟာ “ချီးတုံးဟိမ၀န္တာ” ချီရင်း “ချီးတုံးဋီကာ” ကို အပြိုင်အဆိုင် ဖွဲ့ရင်း၊ ဖွဲ့ရင်းနဲ့ ပေါတာကြီးချီးတုံးဟာ တကယ် တန်းခိုးတွေရှိနေတယ်လို့ ယုံကြည်သွားကြသတဲ့။
ဒါက “ပေါ်လစီ” ဖြစ်သွားတယ်။ တပ်မတော်သားတွေ သောက်သုံးတဲ့ ရေကန်တွေမှာ တပ်ရှုပ်ကြီးရဲ့ မစင်တတုံးစီ ထည့်ထားပေးတယ်။ ဒါကို သောက်ရင် အန္တရာယ်ကင်းတယ်။ ကိုးကွယ်ရင် အကျိုး များတယ်။ ရာထူး တက်တယ်။ ဒါကို မြန်မာ့တပ်မတော်သားတိုင်း ယုံကြည်နေကြတယ်။
ဒါကြောင့် မြန်မာ့တပ်မတော်ဟာ ပေါတာကြီးသန်းရွေရဲ့ချီးတုံးကို စားမိကြ၊ ကိုးကွယ်မိကြတဲ့ အတွက် ဘုရားသားတော်၊ ရဟန်းသံဃာတော်တွေကို သတ်ဖြတ်မိတာတောင် မှားတယ်လို့မမြင်၊ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်တာလို့ ခိုင်မာစွာ ယုံကြည်နေကြလေကုန်သတည်း။
(ဆက်လက်ဖော်ပြပါမည်။ မိုးမခ ပင်တိုင် ကာတွန်းဆရာ ဘီရုမာရဲ့ ကာတွန်းပုံများကို ဖြတ်ညှပ်သုံးပြီး ဆောင်းပါးကို သရုပ်ဖော်ထားသည်။ ဆောင်းပါးရှင်က အင်တာနက်ပေါ်က ဖြန့်ချိခြင်း ဖြစ်ပြီး မိုးမခ က ကောက်ယူသုံးစွဲခြင်း ဖြစ်ပါကြောင်း)
Rest of your post
Monday, 20 October 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment