Sunday, 7 December 2008

သန်းရွှေလက်ထက် မြန်မာနိုင်ငံ နှင့် နယ်နိမိတ်ခြင်းထိစပ် နေသော တိုင်းပြည်များကို နှိုင်းယှဉ်ခြင်း



-သာကျော်-

တိုင်းပြည်တပြည် တိုးတက်ထွန်းကားမှု သည် နိုင်ငံခေါင်းဆောင်များ၌ များစွာ မူတည်နေပါသည်။ ကမ္ဘာပေါ်၌ မိမိနိုင်ငံ သမိုင်းကြောင်းနောက်ခံ များအရ သန်ရာ အုပ်ချုပ်ရေးစံနစ် ပုံစံများစွာကို ကျင့်သုံးနေကြသော တိုင်းပြည်များစွာရှိပါသည်။ ကွန်မြူနစ်၊ဆိုရှယ်လစ်၊ အရင်းရှင်၊ အာဏာရှင်စသည်ဖြင့် အကြမ်းဖျင်း ခွဲခြား နိုင်သော်လည်း တိုင်းပြည်တပြည် ၏ တိုးတက် ထွန်းကားမှု မှာ လက်ရှိ ကမ္ဘာ၌ အုပ်ချုပ်ရေးစံနစ် နှင့် တိုက်ရိုက် ပတ်သတ်ခြင်းမရှိတော့သည် ကို ၂၀ ရာစု အနှောင်းပိုင်း၌ ပိုမိုထင်ရှားစွာ တွေ့လာရပါသည်။ တရုပ် နှင့် ဗီယက်နမ် သည် ဗဟိုချုပ်ကိုင်သော ကွန်မြူနစ် တိုင်းပြည်များ ဖြစ်သည့်တိုင် ၎င်း နိုင်ငံခေါင်းဆောင်များ ၏ အမြော်အမြင် ကြီးမားမှု၊ တိုင်းသူပြည်သားတို့ အား အခြေခံလူအခွင့်အရေး ကို မပေးသော်ငြား အခြေခံ စားဝတ်နေရေး ကို ဖူလုံပြည့်ဝ စေ မှု နှင့် နိုင်ငံတိုးတက်ထွန်းကာလာမှု တို့ကို အထင်အရှား မြင်တွေ့ လာရပေသည်။ မြန်မာပြည် နှင့် ကပ်နေသော တိုင်းပြည်များကို ယှဉ်တွဲလေ့လာကြည့် ပါမှ လည်း စစ်ဖိနပ်အောက်မြန်မာပြည် ၏ အနေအထား ကို ဂဏန်းသင်္ချာ များမှ ပြောသော အခြေအနေမှန် ကို သိနိုင်မည်သာဖြစ်သည်။

နယ်နိမိတ်ခြင်းထိစပ်နေသော်လည်း အဓိက ကမ္ဘာနိုင်ငံကြီးစာရင်းဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက် နေသော တရုပ်နှင့်အိန္ဒိယ တိုင်းပြည် ၂ ခု နှင့် မနှိုင်းယှဉ်လိုပါ။ နောက်ကောက်သာ ကျမည်ဖြစ်၍ သူ မသာ ကိုယ် မသာ ဟုသတ်မှတ်နိုင်သော လော၊ ဘင်္ဂလားဒေ့ရှ်၊ထိုင်းနိုင်ငံ များဖြင့်သာ နှိုင်းယှဉ်သွားမည်ဖြစ်ပါသည်။ မြန်မာပြည် သည် ၁၉၄၈ ခု ၌ လွတ်လပ်ရေး ရခဲ့ပြီး လော(လာအို) သည် ၁၉၄၉ ခုတွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် သည် ၁၉၇၁ ခုတွင်လည်ကောင်း လွတ်လပ်ရေးအသီးသီး ရခဲ့ကြပြီး ထိုင်းနိုင်ငံသည် မည်သည့် တိုင်းပြည် မှ တိုက်ရိုက် ၀င်ရောက် အုပ်ချုပ်သိမ်းပိုက်မှု မရှိခဲ့ပါ။ အကျယ်အ၀န်းအားဖြင့် စတုရန်းကီလိုမီတာ ၆၇၈၅၀
(၂၆၁၂၂၈ စတုရန်းမိုင်) ရှိသော မြန်မာပြည်သည် လောနိုင်ငံ ၏ ၃ ဆနီးပါး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၏ ၅ဆ နှင့် ထိုင်းနိုင်ငံ ထက် စတုရန်းကီလိုမီတာ ၁သောင်းခွဲခန့် ပို၍ ကျယ်ဝန်းပါသည်။

လူဦးရေ အားဖြင့် မြန်မာပြည်သည် သန်း ၅၇ သန်း၊ လောနိုင်ငံသည် ၆.၆ သန်း၊ ဘင်္ဂလားဒေ့ရှ်သည် ၁၅၃ သန်း နှင့် ထိုင်းသည် ၆၅ သန်းကျော်နေထိုင်ကြ သဖြင့် မြန်မာနိုင်ငံ၏ အကျယ်အ၀န်း နှင့် လူဦးရေသည် လွန်စွာ မျှတမှု ရှိနေသေးသည် ကိုတွေ့ရပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မှယနေ့ချိန်ထိ မနားတမ်း တိုက်နေ ကြသော ပြည်တွင်းစစ် ကြောင့်လားဟု မေးခွန်း ထုတ်စရာဖြစ်လာတယ်။

လူသက်တမ်း တိုင်းတာမှု ၌ မြန်မာပြည်သူ တယောက်၏ ပျမ်းမျှအသက် သည် ၆၀.၈ နှစ်၊ လော သည် ၅၆.၂၉နှစ်၊ ဘင်္ဂလားဒေ့ရှ်သည် ၆၃.၂၈ နှစ် နှင့် ထိုင်းသည် ၇၂.၈၃ နှစ် ရှိကြပါသည်။ ကွန်မြူနစ် အုပ်ချုပ်ခံ လောပြည်သူတို့ အသက်တိုနေသည်မှာ ထူးဆန်းနေသော်လည်း မကြာခဏ ဆိုင်ကလုံးများဝင်ရောက်နေပြီး ငတ်မွတ်ခေါင်းပါးဘေးနှင့် အမြဲတမ်းကြုံတွေ့နေရသော ဘင်္ဂလားဒေ့ရှ် ပြည်သူများပင် ရွှေမြန်မာများထက် သက်တမ်းပိုရှည်နေသည် ကို တွေ့ရပါသည်။ အာဏာရှင်များတရားလွန် ဖိနှိပ်မှုများကြောင့် ပြည်သူများ အသက်ရှည်ရှည်မနေလိုကြလေသလားဟုမေးခွန်းထုတ်စရာပင်။

ကလေးငယ်များသေကြေပျက်စီးမှု နှုန်းမှာမူ မြန်မာ မှ ကလေးတထောင်မွေးတိုင်း ၄၉.၁၂ ယောက်၊ လော မှ ၇၉.၆၁၊ ဘင်္ဂလားဒေ့ရှ် မှ ၅၇.၄၅ နှင့် ထိုင်း မှ ၁၈.၂၃ ပျက်စီးနေပါသည် ဟု ထုတ်ပြန်ထားပါသည်။ ကလေးတို့၏ပျမ်းမျှ စာသင်ကြားသော စာသင်နှစ်များ မှာ မြန်မာ ၈နှစ်၊လာအို ၉ နှစ်၊ ဘင်္ဂလားဒေ့ရှ် ၈ နှစ် နှင့် ထိုင်း မှ နှစ်အများဆုံး ၁၄ နှစ် ဖြင့်ဗိုလ်စွဲထားပါသည်။ တနည်းရှင်းပြရသော် ပျမ်းမျှမြန်မာကလေးတဦး ၏ အဆင့်မြင့် ဆုံး ပျမ်းမျှ ပညာရေးမှာ ၇တန်း၊၈တန်းမျှသာ ဖြစ်ပြီး ထိုင်းကလေးတဦးသည် တက္ကသိုလ်ပညာရေး အထိပညာသင်ကြသည်ဟုဆိုနိုင်ပါသည်။

ပညာရေးအတွက်အသုံးစားရိတ်၌ ၂၀၀၁ ခုနှစ် တွင် တိုင်းပြည်တမျိုးသားလုံး ထုတ်ကုန် (G.D.P) ၏ ၁. ၂ ရာနှုံး သာ မြန်မာမှသုံးပြီး လော မှ ၃ ရာနှုံး၊ ဘင်္ဂလားဒေ့ရှ်မှ ၂.၇ ရာနှုံး နှင့် ထိုင်းမှ ၄.၂ ရာနှုံးသုံး စွဲထား သည်ကို ကြည့်ခြင်းဖြင့် မြန်မာ ကလေးငယ်များ ကျောင်းသက် မရှည် ခြင်းမှာ ဘယ်သူ့အပြစ်လဲဟု မွေးခွန်းအပိုထုတ်စရာမလိုတော့ပါ။

HIV/AIDS ရောဂါသည် နှုံးမှာမူ ထိုင်းမှ လူဦးရေ ၏ ၁.၅ ရာနှုံးဖြင့်ဗိုလ်စွဲထားပြီး မြန်မာမှ အားကျမခံ ၁.၂ ရာနှုံးဖြင့် ကပ်နေလိုက်နေပါသည်။ လော နှင့် ဘင်္ဂလားဒေ့ရှ် ၌မူ ၀.၁ ရာနှုံးဖြင့်သရေဖြစ်နေပါသည်။ ထိုင်းနိုင်ငံ ၏ HIV/AIDS စာရင်းသည် မြန်မာထက် ပို၍ တိကျမှန်ကန်နိုင်မည်ဖြစ်ပြီး မြန်မာ HIV/AIDS သန်းခေါင်စာရင်း ၌ မူ အရှက်ကိုအသက်နဲ့လဲမည့် စာရင်းလာမသွင်းသော ရောဂါသည် များ နှင့် ကိုယ်ဖာသာ ကိုယ်ရောဂါ ရှိ၊မရှိ မသိသော ရောဂါသည်များ ဘယ်နှစ်ထောင်၊ ဘယ်နှစ်သောင်းရှိနေမည်နည်းဟု မေးခွန်းထုတ်စရာပင်။ ထိုင်းနိုင်ငံရှိ HIV/AIDS မြန်မာ ရောဂါသည်များကို ဘယ်နိုင်ငံ စာရင်းတွင် ထည့်သွင်းထားသလဲဟု လည်း မေးခွန်းထုတ်စရာတွေလည်းရှိပါသည်။ HIV/AIDS ရောဂါဖြင့် သေဆုံးမှုမှာ ထိုင်းမှ ၅၈၀၀၀၊ မြန်မာ ၂၀၀၀၀၊ ဘင်္ဂလားဒေ့ရှ် ၆၅၀ နှင့် လော ၂၀၀ တို့ဖြစ်သည် ဟု ၂၀၀၃ စာရင်းအရဆိုပါသည်။

စစ်အသုံးစားရိတ် အတိအကျကို ကို မြန်မာစစ်အုပ်စု က ဖော်ပြခြင်းမရှိသော်လည်း၊ အမေရိကန် ထောက်လှမ်းရေး ခန့်မှန်းချက်အရ ၂၀၀၅ ခုနှစ်တွင် တိုင်းပြည်တမျိုးသားလုံး ထုတ်ကုန် (G.D.P) ၏ ၂.၁ ရာနှုံးကိုသုံး၍ မြန်မာမှ ချန်ပီယံစွဲ ထားပြီး ထိုင်းမှ ၁.၈ ရာနှုံး၊ ဘင်္ဂလားမှ ၁.၅ ရာနှုံး နှင့် လော မှ ၀.၅ ရာနှုံးတို့သုံးစွဲထားပါသည်။ နအဖ ၏ မိုက်ကြေးခွဲ တပ် ဖြစ်သော ကြံ့ဖွတ်၊စွမ်းအားရှင် တို့ ၏ နေ့စား အဓိကရုဏ်း စားရိတ်၊ ဒန်ပေါက်စားရိတ်၊ အရက်သောက် စားရိတ် များ ဤစာရင်း ၌ မပါသေးပါ။

အလုပ်လုပ်နိုင်သော လူဦးရေ စာရင်း ၌ မြန်မာ ၂၆ သန်း၊ ဘင်္ဂလား ၆၉ သန်း၊ ထိုင်း ၃၇ သန်း၊ လော ၂ သန်းတို့ ရှိကြပြီး အလုပ်လက်မဲ့ နှုံးမှာ မြန်မာ ၅.၂ ရာနှုံး၊ ဘင်္ဂလား ၂.၅ ရာနှုံး၊ ထိုင်း ၁.၄ ရာနှုံး နှင့် လော ၂.၄ ရာနှုံး တို့ဖြစ်ကြသဖြင့် မြန်မာပင် ဗိုလ်စွဲပြန်ပါသည်။ အလုပ်လုပ်နိုင်သော မြန်မာ လူဦးရေ ၁.၃၅သန်း အလုပ်မရှိကြပါဟု တနည်းဆိုနိုင်ပါသည်။

အိမ်ဖုန်း အရေအတွက် စာရင်း၌ ထိုင်းသည် ၇.၀၂၄ သန်း၊ ဘင်္ဂလားဒေ့ရှ် ၁.၁၈၇ သန်း၊ လော ၉၄၈၀၀ နှင့် မြန်မာ မှ ၅၀၃၉၀၀ တို့ ဖြစ်ပြီး လူဦးရေ အချိုးအစားနှင့်နှိုင်းယှဉ်သော် မြန်မာ ၁၁၃ ယောက်လျှင် အိမ်ဖုန်းတလုံး ပိုင်ကြသည်ဟု ဆိုနိုင်ပါသည်။ လော ၂၇၅ ယောက်လျှင်အိမ်ဖုန်းတလုံးပိုင်၍ မြန်မာအိမ်ဖုံးပိုင်သူ ဦးရေ နောက် ရောက်နေသည် ဟု ဆိုနိုင်သော်လည်း လက်ကိုင်ဖုန်း အလုံးရေ၌ မူ လောသည် ၁.၄၇၈ သန်း ဖြင့် မြန်မာ ၂သိန်းကျော် လက်ကိုင်ဖုန်း အရေအတွက် ကိုအပြတ်အသတ် နောက်ကောက်ချနိုင်ပြီး ဘင်္ဂလားဒေ့ရှ်မှ ၃၄.၃၇ သန်း၊ ထိုင်း ၅၃. ၃၇ သန်း အလုံးရေဖြင့်နှိုင်းစာသော် ရှက်ဖွယ် ပီဘိ။

ရေဒီယို အသံလွှင့်ဌာနများ၌ ထိုင်းသည် AM ၂၃၈ လိုင်း၊ FM ၃၅၁ လိုင်း၊ လှိုင်းတို ၆လိုင်း ဖြင့်ဦးဆောင်နေပြီး ဘင်္ဂလားဒေ့ရှ် မှ AM ၁၅ လိုင်း၊ FM ၁၃ လိုင်း၊ လှိုင်းတို ၂ လိုင်း၊ လောမှ AM ၇ လိုင်း၊ FM ၁၄ လိုင်း၊ လှိုင်းတို ၂ လိုင်း နှင့် နအဖ လက်အောက် မြန်မာပြည်၌ မူ AM ၁ လိုင်း၊ FM ၂ လိုင်း၊ လှိုင်းတို ၃လိုင်း ဖြင့် ဘိတ်ဆုံး သို့ ရောက်နေပါသည်။ လော ကဲ့သို တိုင်းပြည်ငယ်လေးကို ပင် ဤတကွက်၌ ပင် နအဖ ဗိုလ်ချုပ် တို့ မယှဉ်နိုင်ပါ၊

ရုပ်မြင်သံကြားဌာနများ ၌ ထိုင်းမှ ရုပ်မြင်သံကြား ၁၁၁ ခု၊ဘင်္ဂလားဒေ့ရှ်မှ ၁၅ ခု၊ လော မှ ၇ ခု နှင့် ထုံးစံအတိုင်း မြန်မာ မှ ၄ ခု ဖြင့် ဘိတ်ချီးထပ်စွဲပြန်ပါသည်။အင်တာနက် HOST များတွင်လည်း ထိုင်းမှ ၁.၁၁၆ သန်း၊ ဘင်္ဂလားဒေ့ရှ်မှ ၁၄၄၀၊ လောမှ ၁၀၁၅ နှင့် မြန်မာမှ ၁၀၈ ခု ဖြင့် အပြုံးမပျက် ဘိတ်ထပ်ချိတ်ပြန်ပါသည်။ အင်တာနက်သုံးသူ ဦးရေမှာ ထိုင်း ၁၃.၄ သန်း၊ ဘင်္ဂလားဒေ့ရှ် ၅သိန်း ၊ လော ၁ သိန်း နှင့် မြန်မာတို့မှာ ၅သောင်းခန့်သာသုံးနိုင်ကြပါသေးသည်။ဘိတ်ချီးချိတ်တာများပြီး အားငယ်နေမည် စိုး၍ ရွှေပြည်တော် ၏ ထိပ်ရောက်နေသော နေရာ များကို ဖော်ပြပါဦးမည်။ ကုန်ဈေးနှုံး ဖောင်းပွမှု နှုံး ၌ မြန်မာ သည် ၃၅ ရာနှုံးဖြင့် ဗိုလ်စွဲထားပြီး လောမှ ၄.၅ ရာနှုံး၊ ဘင်္ဂလားမှ ၉.၁ ရာနှုံး နှင့်ထိုင်း မှ ၂.၂ ရာနှုံးတို့ဖြင့် နောက်ကောက်ကျနေပါသည်။

လူတဦးချင်းစီ၏၀င်ငွေ ( ppp. G.D.P per Capita) မြန်မာ မှ ၂၃၉ ဒေါ်လာ၊လော မှ ၇၁၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ် ၅၂၀ ဒေါ်လာ နှင့် ထိုင်းမှ ၃၇၃၇ ဒေါ်လာ တို့ရှိကြသည်ကိုမြင်ရခြင်းဖြင့် နအဖ အောက်မြန်မာတို့ မပြောင်မရောင်သည် ကို နားလည်နိုင်ပါသည်။ နိုင်ငံခြားကြွေးမြီ ၌ ထိုင်းသည် ဒေါ်လာ ၅၉.၅၂ ဘီလျံ၊ ဘင်္ဂလားဒေ့ရှ်သည် ဒေါ်လာ ၂၁.၂၃ ဘီလျံ၊ မြန်မာ မှ ဒေါ်လာ ၇.၀၂၂ ဘီလျံ နှင့် လောသည် ဒေါ်လာ ၃.၁၇၉ ဘီလျံတို့ အကြွေးတင်လျက်ရှိသည်။ အကြွေးများကို ကြည့်၍ မြန်မာ ပြည် သည်သိတ်အကြွေးမထူ ဟု ယူဆနိုင်သော်လည်း မြန်မာ ပြည် စုဆောင်းထားသော ရွှေပေါင်နှင့် နိုင်ငံခြားငွေ(Reserve Gold & Foreign Exchange) ၌မူ ခန့်မှန်းခြေ ဒေါ်လာ ၂.၂၆၂ ဘီလျံသာရှိပြီး ထိုင်း၌ ဒေါ်လာ ၈၇.၄၆ ဘီလျံ၊ ဘင်္ဂလားဒေ့ရှ်မှ ဒေါ်လာ ၅.၂၇၈ ဘီလျံ နှင့် လောတို့တွင်ဒေါ်လာ၅၄၀သန်းရှိပါသည်။ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားချေးငွေ အများဆုံးဖြစ်သော်လည်း ရွှေပေါင်နှင့် နိုင်ငံခြားငွေ တွင်လည်းအများဆုံး စုဆောင်းထားသော တိုင်းပြည် ဖြစ်နေသဖြင့် ၎င်း ချေးငွေကို အချိန်မရွေး အကြေ ပြန်ဆပ်လိုကဆပ်နိုင် သည့် အပြင် ဒေါ်လာ ဘီလျံ ၂၀ ကျော်ပင်ပိုနေသေးမည်ကို တွေ့နိုင်ပါသည်။ မြန်မာပြည် မှာမူ နအဖ တို့ နိုင်ငံတကာ ဆက်ဆံရေး ကောင်းမှု၊ နေရာတကာ လက်ဝါးကြီးအုပ်ချင်မှုတို့ကြောင့် စီးပွားရေးပိတ်ဆို့ထားသော နိုင်ငံများ နှင့် ကမ္ဘာဘဏ်များ ပင်မဆိုထားနှင့် ASEAN နိုင်ငံများပင် အရင်းအနှီး မထုတ်ရဲသလောက် ဖြစ်နေသော ကြောင့် ပြည်ပနိုင်ငံများမှ ငွေပင်ထုတ်မချေးရဲသလောက်ဖြစ်နေပြီး နိုင်ငံခြားကြွေးမြီမတက်လာခြင်းလည်း ဖြစ်တန်ရာသည်။

အထက်ပါအချက်များကို ကြည့်ခြင်းဖြင့် အိမ်နီးခြင်းနိုင်ငံများနှင့် သန်းရွှေအောက် မြန်မာပြည်အနေအထားကို ရေချိန်ထိုးနိုင်ပါသည်။ ၎င်းတို့လက်ထက်တွင် တိုင်းပြည် တိုးတက်လာပါသည်ဟု အသိအမှတ်ပြု အရမ်းခံချင် နေလွန်းသော နအဖ တို့သည် မိမိတိုင်းပြည်၏ အခြေအနေမှန်ကို သိသိနှင့် မုသာဖုန်းကာ အဓမ္မ ဆက်လက် ကျွန်ပြုအုပ်ချုပ်နေဦးမည် ဆိုပါက လာမည့် ၁၀ စုနှစ်အနည်းငယ်၌ ပင် အမိတိုင်းပြည် သည် ဆထက်တပိုး ပိုမိုဆိုးဝါးစုတ်ပြတ်ဆင်းရဲမွဲတေလာပြီး အမျိုးသား စိတ်ဓါတ်များ ပျက်စီးစုတ်ပဲ့ကာ ကမ္ဘာအလယ်မဆိုထားနှင့် အိမ်နီးခြင်းနိုင်ငံတို့ကြား ၌ ပင် မျက်နှာငယ် အောက်ကျို့ရတော့မည်မှာမလွဲပေ။

CIA the world factbook နိုဝင်ဘာ ၂၀၀၈ (မွမ်းမံ)၊ U.S. Dept. Of State Report၊ UNDP နှင့် IMF Report များမှ မှီငြမ်းပါသည်။


Rest of your post

1 comment :

Anonymous said...

I like the way you write.It's true.