Sunday, 12 October 2008

ကမ္ဘာ့အဝဆုံးလူသား မကြာမီ မင်္ဂလာဆောင်တော့မည်


-Planet News:-

မက္ကစီကိုနိုင်ငံသား ကမ္ဘာ့အ၀ဆုံး ပုဂ္ဂိုလ်ကြီး မန်နျူရယ်လ် အူရစ်ဘ်တစ်ယောက် စွံတော့မည်ဟုသိရသည်။ အူရစ်ဘ်သည် ၎င်း၏ချစ်သူနှင့် အောက်တိုဘာ(၂၆)ရက်နေ့တွင် နှစ်ပါးဂဟေဆက်ပြီး လက်ထပ်ကြတော့မည်ဖြစ်ကြောင်း ဒေသခံသတင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ အူရစ်ဘ်နှင့် ကလော်ဒီယာဆိုလစ်တို့သည် မက္ကစီကိုနိုင်ငံ၊ မွန်ထရယ်မြို့တွင် လက်ထပ်တော့မည်ဖြစ်သော်လည်း နေရာအတိအကျကို မဆုံးဖြတ်ရသေးဟုဆိုသည်။ အူရစ်ဘ်သည် ၀လွန်းသဖြင့် လမ်းမလျှောက်နိုင်သော်လည်း မင်္ဂလာပွဲသို့ အထူးစီစဉ်ထားသော ၄င်း၏ကုတင်ဖြင့် သယ်ဆောင်သွားမည်ဖြစ်ကြောင်း အိမ်နီးချင်းများက ပြောကြားခဲ့သည်။ အိပ်ယာထဲတွင် (၆)နှစ်ကျော်မျှ လှဲလျောင်းနေခဲ့ရသော အသက်(၄၂)နှစ်အရွယ် ယခင်စက်ပြင်လုပ်သားကြီး အူရစ်ဘ်သည် (၂၀၀၆)ခုနှစ်အတွင်းက ကိုယ်အလေးချိန် (၁၂၃၀)ပေါင်အထိ တက်သွားခဲ့ပြီး ယခုအချိန်ထိ ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ကမ္ဘာ့အ၀ဆုံးလူသားအဖြစ် စံချိန်တင်နေဆဲဖြစ်သည်။ ၎င်းနှင့်လက်ထပ်မည့် ဆိုလစ်မှာ ၎င်းအနေနှင့် ကမ္ဘာ့အ၀ဆုံးလူသားအဖြစ် သတ်မှတ်ခြင်းခံရချိန်မှစပြီး အကူအညီပေးလာခဲ့ကြောင်း အူရစ်ဘ်က ပြောကြားသွားသည်။ အူရစ်ဘ်သည် ယခုနှစ်ပိုင်းအတွင်း ကိုယ်အလေးချိန် ပေါင်(၅၅၀)မျှကို လျှော့ချနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။ ၄င်းက လူအများသည် ၄င်းအနေနှင့် နွားတစ်ကောင်လုံးကို တစ်ထိုင်တည်းစားသောက်နိုင်သည်ဟု မှားယွင်းစွာယူဆနေကြောင်း၊ ၄င်းအနေနှင့် အ၀လွန်နေသည်မှာ အလွန်အကျွံစားသုံးမှုကြောင့်မဟုတ်ဘဲ ဟိုမုန်းပြဿနာအချို့ကြောင့်ဖြစ်ကြောင်း ၀မ်းနည်းပက်လက် ပြောကြားသွားသည်။ အူရစ်ဘ်သည် မွန်ထရယ်မြို့တွင် မိခင်ဖြစ်သူ အိုရီလီယာနှင့် နေထိုင်လျက်ရှိပြီး ယခုအခါတွင် မင်္ဂလာပွဲအတွက် ကြိုတင်စိတ်ကူးယဉ်နေပြီဖြစ်သည်။ အူရစ်ဘ်တို့ချစ်သူနှစ်ဦးသည် တွေ့ဆုံခဲ့ပြီး(၄)နှစ်အကြာတွင် လက်ထပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အူရစ်ဘ်က ၎င်းအနေနှင့် မင်္ဂလာပွဲတွင် ဓာတ်ပုံရိုက်ရန်အတွက် မင်္ဂလာကိတ်မုန့်ကို တစ်ကိုက်မျှစားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၄င်း၏ကိုယ်အလေးချိန် လျှော့ချမှုကုထုံးများအရ ၎င်းထက်ပိုပြီး စားမည်မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားသွားခဲ့သည်။
Rest of your post

No comments :