Saturday, 6 December 2008
လှုံ့ဆော်ရေးပြောက်ကျားတိုက်ပွဲများ
-ခင်မမမျိုး-
အခန်း (၁)
လမ်းထိပ်မှအကြော်သည် ဒေါ်ဘုမဆိုင်တွင် လူအများစည်ကားနေသည်။ ညနေကျောင်းဆင်းချိန်၊ ရုံးဆင်းချိန်လဲဖြစ်၊ ညစာဟင်းလျာမရှိသူတစ်ချို့မှာလဲ အကြော်လေးနှင့် ထမင်းကြမ်းလေးနှင့်သာ ဝမ်းစာတနပ်ပြီးဆုံးရမည်မို့ စည်ကားနေသည်မှာ အဆန်းမဟုတ်တော့။ နေ့လည်နေ့ခင်း အဆာပြေစားရသည့် မုန့်ပဲသားရေစာလေးများ ဟင်းလျာဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီပဲ။မကျေနပ်ချက်များကတော့ လူထုရင်ထဲတွင် ဗလောင်ဆူနေဆဲ။
ဤတဒင်္ဂလေးတွင် သူတို့ရင်ထဲမှခံစားချက်များကို ဖော်ပြပေးသည့် ကြွေးကြော်သံများ ထွက်လာသည်။
‘လေးစားအပ်ပါသောလူထုကြီးရှင့်။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်မတို့ ဒီလိုဘဝက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲများစတင်ကြဖို့ အချိန်တန်ပါပြီ။’
ပြောပြောဆိုဆိုနှင့် အသံမာန်ဟုန်မြှင့် ပြောနေသူက ကြွေးကြော်သံများ တိုင်လိုက်သည်။ လူများမှလဲ စိတ်အားထက်သန်စွာ ‘အောင်ရမည်၊ အောင်ရမည်’အော်ဟစ်လိုက်ကြသည်။ တစ်မိနစ်ခန့်ရှိသည်နှင့် ဟောပြောနေသူက နီးစပ်ရာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ မည်သူမှန်း ဘယ်သူမှ မသိလိုက်ကြ။ လူထုတိုက်ပွဲစတင်နေပြီဆိုသည်ကိုတော့ သူတို့နားလည်လိုက်ကြသည်။ နီးစပ်ရာဆွေးနွေး တိုင်ပင်ကြတော့မည်။
အခန်း (၂)
ဘတ်စ်ကားမှတ်တိုင်တွင် လူအများစည်ကားနေသည်။ နံနက်ရုံးတက်ချိန်၊ ကျောင်းတက်ချိန် ဖြစ်သည်ကိုး။ လူတွေအားလုံးစီမှာတော့ သောကကိုယ်စီ ပြည့်နှက်လျက်။
ခါတိုင်းစားနေကျ မုန့်ဟင်းခါးကို တောင့်တသူက တောင့်တနေသည်။ မုန့်ဟင်းခါးတပွဲ သုံးလေးရာကာလမှာ တလတပွဲစားနိုင်ဖို့တောင် မလွယ်တော့ ပါလား။
ထမင်းဘူးထဲမှ ဆီမပါ ရေလုံပြုတ် အရွက်ကြော်လေးအကြောင်း စဉ်းစားသူက စဉ်းစားနေသည်။ အို- ကြက်သားဟင်းဆီပြန်လေး တစ်ခွက်လောက်စားချင်လိုက် ပါဘိ။ စိတ်ထဲက တောင့်တရင်း မသိမသာ တံတွေးမျိုချသူကမျို။
ကျောင်းက တံမြက်စည်းဖိုးမပေးနိုင်သေးသည့် ကျောင်းသားလေးကလဲ သက်ပြင်းခဏခဏချရင်း ဒီနေ့လဲအရိုက် ခံဦးံရမည့်အကြောင်းတွေးနေဆဲ။
မြို့ထဲအလုပ်သွားရှာနေသည့်အိမ်ထောင်သည်ခမျာမှာလဲ မပေါ့မပါးနဲ့ အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်ကိုတလှည့်၊ ဆန်ပြုတ်မစားချင်ဘူးငြင်းလို့ ထရိုက်ခဲ့မိတဲ့ သား ငယ်လေး မျက်နှာကိုတလှည့် မြင်ယောင်ရင်း အလုပ်ရမှရပါ့မလား ပူပန်သောကတွေနဲ့။
ဒီလိုအချိန်မှာ လူငယ်လေးတစ်ယောက်ရဲ့ အသံထွက်လာသည်။
‘လေးစားအပ်ပါသော လူထုကြီးခင်ဗျာ။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်တော်တို့ ဒီလိုဘဝဆိုးက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲများ စတင်ဖို့အချိန်တန်ပါပြီ။’
ပြောပြောဆိုဆိုနှင့် အသံမာန်ဟုန်မြှင့်ပြောနေသူက ကြွေးကြော်သံများတိုင်လိုက်သည်။ လူများမှလဲ စိတ်အားထက်သန်စွာ ‘အောင်ရမည်၊ အောင်ရမည်’အော်ဟစ်လိုက်ကြသည်။ တစ်မိနစ်ခန့်ရှိသည်နှင့် ဟောပြောနေသူက နီးစပ်ရာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ မည်သူမှန်း ဘယ်သူမှ မသိလိုက် ကြ။
လူထုတိုက်ပွဲစတင်နေပြီ။ ဒါကိုတော့ သူတို့နားလည်လိုက်ကြသည်။ နီးစပ်ရာဆွေးနွေး ကြတော့မည်။
အခန်း(၃)
မဖြစ်သာလို့သာ ကျောင်းသို့ထွက်လာရပေမယ့် အထက်တန်းဆရာမ ဒေါ်မြမြဝင်း စိတ်ထဲမှာ လေးလံလို့နေသည်။
‘ဒီလောက်စားရမဲ့၊ သောက်ရမဲ့ဘဝဖြစ်နေတာ။ တို့ခေတ်တုန်းကသာဆို သူပုန်ထပြီးလောက်ပြီ’တဲ့။
အသက်(၇ဝ)ကျော် အမေအိုရဲ့ စကားသံကို နားထဲကမထွက်။ လကုန်ရက်မို့ လက်ထဲမှာ ပိုက်ဆံနည်းနေပေမယ့် အမေ့ကိုကျွေးချင်ဇောနှင့် ပဲပြုတ်သည်လေးခေါ်မိသည်၊ သူမလက်ထဲကျန်သည့် ပိုက်ဆံက ပဲပြုတ်ဖိုးပင်မကာမိ။ ကျိတ်ပြီးကျနေရသည့် မျက်ရည်စက်များကို အမေမမြင်အောင် ထိန်းထားခဲ့ပေမယ့် ပါးနပ်သော အဘွားအိုအမေက အရေတွန့်နေသော လက်ချောင်းလေးများဖြင့် သုတ်ပေးရင်း တီးတိုးရေရွတ်လိုက်သံ။
လစာထုတ်ပြီးမှပဲအမေကြိုက်တဲ့ ငါးခူကြော်လေးဝယ်ကျွေးရမယ်။ ဘုရား-ဘုရား၊ သားဈေးငါးဈေးတွေ ဒီထက်ပိုပြီးမတက်ပါစေနဲ့။ သူမရင်ထဲကြိတ်ဆုတောင်းနေမိသည်။ ဝမ်းနည်းစိတ်၊ နာကျည်းစိတ်နှင့် လျှောက်နေသော သူမခြေလှမ်းများက ကျောင်းအဝင်ဝတွင် ရပ်တန့်သွားသည်။ ကျောင်းအဝင်အနီး အုတ်တံတိုင်းပေါ်တွင် အနီရောင်စာလုံးဖြင့် ရေးထားသည်က
‘နိုးကြားကြလော့ ကျောင်းသားတို့။ နိုးကြားကြလော့ ဆရာတို့။ လူထုတော်လှန်ရေးလုပ်ဖို့ အချိန်ကျရောက်လာလေပြီ။’တဲ့။
ကျောင်းသားများဝိုင်းအုံလို့နေသည်။ သူမရင်ထဲတွင် အတိုင်းမသိဝမ်းသာလိုက်ဘိခြင်း။
သူမအိတ်ထဲမှ မြေဖြူခဲလေးကို မသိမသာထုတ်ရင်း ကျောင်းရှိရေအိုးစင်သို့ လျှောက်သွားလိုက်သည်။ ရေအိုးများပေါ်တွင်သူမရေးလိုက်သည်က
‘ငတ်ရင်းသေသည်ထက် တိုက်ရင်းသေရမည်’ တဲ့။
လူသံကြားသည်နှင့် သူမရှောင်ထွက်သွားလိုက်သည်။ ဘာဆက်လုပ်ရမည်ကို သိသွားသဖြင့် သူမရင်ထဲ ပေါ့ပါးသွားလေသည်။
အခန်း(၄)
အမှတ် ( ) ဘတ်စ်ကားပေါ်သို့ ဂျာနယ်ရောင်းသူများ တက်လာသည်။
“အထူးကံစမ်းမဲအစီအစဉ်ပါခင်ဗျား။ ခရီးသည်များအား မဲလိပ်များပေးပါမယ်။ ပထမဆု (၂၁)လက်မ ရောင်စုံတီဘီ၊-------------------။ မဲပေါက်သူကံထူးရှင်များ ဆက်သွယ်ရန် လိပ်စာလဲ ပါပါတယ်။ ကဲ- ကံစမ်းမဲ မဲလိပ်တွေပါခင်ဗျာ။” ဆိုပြီး မဲလိပ်များ ကြဲချလိုက်ကြသည်။ လူအများကောက်နေဆဲ သူတို့ကတော့ ရှေ့မီးပွိုင့်တွင် ဆင်းကျန်ရစ်သည်။
ခရီးသည်များ မဲလိပ်များဖွင့်ကြည့်စဉ်မှာတော့
“ကံထူးဖို့အကြောင်း၊ဒီမိုကရေစီချက်ချင်းတောင်း”
“စစ်အာဏာရှင်စနစ်ကျဆုံးမှ၊ ပြည်သူ့ဘဝလှမည်ပ”
“စားဝတ်နေရေးပြေလည်ဖို့၊ နအဖအားတော်လှန်စို့”
ဆိုသည့်စာသားများ။
ခရီးသည်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သွားမည့်နေရာများတွင် ပြောဆိုဖို့စကားအစရလေပြီ။
မည်သို့ဆိုစေ၊ တီးတိုးစကားသံများ ကျယ်လောင်လာလျှင် ထိုအသံများပေါင်းစပ်သွားပြီး၊ အာဏာရှင်စနစ်ဆိုတာ ပြုတ်ကျရစမြဲပင် မဟုတ်ပါလား။
ခင်မမမျိုး (ဇူလိုင်၊ ၂၀၀၆)
Rest of your post
at 10:57
Subscribe to:
Post Comments
(
Atom
)
2 comments :
Sister.....
How you get this idea..? It's so nice and so smart ... congratulation.....It's really "We Fight We Win"......
ဗျူဟာကိုလေးစားပါဧ။် အကြောက်တရား ကင်းဝေး စေရေးနဲ့ မမှန်တာကိုမမှန်တာပါလို့  ပြောရဲတဲ့သတ္တိ ရှိစေမည့် စည်းရုံးရေးဆောင်းပါးလည်းရေးပ်အုံး။
Post a Comment