Tuesday, 2 December 2008

ရင်သားကင်ဆာ




-ဒေါက်တာအေးမင်း-

အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာ (Breast Cancer) ဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။

အမေရိကန်ကင်ဆာအဖွဲ့ အစည်း (American Cancer Society) ရဲ့ အဆိုအရ ၂၀၀၈ ခုနှစ် တစ်နှစ်တည်း အတွင်းမှာဘဲ အမေရိကန်မှာ ရင်သားကင်ဆာဖြစ်သူ ၁၈၂၄၆၀ ယောက် ရှိမယ်လို့ ခန့် မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ရင်သားကင်ဆာဖြစ်ပွားမှု ဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုတာကို မသိရပေမယ့် ယခင်ကပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ ရင်သားကင်ဆာတွေ့ ရှိမှုနှုန်းဟာ အမေရိကန်နိုင်ငံနဲ့  သိပ်ကွာမယ်မထင်ဖူးလို့  မှန်းဆကြပါတယ်။

အမေရိကန်လိုခေတ်မှီတဲ့  နိုင်ငံတစ်ခုမှာတောင် ရင်သားကင်ဆာကို ကာကွယ်လို့ မရပါဖူး။ လုပ်နိုင်တာ ကတော့ ရင်သားကင်ဆာ ဖြစ်တဲ့ အခွင့်အလမ်းနည်းသွားအောင် လုပ်လို့ ရတာတွေဘဲ ရှိပါတယ်။ ဒါ့အပြင်အဓိကအရေးကြီးဆုံးကတော့ ကင်ဆာဖြစ်ခါစ ခပ်သေးသေးအချိန်မှာ ကင်ဆာကို ရှာတွေ့ ဖို့ ဘဲ ဖြစ်ပါတယ်။ ကင်ဆာကို စောစောစီးစီး ငယ်တဲ့အချိန်မှာတွေ့ လေ ကုရတာ လွယ်လေဖြစ်ပြီး အသက်ရှင်ဖို့  အခွင့်အလမ်းလည်း ပိုပြီးရှိပါတယ်။

အဲ့ဒါဆိုရင် ရင်သားကင်ဆာကို ခပ်သေးသေးဖြစ်ချိန်မှာ ဖြစ်ခါစအချိန်မှာ တွေ့ အောင် ဘယ်လိုရှာမလည်း။

အဓိက နည်းလမ်း (၃) သွယ်ရှိပါတယ်။ ဒီနည်းလမ်း (၃) သွယ်လုးံကိုလုပ်ဘို့လိုပါတယ်။

ပထမနည်းက - တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့  အနည်းဆုံး တစ်နှစ်ကို တစ်ခါ ရင်သားကို စစ်ဆေးရပါမယ်။

ဒုတိယနည်းက - မိမိရင်သားကို တစ်လကို တစ်ကြိမ် မိမိကိုယ်တိုင် စစ်ဆေးရပါမယ်။ ဘာတွေကိုစစ်ရမလည်းဆိုရင် နို့ အကျိတ်၊ နို့ သီးခေါင်း အတွင်းဝင်သွားခြင်း၊ နို့ အုံမှ အရေးပြား ချိုင့်ဝင်သွားခြင်း၊ နို့ အုံမှ အရေပြား တင်းမာလာပြီး လိမ္မော်ခွံကဲ့သို့  ဖြစ်လာခြင်း၊ နို့ သီးခေါင်း မှ သွေးထွက်ခြင်းတို့ ဘဲ ဖြစ်ပါတယ်။

အဲ့ဒီ လက္ခဏာတွေ ရှိလာပြီဆိုရင် ဆရာဝန်နဲ့  အမြန်ဆုံး ပြဖို့ လိုပါတယ်။

တတိယအချက်နဲ့  အရေးကြီးဆုံးအချက်ကတော့ - အသက် (၄၀) ကျော်ပါက တစ်နှစ်လျှင် တစ်ကြိမ် နို့ ကို ဓါတ်မှန် (Mammogram) မန်မိုဂရမ် ရိုက်ဖို့ ဘဲ ဖြစ်ပါတယ်။ ဒီလိုရိုက်ဖို့ အတွက် သာမန် အဆုတ်တွေ အရိုးတွေကို ရိုက်တဲ့ X-Ray စက်နဲ့  ရိုက်လို့  မရပါဖူး။ နို့ ဟာ နူးညံ့တဲ့ တစ်ရှူး (Tissue) အင်္ဂါတစ်ခုဖြစ်တဲ့အတွက် အထူးပြုလုပ်ထားတဲ့ စက်နဲ့  ရိုက်ရပါတယ်။ ဒါက ဘာကြောင့်လည်းဆိုရင် မလိုအပ်ဘဲ အချိန်အဆများတဲ့ X-Ray ဓါတ်ရောင်ခြည်သင့်ရင် နို့ ကင်ဆာဖြစ်ဖို့  အခွင့်အလမ်းများနိုင်တဲ့အတွက် ဖြစ်ပါတယ်။

ရင်သားကင်ဆာ စဖြစ်စအချိန်မှာ ဘယ်မှမပြန့် သေးဘဲ နို့ ပြွန်လမ်းကြောင်းသေးသေးထဲမှာဘဲ ရှိပါသေးတယ်။ အဲ့ဒါကို အင်ဆုက်ကြူ (In-situ) ကင်ဆာလို့ ခေါ်ပါတယ်။ အင်မတန်မှ သေးငယ်လွန်းတဲ့အတွက် အများစုဟာ (Microscope) အကြီးချဲ့ မှန်ဘီလူးနဲ့  ကြည့်မှဘဲ ရပါတယ်။ အများစုဟာ အင်မတန် အတွေ့ အကြုံများတဲ့ ဆရာဝန်ကြီးတွေ စမ်းသပ်တာတောင် မတွေ့ နိုင်ပါဖူး။ ဒါကြောင့်မို့  Mammogram x-ray စက်တို့ ၊ Ultrasound အာထရာဆောင်းစက်တို့  လိုပါတယ်။ ဒီ In-situ ကင်ဆာတော်တော်များများဟာ ဖြစ်စမှာ ကယ်လ်ဆီယမ်အမှုံလေး (Calcification ဆားမှုန့် သေးသေးတွေလို) လောက်ဘဲ ရှိပါတယ်။

ဒီလိုစမ်းသပ်စစ်ဆေးဖို့ ဆိုရင် မြန်မာပြည်မှာ စက်အလုံအလောက်ရှိဖို့  လိုပါတယ်။ ဒီစက်တွေဟာ တော်တော်ဈေးကြီးတဲ့အတွက် ပုဂ္ဂလိကဆေးရုံတွေအနေနဲ့  ၀ယ်ဖို့ ဆိုတာ မလွယ်ပါဖူး။ ဒါ့အပြင် Mammogram မှာ သံသယဖြစ်စရာနေရာ Calcification လေးတွေ တွေ့ လာရင် အဲ့ဒီနေရာက တစ်ရှူး (Tissue) ကို ယူပြီး ဘိုင်အိုစီ(Biopsy) လုပ်ရပါမယ်။ အဲ့ဒီလို (Biopsy) လုပ်ဖို့ ဆိုရင် နောက်ထပ် အထူးစက်တစ်လုံး (Stereotactic Biopsy Table) ထပ်လိုပါတယ်။ အဲ့ဒီစက်က ကွန်ပျူတာ (Computer) နဲ့  တွဲထားပြီး၊ Biopsy လုပ်တဲ့ အပ်ကို လိုအပ်တဲ့နေရာရောက်အောင် အတိအကျ ညွှုန်ပေးပါတယ်။ ဆားမှုန့် လောက်သေးတဲ့ ကင်ဆာကို Biopsy လုပ်ဖို့ က အဲ့ဒီစက် မရှိရင် မရပါဖူး။

လူဦးရေ (၂) သိန်းလောက်ကို တာဝန် ယူရတဲ့ ကျွန်တော်တို့  တောဆေးရုံလေးမှာ Mammogram စက် (၈) လုံး၊ Stereostactic Tabel စက် (၂) လုံး၊ Ultrasound စက် (၁၀) လုံးရှိပါတယ်။ လူဦးရေ သန်း (၅၀) ကျော်တဲ့ မြန်မာပြည်မှာ ကျွန်တော် သိသလောက်ဆိုရင် ရန်ကုန်မှာလောက်ဘဲ Mammogram စက် သုံး လေးလုံးမျှသာ ရှိတယ်လို့  သိရပါတယ်။ Stereotactic Biopsy စက် တစ်လုံးမှ ရှိတယ်လို့  မကြားသိရပါဖူး။

အဲ့ဒီတော့ မြန်မာပြည်မှာ နို့ ကင်ဆာအများစုက အကျိတ်ဖြစ်မှဘဲ သိကြရပါတယ်။ အဲ့ဒီအကျိတ်အနေနဲ့  စမ်းသပ်ရမိပြီဆိုရင် အနည်းဆုံး ကင်ဆာဟာ In-Situ အဆင့်ကို ကျော်လွန်ပြီး ပြန့် သွားတဲ့အဆင့် (Invasive) ကို ရောက်သွားဘို.များပါပြီ။ အကျိတ်ကြီးလေ ဆိုးလေပါဘဲ။ တစ်ကိုယ်လုံးကို ပြန့် ဖို့ လည်း များသွားပါပြီ။ ပြန့် သွားပြီဆိုရင်ကတော့ (၅) နှစ်အတွင်းမှာ အသက်ဆုံးရှူံးဖို့ များသွားပါပြီ။

ဒီတော့ ရင်သားကင်ဆာကို အနိုင်တိုက်ဖို့ ဆိုရင် ကျန်းမာရေး ဗဟုသုတပေးမှုတွေ လုပ်ရပါမယ်။ မြန်မာပြည်လို အနေအထားမျိုးမှာ အစိုးရရဲ့  ကူညီမှု မရှိဘဲ ဒီလိုစက်တွေ ရှိဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဖူး။ ရင်သားကင်ဆာဟာ စစ်သားမိန်းမ အရပ်သားမိန်းမဆိုတာ မခွဲပါ စစ်သားအမေ အရပ်သားအမေဆိုတာ မခွဲပါ။ အခုလက်ရှိအနေအထားအရဆိုရင် မြန်မာပြည်မှာ စီးပွားရေးသမားကြီးတွေ၊ ဗိုလ်ချူပ်အဆင့်လောက်ရှိတဲ့သူတွေရဲ့  အမျိုးသမီးတွေလောက်သာ Mammogram ကို သုံးနိုင်မယ် ထင်ပါတယ်။ ဒါတောင်မှ Stereotactic Biopsy Table မရှိရင် ဘယ်လို ရောဂါရှာမလည်း မသိပါ။

အဲ့ဒီတော့ သာမန်အရပ်သားနဲ့  အရာရှိငယ် (ဗိုလ်မှူးကြီးအဆင့်အောက်) တွေရဲ့  အမျိုးသမီးတွေအနေနဲ့ က တော့ ဘုရားတဖို့ ဘဲ ရှိပါတော့တယ်။

ရင်သားကင်ဆာဟာ လူ မရွေးပါ။

မြန်မာအမျိုးသမီးများ ရင်သားကင်ဆာ ကင်းဝေးကြပါစေ။

(ဒေါက်တာအေးမင်း) ။






























No comments :