Tuesday, 2 December 2008

အင်္ဂလိပ်လား၊ မြန်မာလား


ဘိုဘိုကျော်ငြိမ်း

အင်္ဂလိပ်လူမျိုးကို အထင်ကြီးတာနဲ့ အင်္ဂလိပ်စာကိုလေ့လာပြီး ကျွမ်းကျင်အောင် လေ့ကျင့် တာကိုခွဲ မြင်စေချင်ပါတယ်။ ကျနော့်ကို ကြိုက်သလိုဝေဖန်လို့ ရပါတယ်။ ကျနော်တို့ နိုင်ငံကို ကျွန်လုပ် ခဲ့တဲ့ နယ်ချဲ့ တွေကို အခုထိမုန်းတယ၊်နောင်လဲမုန်းနေဦးမှာဘဲ။ စိတ်တိုင်း ကျသာ လုပ်ရမယ်ဆိုရင် အဲလီဇဘက် ဘုရင်မကြီး ကို ကတုံး၊တုံးပြီး မန္တလေးနန်းတော်ရှေ့မှာ လက်ျာရစ်ပတ်စေပြီး ကြိမ်နဲ့ရိုက်လိုစိတ် ရှိတာပေါ့။ ဆရာစံကို သတ်ခဲ့တာတွေ၊ ဒဂုံမြို့ကို၊ ကွန်မွန်ဒို လမ်းဘဒ် စစ်သင်္ဘောနဲ့ လာ လူပါးဝ သွားတာ တွေအများကြီးပါ။ ကမ္ဘာမကြေ စတမ်းပေါ့။ (ဘာကြောင့်စစ်တပ်ရဲ့ ပြစ်မှု တွေကြောင့် တိုင်းရင်းသားတွေ ဗမာဆိုရင် မုန်းကြတာလဲ ဆိုတာကိုလဲ နားလည်နိုင် စရာပေါ့)

ဒါပေမဲ့ အမျိုးသားစိတ်ကို ထိပ်တန်းတင်ပြီး၊ ကိုယ့်စကားကိုယ့်စာပေကိုဘဲ ဦးစား ပေးမယ်ဆိုခဲ့တဲ့ နိုင်ငံတွေကိုကြည့် ကြရအောင်။ဝေးဝေးကြည့်စရာမလိုပါ။ ထိုင်း၊ဂျပန်နဲ့တရုတ် နိုင်ငံတွေဟာ အင်္ဂလိပ်စာကို ဦးစားမပေးခဲ့ကြဖူး။ ထိုင်းနိုင်ငံဟာ တနှစ်ကို ဘတ်(၁၆)ဘီလျံခန့် တိုးရစ်စ်တွေဆီက ၀င်ငွေရှိတယ်။ နှစ်ပေါင်း(၂၀)ခန့် ကြာတာတောင် တနိုင်ငံလုံး အနေအထားနဲ့ ပြောရရင် အင်္ဂလိပ်စကားပြောမှာ ချို့တဲ့တယ်လို့ ပြောလို့ ရနိုင်တယ် ပေါ့။ ကျနော်အမြင်အရ ထိုင်းနိုင်ငံမှာ လူမျိုးရေး စိတ်ပြင်း တယ်။ (ခွန်ထိုင်း)ဆို ပြီးဂုဏ် ယူကြတယ်။ ထိုင်းစာကိုအလေးပေးတာ တွေ့ရတယ်။ကျနော်အတွေ့အကြုံအရ ဂျပန် ရော၊ တရုတ်ပြည် မှာပါ တက်စီသမား တွေအတွက် စာရေးပေးထားရတယ်။ အင်္ဂလိပ်လို ပြောမရတော့ အခက်အခဲ ရှိတယ်ပေါ့။ ဂျပန်က တိုးတက်ပြီး နိုင်ငံဖြစ်တာကြောင့် တိုးတက်မှု အတော် များများကို အင်္ဂလိပ်လို ဘာသာပြန်နိုင်ပေမဲ့ ထိုင်းနိုင်ငံ ကြတော့ အခက်အခဲ ရှိတယ် ပေါ့။

ယနေ့လို အင်တာနက် ခေတ်မှာ အင်္ဂလိပ်ဘာသာဟာ ကမ္ဘာ့ဘာသာ စကားဖြစ်လာတော့ အင်္ဂလိပ်လို မကျွမ်းရင် ကိုယ်က တပန်းရှုံးတာပေါ့။ ကမ္ဘာမှာဘာသာစကားနဲ့ပတ်သက်လာရင် လူပါးအ၀ဆုံးကပြင်သစ်တွေဘဲ။ ခုထိဥရောပမှာ ပြင်သစ်စကားကို ဦးစားပေးတုံးဘဲ။ပဲရစ်မှာ အင်္ဂလိပ်လိုတတ်ပေမဲ့ ပြင်သစ်လို မပြောရင် ပြန်မဖြေကြဘူး။ ဒါတောင်(၂)နှစ်လောက်က ဘရပ်(စ်)ဆယ်မှာ ပြင်သစ် စီအီးအိုတယောက်က ပြင်သစ်သမ္မတအရှေ့မှာ အ၈င်္လိပ်လို မိန့်ခွန်းပေးလို့ ပွက်လောရိုက်သွားခဲ့တယ်။ အဖြေက အင်တာနက်ခေတ် အင်္ဂလိပ်စကားဟာ စီးပွားရေးသမားတွေရဲ့ ဘာသာစကား ဖြစ်သွားပြီ လို့ဖြေခဲ့တယ်။ နိုင်ငံတိုင်း တိုးတက်ဖို့ အတွက် အင်္ဂလိပ်စာကို အပြိုင်အဆိုင် သင်လာကြရတယ်။ Native English Speakerဆိုရင် အရှေ့တောင်အာရှနိုင်ငံ တွေမှာ အလုပ်လွယ်လွယ်နဲ့ အင်္ဂလိပ်စာသင်ပြခွင့်ရကြတယ်။ ဗမာနိုင်ငံမှာ ဦးနေ၀င်းရဲ့ မဆလခေတ်ကစပြီး ပညာရေးစံနစ်ကြီးပျက်စီးလာတာတောင် လမ်းပေါ်က လူတယောက်ဟာ ယူနိုးအိုင်နိုးတော့ ပြောနိုင်ကြတယ်။ အမေရိကန်နိုင်ငံ စီလီကွန်ဗယ်လီမှာ အိန္ဒိယ အောင်မြင်တာ ဟာ အသံထွက်မှာ ကုလားသံနဲ့ထွက်ပေမဲ့ အိန္ဒိယ လူမျိုးတွေဟာအင်္ဂလိပ်စာနိုင်တာကြောင့် တရုတ်တွေထက် အောင်မြင်ကြတယ်။

၁၉၅၀ ခုနှစ်တွေက ရန်ကုန်ကောလိပ်မှာ အင်္ဂလိပ်လို စာပို့ချတယ်။ဒါကျွန်စိတ်မကုန်လို့လား၊ မဟုတ်ဘူး။ အဆင့်မြင့်စာတွေ (Advance Learning)အတွက်ကြတော့ အင်္ဂလိပ်လိုမ တတ်လို့ မှမရ တော့ဘဲ။ အင်ဂျင်နီယာ၊ ဆရာဝန်တွေရဲ့ ပြဒါန်း စာအုပ်တွေဟာ အများအားဖြင့် အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေဘဲ မဟုတ်ဖူးလား။ ဗိုလ်ချုပ်အောင်ဆန်းတို့ တခေတ်လူငယ်တွေဟာ အင်္ဂလိပ်ကို တော်လှန်ကြပေမဲ့ အင်္ဂလိပ်စာတော်အောင် ကြိုးစားကြတယ်။ ဘာကြောင့်လဲ။ အင်္ဂလိပ်ဘာသာကို Communications Tools ဆက်သွယ်ရေးလက်နက် အဖြစ်သုံးနိုင်အောင် အင်္ဂလိပ်စာတော်အောင် ကြိုးစားကြတယ်။ တော်ချင်ရင် ဘယ်ဟာမဆိုလေ့ကျင့်ရပါတယ်။ အချင်းချင်းပြောတာ လေ့ကျင့်တာလို့ ယူဆနိုင်ရင် အမြင်ကြည်နိုင်မယ်လို့ထင်ပါတယ်။

အင်္ဂလိပ်နဲ့ဗမာစာရေးခြင်းဟာအရှေ့နဲ့အနောက်ဖြစ်နေတယ်။ အင်္ဂလိပ်က I Love You. ဗမာက - မင်းကိုငါချစ်တယ်။ မင်းနဲ့ငါနေရာပြောင်းပြန်ပေါ့။ဒါကြောင့်ဗမာလိုတွေးပြီးအင်္ဂလိပ် လိုရေးရင်ခက်နေတယ်။

ဒါကြောင့်အကျင့်မရှိဘဲ မလွယ်ကူလှပါ။ဗမာစကားနဲ့ဗမာစာဟာကျနော်တို့အတွက်သဘာဝ Mother Tongue စကားပါ။ ကျနော်အစကစာရိုက်ရတာလွယ်လို့အင်္ဂလိပ်လိုရေးတယ်။လွန်ခဲ့တဲ့(၂)နှစ်လောက်ကဂျပန်ပြည်ရောက်တော့မှအင်္ဂလိပ်လိုရေးရင်ဖတ်နိုင်တဲ့သူနည်းတာ တွေ့ရ တာကြောင့်ဗမာလို ပြောင်း ရေးဖြစ်တယ်။ပြသနာကလက်ရေးနဲ့ ချရေးပြီးမှနောက် တယောက်ကဗမာလိုရိုက်ပေးရ တယ်။ညံ့လှချီလားဗျာဆိုရင်လဲခံရမှာဘဲပေါ့။ အကျင့်မရှိတော့ မကျွမ်းဘူးပေါ့။

တချို့ကတော့ယူနိုးအိုင်နိုးလေးတတ်ရင်ဘဲအဟုတ်ကြီးထင်ပြီးကြွားချင်သူတွေရှိမှာပါ။သည်း ညည်းခံလိုက်ပါလို့တောင်းပန်ပါရစေ။နိုင်ငံခြားရောက်မှ ဗမာလို မပြောတော့တဲ့ သူတွေလည်း တွေ့ဖူးတာဘဲ။ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်ရှိရင် ဗမာစကားတွင် မက ဗမာဆိုတာ ရင်ထဲမှာအမြဲရှိတာပါ။ နိုင်ငံခြားရောက်မှ ဗမာစိတ်ပျောက်သွားသူတွေ ရှိသလို ဗမာစိတ်ပြင်းတဲ့ ကပြားတွေလဲအများကြီးဘဲ။ တချို့တလေ ဘ၀မေ့တာနဲ့ အများကိုမထိခိုက်စေချင်ပါ။စေတနာမှန်ပေမဲ့ အယူလွဲသွားပြီး အတွေးလွန်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဗိုလ်ချုပ်တို့ခေတ်ကလည်း ကောလိပ်ကျောင်း ထွက်တွေက ရွှပ်ရှက်ဒွပ်ဒက်လုပ်ကြတော့ အင်္ဂလိပ်စာမတတ်တဲ့ သခင်တွေက ကြည့်မရဖြစ်ခဲ့ဖူးပါတယ်။

အတိုကတော့အင်တာနက်ခေတ်ကြီးမှာအင်္ဂလိပ်စာဟာအရေးကြီးပါတယ်။ဗမာလူငယ်လေးတွေကမ္ဘာမှာပြိုင်နိုင်အောင်အင်္ဂလိပ်စာ
ကျွမ်းစေချင်တာကျနော့်စေတနာပါ။ဝိုင်းလှောင်ကြရင်၊မပြော၊မရေး၊မကျင့်ရင်၊ကိုယ်ဘဲရှုံးတာပေါ့။ကျနော့်အမြင်ကိုအရိုးသားဆုံးတင်ပြတာပါ။
လက်ခံတာ၊လက်မခံတာ၊စာဖတ်သူအတွက်ပါ။

အားလုံးကိုလေးစားလျက်




Rest of your post

No comments :