Sunday, 11 January 2009

ပြောင်းလဲနေသော ကမ္ဘာကြီး နဲ့ သမ္မတ ကတော်များ အကြောင်း

ဗြိတိန်ဘုရင့်ကောလိပ်ကျောင်းသူ မှ ဆီးရီးယားအမျိုးသမီးတွေရဲ့ စံပြခေါင်းဆောင်ဖြစ်လာသော အက်ဆမာ
CNN နဲ့ အက်ဆမာ တွေ့ဆုံမေးမြန်းခန်းကို ဒီမှာ နှိပ်ပြီး နားဆင်ကြည့်ပါ။


-မြတ်စိုး-

အယင်တုန်းက ကျနော်တို့ ဘလောက်ဂ်မှာ သတင်းမီဒီယာတွေမှာ ရေးသားနေကြတဲ့ အမေရိကန် သမ္မတ ကတော် လောရာဘုရှ် ရဲ့ လူမှုရေးလုပ်ငန်းတွေ အကြောင်းကို ဖော်ပြပေးခဲ့ပါတယ်။ ဒီနေ့ နိုင်ငံတကာ သတင်းမီဒီတွေ မှာ စိတ်ဝင်တစားဖြင့်ရေပန်းစား ဖော်ပြခံနေရတဲ့ သူကတော့ အသက် ၃၃ နှစ် သာရှိတဲ့ ဆီးရီးယား သမ္မတ ကတော် အက်ဆမာ အယ်လ် အာဆတ် အကြောင်းဖြစ်ပါတယ်။ သူမဟာ ၂၀၀၀ ခုနှစ်မှာ ဆီးရီးယား သမ္မတ အာဆတ် ကို လက်ထပ်ခဲ့တယ်။ ကလေး ၃ ယောက်မွေးဖွားခဲ့ပြီး ကလေးတွေကို ကျောင်းပို့ ကျောင်းကြို ကအစ ကိုယ်တိုင် ကားမောင်းပြီး၊ ထိန်းသိမ်း ပြုစု စောင့်ရှောက်နေတယ်။ သူမဟာ လန်ဒန် မှာ မွေးဖွားကြီးပြင်းခဲ့ပြီး၊ ဘွဲ့ရ ပညာကို သင်ယူခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ လန်ဒန် ရှိ ကင်းကောလိပ် ( King’s College) ကနေ ကွန်ပြူတာ သိပ္ပံပညာ ဂုဏ်ထူးဆောင်ဘွဲ့ နှင့် ပြင်သစ် ဘာသာ ဒီပလိုမာ ရခဲ့တယ်။ အမေရိကန် ဟားဗတ်တက္ကသိုလ် မှာ စီးပွားရေး မဟာဝိဇ္ဖာ ပညာကို ဆည်းပူးခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ အီတလီ နိုင်ငံ La Sapienza တက္ကသိုလ်က ရှေးဟောင်းသမိုင်း ယဉ်ကျေးမှု ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရတယ်။

သူမ ဟာ ကမ္ဘာဘဏ်ကြီးတွေ ဖြစ်ကြတဲ့ လန်ဒန်၊ ပဲရစ် ၊ နယူးယောက် မြို့ ကြီးများရှိ ဒေါ့ခ်ျဘဏ် ( Deutsche Bank) နှင့် ဂျေပီမော်ဂန် ( J.P Morgan) ဘဏ်တွေ မှာ အလုပ် လုပ်ကိုင်ခဲ့ တယ်။ နယူးယောက်ရှိ ဘဏ်လုပ်ငန်းတွေမှာ အလုပ် လုပ်နေထိုင်ခဲ့တာကြောင့် မီဒီယာတွေကတော့ သူမကို ဝေါ်စတွစ် ( Wall Street) က စီးပွားရေး ပညာရှင်တယောက် အဖြစ် ခေါ်ဝေါ်ပြောဆို သုံးနှုန်းကြတယ်။ သူမဟာ ကုမ္ပဏီကြီးတွေ စီးပွားရေး ပေါင်းစည်းမှု ( Merger)
တွေမှာ အဓိက ကြတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ပေးရာတွင် အကြီးအကဲ တာဝန်ယူခဲ့ရသူတဦးလည်းဖြစ်လို့ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်တယောက်အဖြစ် အသိမှတ်ပြုခြင်းခံရတယ်။ သူမ မိဘ ၂ ဦးဟာ လည်း ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်တွေ ဖြစ်ကြတယ်။


ဟားဘတ်တက္ကသိုလ် က ပညာရေးဆိုင်ရာကွန်ဖရင့်ကို ဖိတ်ကြားခံခဲ့ရတဲ့ အက်ဆမာ
အက်ဆမာ အဲလ်အာဆတ် ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများနဲ့ သူမဘ၀တစေ့တစောင်း ကို ဒီမှာကြည့်ပါ။

သူမ ဘာကြောင့် သတင်းမီဒီယာလောက မှာ ဘာကြောင့် ရေပန်းစားခဲ့သလဲ ဆိုတာကတော့ သူမဟာ အာဏာရှင်စံနစ် ကြီးစိုးနေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲနေကြတဲ့ ဆီးရီးယားနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ယူဆောင်ပေးနိုင်မယ်လို့ ထင်ကြေးပေးနေ ကြလို့ပါဘဲ။ သူမဟာ ဆီရီးယားနိုင်ငံ အတွင်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးရေးလုပ်ငန်းတွေ၊ နည်းပညာ တိုးတက်ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းတွေ၊ အမျိုးသမီး၊ကလေးငယ်တွေနဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းတွေ မှာ တက်တက်ကြွကြွ ဦးဆောင်ပြီးလုပ်ဆောင်ခဲ့တယ်။ ဆီးရီးယားပြည်သူတွေ က သူမကို ချစ်ခင်နှစ်သက်ကြတယ်။ ဂျင်းဘောင်းဘီ နဲ့ တီရှပ် အင်္ကျီကို ၀တ်ဆင်လေ့ရှိတက်တဲ့ သူမ ကို ဘွဲ့နှင်းသဘင် ခန်းမတွေ၊ ဆေးရုံတွေ၊ အားကစားပြိုင်ပွဲတွေ၊ ကလေးငယ် တွေ နဲ့အတူ
လူမှုရေးလုပ်ငန်းတွေ မှာအများဆုံး တွေ့ရလေ့ရှိတယ်။ သူမဟာ ငယ်ရွယ်တဲ့ ပညာတက်လူငယ် တဦးဖြစ်ပြီး၊ တိုးတက်အောင် ပြုပြင် ပြောင်းလဲ လိုတဲ့ အတွေးအခေါ်ရှိတဲ့ စီးပွားရေးပညာရှင်အမျိုးသမီး တဦးဖြစ်တာကြောင့် ဆီးရီးယာနိုင်ငံ အနာဂတ် နေ့သစ်တွေကို ဖော်ဆောင်ပေးမဲ့ သူလို့ အနောက်နိုင်ငံ တွေက သုံးသပ်နေကြတယ်။ သူမ ၀တ်စား ဆင်ယင်မှုနှင့် ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းဆက်ဆံပြီး လုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် သူမဟာ မူဆလင်အမျိုးသမီးတွေကြားမှာ ထူးခြားပြီး ခေတ်မှီတဲ့ အတွေးအခေါ်ရှိတယ်လို့ အများက ပြောဆိုနေကြတယ်။ သူမဟာ မူဆလင်အမျိုးသမီးတွေရဲ့ ကမ္ဘာ ကို တုန်လှုံ့လာစေနိုင်ခဲ့တာကတော့ အမှန်ပါဘဲ။

ပါလက်စတိုင်းရှိ ဂါဇာ မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော် က စတင်ဖြစ်ပွားခဲ့တဲ့ ပါလက်စတိုင်း-အစ္စရေး စစ်ပွဲ ကြောင့် ဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်းပြည်သူတွေ ကို လူသားချင်း စာနာထောက်ထားတဲ့ အကူ အညီပေးရေးလုပ်ငန်းတွေ အတွက် ကုလသမဂ္ဂ အဖွဲ့ နဲ့ အတူ နေ့ရော ၊ညပါ ဦးဆောင်ပြီး လုပ်ဆောင် နေခဲ့တဲ့အတွက် ကမ္ဘာ့သတင်းမီဒီယာ လောကမှာ သူမဟာ ရေပန်းစားလာခဲ့တယ်။ ဒီနေ့ဘဲ သူမကို အမေရိကန် သတင်းမီဒီယာ တွေဖြစ်ကြတဲ့ CNN, MSNBC, ABC သတင်းဌာနတွေက တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူမဟာ ဆိုနီရာဂန္ဒီ၊ ဂျော်ဒန်မိဖုရား ရနီယာ အယ်လဲ ရာဆင်၊ ဗြိတိန်ဝန်ကြီးချူပ်ဟောင်း တိုနီဘလဲယားဇနီး ချဲလီဘလဲယား အပါအ၀င် အခြားအာရပ် နိုင်ငံများ နှင့် အနောက်နိုင်ငံ ခေါင်းဆောင်များရဲ့ ဇနီးများနဲ့ အတူ ဂါဇာ မှာ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီပေးရေး လုပ်ငန်း တွေအတွက် ငွေကြေးကောက်ခံမှုတွေကို နိုင်ငံတကာမှာ ဦးဆောင်ပြုလုပ်နေတယ်။

ပြောင်းလဲနေတဲ့ ကမ္ဘာကြီးအကြောင်း ကျနော်တို့ ပြည်သူတွေ သိသင့်တယ်။ ယနေ့ နိုင်ငံတကာမှာ ရှိတဲ့ ခေါင်းဆောင်တွေရဲ့ ကတော်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေဟာ ကမ္ဘာ့ ပြည်သူတွေနဲ့ လက်တကမ်းမှာနေပြီး၊ ကမ္ဘာ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေး နေကြတယ်။ ဂျော်ဒန်မိဖုရား ရေနီဟာ၊ ဆီးရီးယား သမ္မတ ကတော် အက်ဆမာ အာဆတ်၊ လော်ရာ ဘုရှ်တို့ဟာ ဘာမှ မလုပ်နိုင်တော့တဲ့ အသက်အရွယ် ကြီးနေတဲ့ ဗြိတိန် ဘုရင်မကြီး ထက်၊ ပိုမိုစိတ်ဝင်စားခြင်း၊ လေးစားခြင်း ခံနေရတယ်။ သူတို့ရဲ့ လူသားချင်း စာနာ ထောက် ထားတဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုခြင်း ခံလာရတယ်။

အဲဒီတော့ မြန်မာနိုင်မှာလည်း အနှစ် ၂၀ နီးပါး အာဏာရှင် လုပ်နေတဲ့ သန်းရွှေ ဇနီး ကြိုင်ကြိုင် တယောက် ဘာတွေလုပ်နေ သလဲ ဆိုတာတော့ ယနေ့မြန်မာပြည်သူတွေ သိချင်မှာတော့အမှန်ဘဲ။
အက်ဆမာ အဲလ်အာဆတ် ဟာ ကြိုင်ကြိုင် ထက် အသက်အရွယ် အားဖြင့် ယှဉ်ယင် ထက်ဝက်တောင် ကွာပါတယ်။ ကမ္ဘာ့ခေါင်းဆောင် ကတော်တွေဟာ နိုင်ငံတကာမှာ လူအခွင့်အရေး တွေ၊ လူသားချင်းစာနာတဲ့အကူအညီတွေ ကို ငွေကြေး အကုန်ခံ ပြီး စိတ်ဝင်တစား၊ ကျိုးကျိုး စားစား ကူညီမှုတွေ ငယ်ငယ်ရွယ်ရွယ် အသိစိတ်ဓာတ်ရှိရှိ ပြုလုပ်နေတဲ့ အချိန်မှာတော့ မြန်မာပြည် စစ်အာဏာ ရှင်ကြီး သန်းရွှေဇနီး ကြိုင်ကြိုင်ကတော့ သူ့သမီး မင်္ဂလာဆောင် ကို ဒေါ်လာ သန်းချီပြီး၊ အစိုးရဧည့်ခံပွဲလို ကျင်းပခဲ့ကြတာ မြန်မာပြည်သူအားလုံး မျက်မြင် ကိုယ်တွေ့ သိရှိကြတယ်။ မြန်မာ အဏာရှင် ဟောင်းကြီး ဦးနေ၀င်းရဲ့ သမီးတွေတောင် ဒီလို မင်္ဂလာဆောင် ဧည့်ခံပွဲမျိုး မလုပ်ခဲ့ပါဘူး။

ကျိန်းသေတာကတော့ ကြိုင်ကြိုင်တယောက် ဘ၀တလျှောက်မခံစားဘူးတဲ့ ဇိမ်ခံဟော်တယ်ကြီးတွေမှာ တည်းပြီး၊ လူတောမတိုး တိတ်တဆိတ်နေ သွားလာနေရတာ ကတော့ နိုင်ငံတကာရောက်မြန်မာတွေ ကတော့ သိရှိ နေပါပြီ။ ဒေါ်အောင်ဆန်း စုကြည် မုန်းတီးရေး ကို ဗိုလ်ချုပ်ကတော်တွေ အကြား အမြဲ အတင်း ပြောလေ့ ရှိတဲ့ ကြိုင်ကြိုင် တယောက် ဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေလုပ် နေသလဲ၊ သူမ ဘယ် ကလာသလဲ၊ အနှစ် ၂၀ အတွင်း ဘာအကျိုးပြု လုပ်ငန်းတွေ လုပ်နေ သလဲ၊ အတင်းပြောတက်တာအပြင် သူမရဲ့ ကျွမ်းကျင်အတက်ပညာ က ဘာလဲ ဆိုတာကို တော့ မြန်မာပြည်သူတွေ နဲ့ စစ်တပ်အတွင်းက ရဲရဲဝင့်ဝင့် ဖော်ထုတ် သင့်ပါပြီလို့ တင်ပြယင်း။


Rest of your post

1 comment :

Anonymous said...
This comment has been removed by a blog administrator.