Sunday, 12 October 2008

နို့မှုန့်တံဆိပ်(၉)မျိုးအား ပိတ်ပင်တားမြစ်



-PlanetNews-

မြန်မာနိုင်ငံသို့ ပြည်ပမှ တင်သွင်း၍ ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ ပြန်လည်ပြုပြင်ထုပ်ပိုး ရောင်းချခြင်း ပြုလုပ်နေသည့် နို့မှုန့်(၁၆)မျိုးကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ Melamine Assay Test Kit အသုံးပြုစစ်ဆေးခဲ့ရာ နို့မှုန့်(၇)မျိုးမှာ မယ်လမင်းပါဝင်မှု မရှိကြောင်း တွေ့ရှိရပြီး (၉)မျိုးမှာ မယ်လမင်းပါဝင်ကြောင်း တွေ့ရသည်။ ယခုအခါ မြန်မာနိုင်ငံစစ်အစိုးရအဖွဲ့မှ အဆိုပါ နို့မှုန့်တံဆိပ်(၉)မျိုးကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြည်တွင်းတွင် ပြန်လည်ပြုပြင်ထုပ်ပိုး ရောင်းချခြင်း၊ ၎င်းနို့မှုန့်များကို အသုံးပြု၍ စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချခြင်းများကို ပိတ်ပင်တားမြစ်ကြောင်း အောက်တိုဘာ(၉)ရက်နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပိတ်ပင်တားမြစ်လိုက်သော မယ်လမင်းပါဝင်သည့် နို့မှုန့်အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။



၁။ Star Milk Powder (20gm.)

၂။ Crown

၃။ Happy Baby Toys

၎။ Dulac (Dumex) Step 1 (Infant Formula)

၅။ Star (450gm.)

၆။ Mandalay-Raw Milk Powder

၇။ Whole Sweet Milk Powder (Tow Cows, Shin Lin)

၈။ Rainbow Milk Powder

၉။ Enfagrow Milk Powder

မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခုမှ တင်သွင်းသော (၄၅)ကီလိုဂရမ်ပါ နို့မှုန့်အိတ်ပေါင်း(၄၆၀)၊ တန်ချိန်အားဖြင့် (၁၆)မက်ထရစ်တန်၌ မယ်လမင်းပါဝင်ကြောင်း တွေ့ရှိကာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ အဆိုပါနို့မှုန့်များအားလုံးမှာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Inner Mongolia Yili Industrial Groupမှဖြစ်ပြီး ဈေးကွက်အတွင်း ကျန်ရှိနေသေးသည့် နို့မှုန့်များကိုလည်း လိုက်လံသိမ်းဆည်းလျက် ရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့ ဈေးကွက်များအတွင်းရှိ နို့မှုန့်(၈)မျိုးကိုလည်း စမ်းသပ်စစ်ဆေးလျက်ရှိပြီး ထိုအတောအတွင်း ပြည်သူများအနေဖြင့် နို့မှုန့်နှင့် အခြားနို့ထွက်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန် နိုင်ငံပိုင်သတင်းစားများ၌ အစောပိုင်းတွင် ဖော်ပြထားသည်။ မယ်လမင်းပါဝင်သော နို့မှုန့်များထုတ်လုပ်သည့် တရုတ်နိုင်ငံတွင် အဆိုပါ အဆိပ်သင့်နို့မှုန့်များကြောင့် ကလေးငယ်(၄)ဦး သေဆုံးခဲ့ရပြီး အခြား(၅၃,၀၀၀)ခန့်မှာ ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Rest of your post

No comments :