Monday, 22 December 2008

ပူကနဲ

၁၉၄၄ ခုနှစ် ဧပြီလ က မြန်မာပြည်လယ်ကွင်းတနေ၇ာတွင် ဆင်းသက်နေသောမဟာမိတ် လေယာဉ်
Hsa'tnshingyang, Burma
Photo credit: Lt. David Lubin

-မောင်လူအေး-
(ဂျပန်ခေတ်ဟာသများ စာအုပ်မှ မှတ်မိသမျှ ကို ပြန်လည်၍ ဖော်ပြရေးသား လိုက်ပါသည်။)

အချိန်ကား ဂျပန်ခေတ်။ တိတိကျကျ ဆိုရသော် မြန်မာပြည် ၌ ဂျပန်များ စတင်ဆုတ်ခွာနေချိန်။ မဟာမိတ် တပ်များ နှင့် ဗမာတပ်မတော်က ဂျပန်တော်လှန်ရေး စတင်ပြီး ဖက်ဆစ်ဂျပန်တို့ အား ပြင်းထန်စွာ ချေမှုန်း နေချိန်ဖြစ်သည်။ မဟာမိတ် လေတပ်မှ နေ့စဉ် အုပ်လိုက်တမျိုး၊ ကျွဲညီနောင် ဟု ခေါ်တွင်ခဲ့သော ၂ စင်းတွဲ၍ တဖုံ၊ ရန်ကုန်မြို့တော်နှင့် မြန်မာပြည် တ၀ှမ်းလုံး အနှံ့ ဗုံးကြဲ၊ စစ်သေနတ်ဖြင့် ပစ်၍ ထိုးစစ် အကြီးအကျယ် ဆင်နွှဲ နေသောကာလဖြစ်ပါသည်။

ညနေစောင်းတခု ၌ ရန်ကုန်တဖက်ကမ်း ဒလမြို့လေးမှ အဖိုးကြီး၊အဖွားကြီး ဇနီးမောင်နှံသည် ရန်ကုန်ဖက်သို့ ကူးတို့ သမ္ဗာန်လေး ဖြင့် ကူးလာခဲ့သည်။ မြစ်လယ်သို့ ရောက်ခါမှ ဗုံးကြဲလေယာဉ် အချက်ပေးသံများ ကို ရန်ကုန်ဖက် မှ ကြားရပြီး မရှေးမနှောင်းပင် ကျွဲညီနောင်သည် မြစ်ကြောင်းပေါ် ၌ ပေါ်လာပြီး မြစ်ထဲ ရှိ သင်္ဘော၊လှေ၊သမ္ဗာန်၊ဘောက်တူ၊ တုံကင်း အစရှိသော ရေကြောင်းသွားနာဝါ မှန်သမျှ တို့ကို စစ်သေနတ်ဖြင့် အကြီးအကျယ်ပစ်ခတ် လေတော့သည်။

မြစ်လယ်၌ ကား ကမ္ဘာပျက်လေပြီ။ ကျည်ဆံတို့သည် ရေကို ထိ၍ တဖွားဖွား။ လှေများကိုမှန်၍ မီးလောင်သည့် လှေ က မီးလှောင်။ အမယ်ကြီး၊အဖိုးကြီး တို့ သမ္ဗာန်လေး နားကို ကျည်ဆံများက ဝှေ့ယှမ်းလာချေပြီ။ သမ္ဗာန်သမား၊ အမယ်ကြီး၊ အဖိုးကြီး တို့ ကြိုတင်ဇာတ်တိုက် ထားဘိအလား လွှားကနဲ ရေ ထဲသို့ ခုန်ချကြရလေတော့သည်။ အမယ်ကြီး နှင့် အဖိုးကြီး မှာ ရေထဲ၌ လုံးလားထွေးလား။ ကျည်ဆံများ တရစပ် သူတို့ အနားသို့ ပစ်အသွား အဖိုးကြီး ၏ ငယ်သံပါအောင်အော်သံ ကိုကြားလိုက်ရလေတော့သည်။

“ငါ့ကိုထိသွားပြီ မယ်တင့်ရေ၊ လုပ်ပါအုန်းဟ”။ ကျွဲညီနောင် သည် လည်း ထုံးစံအတိုင်း ဂရူးမူးထိုး ပစ်ခတ် သွားပြီးနောက် လာရာလမ်း ကို ပြန်လှည့်သွားသော အခါ မှ ပင် သမ္ဗာန်သမားလေး ၏ အကူအညီ ဖြင့် ကျည်သင့်လေရှာ သော အဖိုးကြီး ကို သမ္ဗာန်ပေါ် သို့ ဆွဲတင်ရလေတော့သည်။

“ကိုဘိုးထင်၊ကိုဘိုးထင် ဘယ်မှာထိတာလဲ၊ ကျမကို ပြပါအုန်း၊ ရင်တုန်လိုက်တာရှင်” အမယ်ကြီး မေးခါမှ ဒဏ်ရာ ဖြင့်မှိန်းနေသော အဖိုးကြီး ခမျာ “တင်ပါးမှာ၊ မယ်တင့်ရေ၊ တင်ပါးမှာ တည့်တည့်ကြီး ထိတာဟ” ဟု ဖွဖွသာ ပြောနိုင်လေတော့သည်။ အမယ်ကြီး နှင့်သမ္ဗာန်သမား ခမျာ အဖိုးကြီး ၏ ပုဆိုးကို လှန်၍ တင်ပါးကို ကြည့်ကြ သော်လည်း ဒဏ်ရာမတွေ့။ တကိုယ်လုံးစစ်ဆေးကြည့်သော်လည်း အပ်ရာမျှ မထင်။

“ကိုဘိုးထင် ဘယ်မှာလဲ ရှင့်ဒဏ်ရာ၊ ဘာမှလည်းမတွေ့ပါလားရှင်”အမယ်ကြီး မြည်တွန်တောက်တီးလေမှ အဖိုးကြီး က “ ငါလည်း ဘာသိမှာလဲ ရှင်မရာ၊ ရေထဲမှာ ကျည်ဆံတွေ ပစ်နေတုံး ငါဖင် ပူ ကနဲ၊ ပူကနဲ နှစ်ချက်ဖြစ်သွားတယ် ” ။ ထိုအခါမှ ပင် အမယ်ကြီး က ပြုံးစိပြုံးစိဖြင့် “အဟီး၊ ရေထဲမှာ တုံး က ကျမ အပေါ့သွားလိုက်မိသေး တယ် တော့” ဟူသတည်း။

Rest of your post

No comments :