တရုတ်ဘွဲ့ရ လူငယ်များ အလုပ်လျှောက်ရန် တန်းစီနေစဉ်
တရုတ်ဘွဲ့ရ လူငယ်များ၏ အလုပ်လက်မဲ့ပြသာနာ မှ ဆန္ဒပြပွဲ ဆီသို့ဦးတည်နိုင်
-ကျော်သိင်္ခ-
ဒီဇင်ဘာ ၆ ရက်
တရုတ်ပြည်ရဲ့ အလုပ်လက်မဲ့နှုန်းများလာမှုနဲ့ စီးပွားရေးကျဆင်းမှုကြောင့် တရုတ်ပြည်သူတွေကြားမှာ အတော်ကို ကသောင်းကနင်း ဖြစ်နေပြီလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးက အခုလိုပြောပါတယ်။ “ငွေကြေးခွဲဝေဖြန့်ဖြူးနေတဲ့ကြားကပဲ၊ ခိုးမှု၊ ၀ှက်မှုနဲ့ ဓားပြမှု အရေအတွက်ဟာ အလျှင်အမြန်ကို တိုးတက်လာ နေ ပါတယ်။ ပြီးတော့ လူ့ပတ်ဝန်းကျင်ကို ခြိမ်းချောက်တဲ့ အန္တရာယ်တွေကလည်း တစ်ခါ ထပ်ပြီး တိုးလာလိမ့် ဦးမယ်” လို့ ဘေဂျင်းမြို့ Central Party School က သုသေသန အရာရှိ လျှူတန်ယောင် က China Economic Times သတင်းစာမှာ ရေးသားထားပါတယ်။
“အခုလို အခြေအနေက လူမှုပတ်ဝန်းကျင်ကို အတော်လေးကို ကသောင်းကနင်း ဖြစ်အောင်လုပ်နေသလိုပါဘဲ” လို့လည်း သူ့အမြင်ကို ရေးသားထားပါတယ်။ သူ့အနေနဲ့ အခုလို စီးပွားရေးအကြပ်အတည်းကို ခေါင်းဆောင် တစ်ဦး တည်းက ဖြေရှင်းတဲ့မူဝါဒ ထက်၊ စီးပွားရေးအကြပ်အတည်းကြောင့် လူတွေကြားမှာ ဖြစ်လာတဲ့ ပူပင်သောက တွေကို အဓိက ထားပြီးဖြေရှင်းစေချင်တဲ့ အမြင်မျိုးရှိပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ မြို့ပြ ဒေသမှာဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၁၂ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီး၊ နောက်နှစ်ဆိုလျှင် စီးပွးရေး ကျဆင်းမှုကြောင့် အလုပ်လက်မဲ့နှုန်းဟာ ၁၄ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်တယ်လို့ မစ္စတာလျှူက သတိပေးပါတယ်။
တရုတ်ပြည်ရဲ့ နှစ်စဉ် ပြည်တွင်းထုတ်ကုန်ပမာဏဟာ ဒုတိယနှစ်ဝက်မှာ ၁၀.၁ ရာခိုင်နှုန်းရှိပြီး၊ တတိယနှစ်ဝက်မှာ ၉ ရာခိုင်နှုန်းကို ထိုးကျသွားခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ချို့ရဲ့ ခန့်မှန်းချက်အရ နောက်နှစ်ဆိုလျှင် တရုတ်ပြည်ရဲ့ ပြည်တွင်းထုတ်ကုန်ပမဏဟာ ၇.၅ ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရ ကတော့ အစီအစဉ်တွေချမှတ်ပြီး၊ စီးပွားရေးကို အရှိန်အဟုတ်မြင့်မြင့် နဲ့ ပြန်လည်ဦးမော့လာစေဖို့အတွက် အတိုးနှုန်းတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။
ပြီးခဲ့တဲ့လကတော့ တရုတ်ပြည်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက တရုတ်ပြည်ရဲ့ စီးပွားရေးကျဆင်းမှုဟာ လူထု ဆန္ဒပြပွဲတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့၊ ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဇန်ပင် က “ကမ္ဘာ့စီးပွားရေးပျက်ကပ် တရုတ်ပြည်အပေါ် ရိုက်ခတ်မှုဟာ တော်တော်ပြင်းထန်တယ်” လို့ ဆိုပါတယ်။ “ဒေ၀ါလီခံတာတွေများလာတာနဲ့ ကုန်ထုတ်လုပ်မှု ပြတ်တောက် သွားခြင်းဟာ အလုပ်လက်မဲ့နှုန်းကို များလာစေပြီး၊ ဆူပူအုံကြွမှုကို ဖြစ်စေတယ်” လို့ ၎င်းက ဆိုပါတယ်။
Rest of your post
No comments :
Post a Comment