Saturday, 29 November 2008

ကမ္ဘာ့ပေါ်မှာ အသက်အကြီးဆုံး ဖွားဖွား အက်ဒ်နာ ပါကာ ဆုံးပြီ


မွေးနေ့ မှာ နှင်းဆီပန်းလေး ကိုင်တားသော ဖွားဖွား အက်ဒ်နာ ပါကာ


-ကိုရဲ-

ဗုဒ္ဓဟူးနေ့ က ကမ္ဘာ့ပေါ်မှာ အသက်အကြီးဆုံး အမျိုးသမီး ဖွားဖွား အက်ဒ်နာ ပါကာတယောက် အသက် ၁၁၅ နှစ် မှာ ဘ၀တပါးသို့ ကူးပြောင်းသွားပါပြီ။ သူမဟာ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ရှယ်ဗဲလ်ဗလီ မြို့လေးမှာ ကွယ်လွန်သည် အထိ နေထိုင်ခဲ့ပါတယ်။ အသက် ၁၁၄ နှစ် ဂျပန် အမျိုး သမီးကြီး ဖွားဖွား ယိုနီမင်ဂါဝါ ၂၀၀၇ ခုနှစ်မှာ ကွယ်လွန် အနိစ္စရောက်သွားပြီးနောက် ဖွားဖွား အက်ဒ်နာပါကာ ဟာ ကမ္ဘာပေါ်မှာ အသက်အကြီး ဆုံး အမျိုးသမီး ဖြစ်ခဲ့တယ်။ သူမဟာ ဖွားဖွား ယိုနီမင်ဂါဝါ ထက် ၄ လ ငယ် ပါတယ်။

ဖွားဖွား အက်ဒ်နာပါကာ ကို ၁၈၉၃ ခုနှစ် စက်တင်ဘာ ၁၀ နေ့မှာ မွေးဖွားခဲ့ ပြီး၊ ၁၉၃၉ မှာ သူမ ခင်ပွန်းဖြစ်သူ အဲလ်ပါကာ နှလုံးရောဂါ နှင့် သေဆုံးခဲ့ ပြီးကတည်းက မုဆိုးမ တယောက် အနေဖြင့်နေထိုင်ခဲ့ပါတယ်။ သူမ သေဆုံး သွားပြီး နောက် မှာ သားနှစ်ယောက်၊ မြေး ၅ယောက်၊ မြစ် ၁၃ ယောက်၊ တီ ၁၃ ယောက် ကျန်ရစ်ခဲ့ တယ်။

ဖွားဖွား အက်ဒ်နာပါကာ တယောက် ၁၉၁၁ ခုနှစ်မှာ ဖရန့်ကလင် ကော်လိပ် ကနေ ဘွဲ့ရခဲ့ ပြီး၊ သူမ ချစ်သူ ခင်ပွန်းသည် အဲလ်ပါကာ ကို ၁၉၁၃ ခုနှစ် မှာ လက်ထပ်ထိမ်းမြားခဲ့တယ်။ နှစ်ပေါင်း များစွာ သူမမွေးရပ်ဇာတိ ရှယ်ဗဲလ်ဗလီ မြို့လေးမှာ ဘဲ ကျောင်းဆရာမ တယောက် အဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ပါတယ်။ တခါတရံ မှာတော့ သူမ ချစ်သူ ခင်ပွန်းသည် အဲလ်ပါကာ ရဲ့ လယ်ယာမြေထဲကိုလိုက်ပြီး၊ ၂ ဒါဇင်လောက်ရှိတဲ့ လယ်လုပ်သမားတွေ အတွက် ထမင်းချက် ပေးခဲ့ တယ်။

ဖွားဖွား အက်ဒ်နာပါကာ တယောက် ဘာကြောင့် ဒီလောက်တောင် အသက်ရှည်သလဲ၊ သူမဘယ်လိုနေထိုင်ခဲ့ သလဲဆိုတာ လူတိုင်းက စိတ်ဝင်တစားရှိကြတယ်။ သူမကတော့ ဘယ်တုန်းကမှ အရက်မသောက်ဘူး၊ ဆေးလိပ်မသောက်ခဲ့ဘူး ဆိုပေမဲ့ ဘာကြောင့် ဒီလောက်တောင် အသက်ရှည်သလဲ ဆိုတာနဲ့ ပက်သက်ပြီး ဘာ အရိပ်အငွေ့မှ မပြောပြခဲ့ဘူး။ သူမရဲ့ မွေးနေ့ ဆုတောင်းပွဲတွေမှာ ဖွားဖွား အက်ဒ်နာပါကာ တယောက် လူငယ်တွေကို အမြဲပြောလေ့၊ အကြံပေးလေ့ရှိတာ ကတော့ “ ပညာကို ပိုပြီး ကျိုးကျိုးစားစား ဆည်းပူးကြပါ” ဆိုသတဲ့။

အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး ဒယ်နီယယ် ကိုယ်တိုင်တက်ရောက် ဂါရ၀ပြုခဲ့ တဲ့ ဖွားဖွား အက်ဒ်နာပါကာ ရဲ့ အသက် ၁၄၄ မွေးနေ့ပွဲ မှာ သူမ က၊ ရှယ်ဗိုင်ဗလီ မြို့ တ၀ိုက်မှာ သူတို့ဇနီးနောင်နှံဟာ ပထမဦးဆုံး မော်တော်ကား ကို ပိုင်ဆိုင်ခဲ့ တဲ့ သူတွေလို့ ဂုဏ်ယူဝင့် ကြွားစွာပြောဆိုခဲ့တယ်လို့ သိရတယ်။ သူမ ဟာ ဘ၀တပါးသို့ မကူးပြောင်းခင်၊ အသက် ၁၄၄ နှစ် နှင့် ရက် ၂၂၀ ထိ အောင် တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှား ကျန်းကျန်းမာမာ နေထိုင် ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောဆိုကြတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဒီလောက်တောင် ကျန်းကျန်းမာမာနဲ့ အသက်ကြာရှည်စွာနေနိုင်တာကတော့ အံသြစရာပါဘဲ။

ဖွားဖွား အက်ဒ်နာပါကာ တယောက် ကောင်းရာသုဂတိလားပါစေ။


No comments :