ဒီဇင်ဘာ ၂ ရက်
ထောင်နဲ့ ချီပြီး ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို သိမ်းပိုက်ထားပြီး တစ်ပတ်အကြာမှာဘဲ ခရီးသည်တင် လေယာဉ် အစင်း ၄၀ ဟာ ဒီကနေ့မှာ အဆိုပါလေဆိပ်ကနေ ခရီးသည်မပါဘဲ ထွက်ခွာသွားရကြောင်း ထိုင်းနိုင်ငံက လာတဲ့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။ ထောင်နဲ့ ချီပြီးရှိနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းအစိုးရဆန့်ကျင်သူတွေက လေဆိပ်နှစ်ခုကို သိမ်းပိုက်ပြီကတည်းက လေဆိပ်ထဲမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ လေဆိပ်ထဲမှာ ပိတ်မိနေတဲ့ ခရီးသည်တွေကို ထွက်ခွာသွားစေဖို့အတွကိ လေယာဉ် ၈၈ စင်းကို ထိုင်းနိုင်ငံရှိ အခြားလေဆိပ်တွေမှာ ရပ်နားခွင့်ပြုထားပါတယ်။ ဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ အပတ်က စပြီး ပိုမိုပြင်းထန် လာကာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မှုရှိနေပြီလို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အခုလို လေဆိပ်ထဲမှာ ပိတ်မိနေနဲ့ နိုင်ငံခြားသားအရေအတွက်ဟာ များပြားလှတဲ့အတွက် နိုင်ငံခြားသံရုံးတွေလည်း အတော်လေးကို စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ ဘန်ကောက်အခြေစိုက် ဘီဘီစီ သတင်းထောက်ဂျွန်နသန်က ပြောပါတယ်။
ဘန်ကောက် ပြည်ပလေကြောင်းခရီးစဉ်များ “ပြည်တွင်းလေကြောင်းလိုင်း က Siam GA လေယာဉ် တနင်္ဂနွေနေ့ညနေပိုင်းက ထွက်သွားပြီးကတည်းက ဒီလေဆိပ်ကနေပြီး လေယာဉ် ၃၇ စင်းထွက်ခွာသွားပြီးပါပြီ” လို့ သုဝဏ္ဏဘူမိလေဆိပ်က ဋ္ဌာနဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခုလိုပြောပါတယ်။
“နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ပိတ်မိနေတဲ့မိမိ တို့ရဲ့ လေယာဉ်တွေ ထွက်ခွာဖို့အတွက် ကျနော်တို့ကို ဆက်သွယ်ရမှာဖြစ်ပါတယ်” လို့လည်း ၄င်းက ဆိုပါတယ်။ နိုင်ငံခြားလေကြောင်းပိုင် လေယာဉ် ၁၂၊ Thai Airways ကြောင်းပိုင်လေယာဉ် ၂၉ စီး၊ Thai Airasia လေယာဉ် ၁၆ စီး၊ Bangkok Airways လေယာဉ် ၁၅ စီး နဲ့ အခြားလေကြောင်းပိုင် လေယာဉ် ၂၂ စီးဟာ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ ပိတ်မိနေတာဖြစ်ပါတယ်။
လေဆိပ်ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားခရီးသည် ခန့်မှန်းခြေအရ တစ်သိန်းကျော်ထဲမှာ ဗြိတိန်နိုင်ငံသားဦးရေ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဋ္ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ “ဘန်ကောက်မြို့ရဲ့ အဓိကလေဆိပ်နှစ်ခုကတော့ အခုထိပိတ်ထားဆဲပါ။ ဒါပေမယ့် လေယာဉ်တွေကိုတော့ အခြားလေဆိပ်တွေဆီကိုတော့ ပြောင်းရွှေ့လို့ရပါတယ်၊ ဗြိတိန်နိုင်ငံသားအချို့တော့ ပြန်ပြီးထွက်ခွာသွားကြပါပြီ။ ဒါပေမယ့် အကုန်လုံးတော့မဟုတ်ပါဘူး” လို့ ၄င်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ လေကြောင်းလိုင်းတွေရော၊ ထိုင်းအာဏာပိုင်တွေနဲ့ပါ ဆွေးနွေးပြီးပါပြီ။ ခရီးသည်အရေအတွက် ယခုထက်ပိုပြီးတော့ ထွက်ခွာခွင့်ပေးဖို့၊ ဥပမာ - ချင်းမိုင်လို နေရာမျိုးဖြစ်ဖြစ်ပေါ့” လို့ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။
ပြင်သစ်နိုင်ငံကတော့ လေဆိပ်ထဲမှာ ပိတ်မိနေတဲ့ သူ့နိုင်ငံသားတွေ ထိုင်းနိုင်ငံ ပြင်ပကို ထွက်ခွာသွားနိုင်ဖို့ အထူးလေယာဉ် တစ်စင်းကို တနင်္လာနေ့မှာစေလွှတ်မယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ပြင်သစ်လေကြောင်းလိုင်းတစ်ခုဖြစ် တဲ့ Air France-KLM က ဖူးခက်ကမ်းခြေမှာရှိတဲ့ ၄င်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူမယ်လို့လည်း ပြောပါတယ်။
အချို့လေကြောင်းပိုင်လေယာဉ်တွေကတော့ ဘန်ကောက်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၉၀ အကွာမှာရှိတဲ့ ဥတာပအို လေဆိပ်ကို အသုံးပြုကြပါတယ်။ ဥတာပအိုလေဆိပ်ဟာ ထိုင်းစစ်တပ် အခြေချတဲ့နေရာတနေရာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က လေဆိပ်ထဲမှာပိတ်မိနေတဲ့ မွတ်စလင်မ် ဘုရားဖူး ခရီးသည် ၄၅၀ ကျော်ဟာ သုဝဏ္ဏဘူမိလေဆိပ်ကနေ ဘတ်စ်ကားနဲ့ ဥတာပအိုလေဆိပ်ကို ခေါ်ဆောင်သွားခြင်းခံရပြီး၊ အဲဒီကမှတဆင့် လေယာဉ်နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံရှိ ဟာဂ်ျ ဘာသာရေးပွဲတော်ကို တက်ရောက်ဖို့ ထွက်ခွာသွားခဲ့ကြပါတယ်။ စပိန်နဲ့ သြစတေးလျ နိုင်ငံတွေကတော့ သူတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့အတွက် လေယာဉ်တွေကို အသီးသီး စီစဉ်ပြီးဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ယခုလို နိုင်ငံရေးပရိပက္ခဖြစ်ပွားမှုဟာ ထိုင်းခရီးသွားလုပ်ငန်းကို တစ်ရက်ကို ဒေါ်လာ ၈၅ သန်းခန့် (ယူရို ၅၅.၄ သန်းခန့်) ဆုံးရှုံးတယ်လို့ဆိုပါတယ်။ အခုလိုနိုင်ငံရေးပရိပက္ခဖြစ်မှုကြောင့် လာမယ်နှစ်မှာ ထိုင်းနိုင်ငံကိုလာ ရောက်လည်ပတ်မယ့် ကမ္ဘာလှည့်ခရီးသည် အရေအတွက်ဟာ ထက်ဝက်ခန့်ကျဆင်းသွားနိုင်ပြီး၊ အလုပ်လက်မဲ့ သန်းနဲ့ချီပြီး ရှိသွားနိုင်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ လက်ရှိထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ ၄င်းနဲ့ အတိုက်အခံပါတီ PAD အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြို့ပြမှာရှိတဲ့ လူလတ်တန်းစားတွေဘဲဖြစ်ပါတယ်။
လက်ရှိအစိုးရအတိုက်အခံတွေဟာ အစိုးရရဲ့ အကျင့်ပျက် လာဘ်စားမှု၊ ဘုရင်အားအတိုက်အခံပြုမှု၊ ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် နဲ့ ပေါင်စားမှုတွေကြောင့် အစိုးရရထူးကနေ နှုတ်ထွက်ရန်ဆန္ဒပြ တောင်းဆိုကြတာဖြစ်ပါတယ်။
Rest of your post
No comments :
Post a Comment