Monday, 19 January 2009

ဥာဏ်ရှိသလို ဆက်ကုပါလေ

-ဇော်မင်း-

တနှစ်ကုန်လို့ နှစ်သစ်တခုကို ရောက်ခဲ့ပြန်ပါပီ။ ၂ဝဝ၉ မှာ ဘာတွေမြင်ချင်သလဲ။ ဘယ်လို တွေးကြမှာလဲ။ ဘယ်လို ယူဆကြမှာ လဲ။ အကယ်၍ ပြောင်းလဲမှုတွေ တွေ့လာခဲ့ရင် ဘယ်လိုရှုမြင် ကြမှာလဲ။ ဘယ်လိုပြောင်းလဲမှုက မိမိအတွက် ကောင်းတယ်လို့ ယူဆနိုင်ပြီး၊ မိမိအတွက် မကောင်းနိုင်ဘူးလို့ ယူဆနိုင်စရာတွေလည်း ရှိလာနိုင်ပါတယ်။

အခြေအနေတခု ဖြစ်ပေါ်လာတိုင်း အဲသည့်အခြေအနေအောက်မှာ ကိုယ့်အတွက် အကောင်းဖက်ကို ရှေ့ရှုနိုင်တဲ့ လမ်းကြောင်း မျိုး တွေ့ရမှာ ဖြစ်သလို၊ အဲသည့်အခြေအနေဟာ နောက်တဦး (သို့) အုပ်စုတခု (သို့) အဖွဲ့အစည်း တခု (သို့) လူ့အဖွဲ့အစည်း တခု အတွက် မကောင်းလာနိုင်ဘူးလို့ ခံစားရမဲ့ သူများလည်း ရှိနိုင်တာဟာ သဘာဝပဲ ဖြစ်ပါတယ်။

နောက်တခုက ဘာမှထူးထူးခြားခြား ပြောင်းလဲမှု မရှိရင်ကော ဆိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘာမှပြောင်းလဲမှု မရှိ တာဟာ တချို့အတွက် ကောင်းနေဆဲ ဖြစ်နိုင်ပါတယ်။ သို့သော် တချို့အတွက်တော့ ပြောင်းလဲမှုမရှိတာဟာ ဆုံးရှုံးခြင်း ဆိုတဲ့ သဘော ကိုလည်း ဆောင်နိုင်ပါတယ်။

ပြောင်းလဲမှုတွေကို မိမိကိုယ်တိုင် ဘယ်လိုရှုမြင်မလဲ ဆိုတာက အရေးကြီးအဆုံးပါဘဲ။ ပြောင်းလဲမှုတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေမှာကတော့ သေချာပါတယ်။

သည်လိုအခြေအနေကို မူတည်ပြီး နှစ်သစ်မှာ ကြုံတွေ့လာရမဲ့ အပြောင်းအလဲတွေ (သို့) မပြောင်းလဲခြင်းတွေကို ဘယ်လို လက်ခံ သယ်ဆောင်မလဲ (သို့) ဘယ်လိုငြင်းဆန်ကြမလဲ ဆိုတာ ကိုယ်ခံယူထားတဲ့ အမြင်တွေ၊ ရှုထောင့်တွေ ထဲကနေ ဖြတ်သန်းလို့ ကြည့်ကြရအောင်ပါ။

၁။ တခါတော့ ခရီးတခုကိုသွားရင်း လေယာဉ်ကွင်းတခုမှာ ကြော်ငြာဆိုင်းဘုတ် လိုလိုဟာမျိုး တခုကိုတွေ့ရပါတယ်။ နီရဲနေတဲ့ ငရုတ်သီး သုံးလေးတောင့်ရဲ့ပုံ ဖြစ်ပါတယ်။ ဆိုင်းဘုတ်က နှစ်ခုဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ တင်ပြထားတာက တော့ ပုံစံတူ ငရုတ်သီးတောင့် ရဲရဲများသာဖြစ်ပါတယ်။ တပုံမှာတော့ ငရုတ်သီးတောင့်များရဲ့ အောက်ခြေမှာ အင်္ဂလိပ်လို Pleasure ဆိုပြီး စာတန်းထိုးထားပါတယ်။ "သုခ" လို့ ဘာသာပြန်ရင် နီးစပ်မယ် ထင်ပါရဲ့။ နောက်တပုံဖြစ်တဲ့ အနီ ငရုတ်သီးများပုံရဲ့ အောက်ခြေ မှာတော့ အင်္ဂလိပ်လို Pain ဆိုပြီးရေးထားပါတယ်။ "ဝေဒနာ" လို့ ကိုယ့်ဟာကို ဘာသာပြန်ယူ လိုက်ပါတယ်။ ပုံစံတူ ငရုတ်သီး များ ဖြစ်သော်လည်း လူတဦးချင်းစီအတွက် မတူခြားနားတဲ့ ခံစားချက် အထိအတွေ့ကို ပေးလို့ ဆရာကြီးရွှေဥဒေါင်းရဲ့ လေနဲ့ "ဟုတ်လိုက်လေ ကိုသိန်းမောင်ရယ်"ဆိုပြီး ကိုယ့်ဟာကို မှတ်ချက်ပေး လိုက်ပါတယ်။

၂။ ပန်းချီပြခန်း တခုကို ရောက်သွားတော့ လူနှစ်ဦး ပန်းချီကားချပ် တခုရှေ့မှာ ငြင်းခုန်နေတာ တွေ့ရပါတယ်။ ပန်းချီကားရဲ့ ဟန်က သြစတေးလျ နိုင်ငံနေ ဌာနေတိုင်းရင်းသားများ ဖြစ်တဲ့ အဘော်ရီးဂျင်းတို့ရဲ့ လက်ရာနဲ့ ဆင်တူတဲ့ကား ဖြစ်ပါတယ်။ ပန်းချီကားဟာ အပြောက်တွေ၊ အစက်တွေ၊ အကွေးတွေ၊ အကောက်တွေနဲ့ ဖြစ်ပါတယ်။ ပထမလူက ဒီပန်းချီကားဟာ အလွန်လက်ရာ မြောက်တဲ့ modren မော်ဒန် ပန်းချီကား ဆိုပြီး ကောက်ချက်ချပါတယ်။ ဒုတိယလူကတော့၊ မဟုတ်ဘူး ဒီပန်းချီကားရဲ့ဟန်က အဘော်ရီးဂျင်း လက်ရာအတိုင်း ဖြစ်နေတဲ့အတွက် traditional ရိုးရာပန်းချီကားသာ ဖြစ်တယ် မော်ဒန်မဟုတ်ဖူးလို့ ပြန်လှန် ချေပပါတယ်။

၃။ မိုးတွေရွာနေပါတယ်။ ရာသီဥတု ပူပြင်းတဲ့ ဒေသဖြစ်လို့ မိုးကိုတောင့်တ နေရတာကြာပါဘီ။ မိုးရွာတော့ ကလေး တွေလည်း မိုးရေထဲမှာ ဘောလုံးကန်ကြ ဆော့ကြနဲ့ ပျော်ရွှင်နေကြပါတယ်။ မိုးနဲ့အတူ အပူချိန်လည်းလျော့ သစ်ပင် ပန်းပင်တွေလည်း မိုးရေသောက်လိုက်ရတော့ ဝန်းကျင်တခိုဟာ Refreshing လတ်ဆတ်သစ်လွင် လာပါတယ်။ နောက်တနေရာမှာလည်း မိုးရွာနေပါတယ်။ သို့သော် ရာသီဥတုက အေးလွန်းလို့ အနှုတ်လေးဒီဂရီလောက် ရှိနေတဲ့ အထဲ ကောင်းကင်ဟာ မှုံမှိုင်းပြီး မိုးရွာနေတော့ ဘယ်မှလည်း သွားလို့မရ။ အိမ်ထဲမှာဘဲ နေ့တိုင်းလိုလို အောင်းနေရတော့ မိုးရွာတာဟာ သာယာဖွယ် မဟုတ်ဘဲ Depressing စိတ်ဓာတ်ကျစရာ ဖြစ်နေပါတယ်။

၎။ အလွန်ကျယ်ပြောတဲ့ စားကျက်မြေကြီး တခုမှာ နွားတွေ၊ သိုးတွေ၊ ဆိတ်တွေ မွေးထားပါတယ်။ အဲသည့် မွေးထားတဲ့ အကောင်ဗလောင်များ တခြားသူရဲ့ ပိုင်နက်စားကျက်မြေထဲ လွတ်ထွက် မသွားအောင် ပိုင်ရှင်လုပ်တဲ့ သူက သံဆူးကြိုး များနဲ့ သူ့စားကျက်မြေကြီးကို ပတ်ပတ်လည် ကာရန်ထားပါတယ်။ အဲသလို ကာရန်ထားတဲ့ သံဆူးကြိုး အခွေအလိပ်ကြီး တွေဟာ ပိုင်ရှင်အတွက်တော့ သူ့ရဲ့ တိရိစ္ဆာန်များ မဆုံးရှုံးရလေအောင် ထားရှိထားတဲ့ Protection အကာအကွယ် ဖြစ်ပါတယ်။ သို့သော် တိရိစ္ဆာန်များအတွက်ကတော့ ဒီသံဆူးကြိုးများဟာ Obstruction ပိတ်ဆို့နေခြင်း ဆိုတဲ့ သဘောကို ဆောင်နေပါတယ်။

၅။ ပန်းပုဆရာ တယောက်ဟာ သံတွေ၊ ကြေးတွေ၊ ခဲတွေ အခြားသတ္တုတွေနဲ့ ပေါင်းစပ်ပြီးလုပ်ထားတဲ့ ဆယ်ပေလောက် မြင့်တဲ့ တူကြီးတလက်ကို ဖန်တီးပါတယ်။ အဲသည့် တူကြီးကို လာရောက်ကြည့်ကြတဲ့ သူရဲ့မိတ်ဆွေ များက တူကြီးကို ကြည့်ပြီး အမျိုးမျိုး ဝေဖန်မှတ်ချက်ချ ကြပါတယ်။ တချို့ကဆိုပါတယ် ဒီတူကြီးရဲ့ အဓိပ္ပါယ်ဟာ Construction ဖန်တီး တည်ဆောက်ခြင်း ဖြစ်တယ်လို့ သဘောထားပေးပါတယ်။ တချို့ကတော့ ဆယ်ပေမြင့်တဲ့ ဒီတူကြီးကို အပေါ်ထာင်ပြီး ခပ်စောင်းစောင်း ထား ထား တာရဲ့ အဓိပ္ပါယ်ဟာ Destruction ဖျက်ဆီးခြင်းကို ဆိုလိုတာ ဖြစ်တယ်လို့ ကောက်ချက် ချပါတယ်။

၆။ အခန်းလေးတခုထဲမှာ လူအတော်များများ ထိုင်သူထိုင်၊ ရပ်သူရပ်၊ လဘက်ရည် သောက်သူကသောက်၊ စကားပြော သူ ကပြော၊ ဆေးလိပ်တထောင်းထောင်း ဖွာသူကဖွာနဲ့ ရှိနေကြပါတယ်။ ဒါကို မြင်တဲ့ လူတယောက်က ဒီလိုမှတ်ချက် ချပါတယ်။ သူတို့တတွေကို သိုင်းသိုင်းဝိုင်းဝိုင်း အခုလိုမြင်ရတာ cosy နွေးနွေးထွေးထွေး ရှိလိုက်တာဟု ဆိုပါတယ်။ သို့သော် နောက် တယောက်ကတော့ ဒီလိုပြောပါတယ်။ အမလေးဟဲ့ အခန်းထဲမှာ သူတို့ကိုကြည့်ရတာ crammed ကျပ်ကျပ်သပ်သပ်နဲ့ အသက်ရှုမဝ လိုက်တာဟု ထင်မြင်ချက်ပေးပါတယ်။

၇။ လောကကြီးမှာ ပြဿနာတွေဟာ စက္ကန့်နဲ့မလပ် ကြုံတွေ့ရပါတယ်။ လူတချို့ကတော့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ challenge စိန်ခေါ်မှုလို့ သဘောထားပြီး ရင်ဆိုင်ပါတယ်။ သို့သော်လည်း အချို့သူများ အတွက်ကတော့ ပြဿနာတွေဟာ စိန်ခေါ်မှု ဖြစ်မလာဘဲ Obstacle အခက်အခဲတွေ အဖြစ်ရင်ဆိုင်ရပါတယ်။ ဒါကြောင့် အခြေအနေခြင်း မတူတဲ့ လူတွေ အကြားမှာ ပြဿနာတွေကို စိန်ခေါ်မှုအနေနဲ့ မြင်ရသလို ပြဿနာတွေကို အခက်အခဲများ အဖြစ်လည်း မြင်ရနိုင်ပါတယ်။

၈။ ကားလမ်းတလမ်းပေါ်မှာ လမ်းပြဆိုင်းပုဒ်တခုကို တွေ့ပါတယ်။ ရှေ့မှာ တောင်ကြီးပိတ်နေလို့ ဘယ်ဖက် (သို့) ညာဖက် တဖက်ဖက်ကို ချိုးကွေ့နိုင်ဖို့ မျှားဦးနှစ်ခုနဲ့ ပြထားတာကို တွေ့ရပါတယ်။ ကားက မတ်စောက်နေတဲ့ တောင်ပေါ်ကို တက်မောင်းလို့ မရတဲ့အတွက် တဖက်ဖက်ကိုတော့ ချိုးကွေ့ဖို့ လိုပါတယ်။ ကားမောင်းနေတဲ့ ဒရိုင်ဘာ ကစဉ်းစားပါတယ်။ ကြည့်ရတဲ့ ပုံကတော့ ဘယ်ဖက်ကို ကွေ့လိုက်လို့ လမ်းပိုရှည်သွားရင် စွန့်စားလွန်းရာများ Risk ရောက်သွား မလားလို့ တွက်နေပါတယ်။ ညာဖက်ကို ချိုးကွေ့လိုက်ရင်တော့ လမ်းတိုသွားမယ် သဘောတော့ ရှိသလိုလို။ ဒီလိုဆိုရင်တော့ ခရီးတို သွားမှာမို့ အခွင့်အလမ်း Opportunity ပိုကောင်းသွား နိုင်တယ်လို့လည်း တွက်ချက်ပါတယ်။ သို့သော် ဒရိုင်ဘာ ကိုယ်တိုင်က တကယ်တန်းမှာတော့ ဘယ်ကွေ့ရင် လမ်းရှည်မလား၊ ညာကွေ့ရင် လမ်းတိုမလား ဆိုတာကို တိတိကျကျ မသိရှာပါဖူး။ ရှေ့မှာ တောင်ပိတ်နေပါတယ်။ တဖက်ဖက်ကိုတော့ မလွဲမသွေ ကွေ့ရတော့မှာပါ။

၉။ ကိုင်း... နာရီလက်တံ အရှည်ကော အတိုပါ တဆယ့်နှစ်ဆိုတဲ့ ဂဏန်းပေါ်မှာ ရောက်နေပါပြီ။ ဒီအချိန် သင်္ကေတဟာ တချို့ သူများအတွက် End ပြီးဆုံးခြင်း ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ သို့သော် အချို့သူများ အတွက်တော့ ဒီသင်္ကေတ ဟာ အခုမှ Begining စတင်ခြင်း ဆိုတဲ့သဘောကို ပြဆိုပါတယ်။

ကျနော်တို့ မြန်မာပြည် အခြေအနေကို လူမျိုးစုံ၊ အလွှာမျိုးစုံက ပုံစံမျိုးစုံနဲ့ ပြောကြဆိုကြပါတယ်။ နိုင်ငံရေးသမားများ ကလည်း သူတို့ရဲ့ မူဝါဒပေါ်လစီ ပေါ်ကနေ ရပ်ပြောတာတွေ ရှိပါတယ်။ ဟိုလူဒီလူတွေ ဝင်ပြောရင် မကြိုက်ကြပါဖူး။ သူတို့က နိုင်ငံရေး ကို ဘယ်လောက်သိလို့လည်း ဆိုပြီး ပယ်ချပါတယ်။ ပညာရှင်ဆိုသူများ စကောလာများကလည်း သူတို့ပြောတဲ့ တင်ပြတဲ့ အတိုင်း နိုင်ငံရေးသမားတွေ လိုက်လုပ်စေချင်ပါတယ်။ နိုင်ငံရေး သမားတွေထဲမှာ သူတို့ပြောသလို လိုက်မလုပ်တဲ့သူက များနေတော့ နိုင်ငံရေးသမားတွေ ခေါင်းမာတယ်။ အပြောင်းအလဲကို မလိုလားဖူး စသဖြင့် ဝေဖန်ရင်း စစ်တပ် ဘာလုပ်နေ တယ် ဆိုတာကို မျက်ခြေပြတ်သွားပါတယ်။ စစ်တပ်ကလည်း ပြည်ထောင်စုဆိုတာ ဒို့ကာကွယ်ခဲ့လို့ အစိတ်စိတ် မဖြစ်ခဲ့တာ။ ရှေ့မှာလည်း ဒို့ပဲ ကာကွယ်ရမဲ့ တာဝန်ရှိတယ်ဟု သဘောပိုက်ထားပါတယ်။

မြန်မာပြည်အရေး ဝင်ပါနေကြတဲ့ အခြားနိုင်ငံသားများ အစိုးရများ ကလည်း သူတို့ပြောသလို လိုက်လုပ်စေချင် ကြပါတယ်။ ဒီနိုင်ငံခြားသားတွေ ဘာသိလို့လဲ ဆိုပြီး ပယ်ချတဲ့ စစ်ဗိုလ်တွေရှိသလို နိုင်ငံရေး သမားများလည်း ရှိနေပါတယ်။ စီဗယ် ဆိုစိုက်တီး civil society နယ်ပယ်ကျယ်လာမှ ဒီမိုကရေစီအရေးအတွက် အားဖြစ်မယ် ဆိုတာကို ကိုင်စွဲတဲ့ သူများက လည်း နိုင်ငံခြားကလာတဲ့၊ နောက်ထပ်လာဦးမဲ့ ငွေအပေါ်မှာ ကြည့်ပြီး အလုပ်လုပ်နေ တာတွေလည်း ရှိပါတယ်။ ၂ဝဝ၉ မှာ အကောင်းမြင်ကိန်း ရှိသလားဆိုပြီး ဆွေးနွေးသလိုလို ဖွသလိုလို လမ်းကြောင်းသလိုလို လုပ်ကြတဲ့ မီဒီယာများလည်း ရှိပါ တယ်။ ပြည်တွင်းမှာ ဒီမိုကရေစီနေရာ ကျယ်လာအောင် ချဲ့မယ်သူဆိုရင် ငွေကြေးထောက်ပံ့ မယ်လို့ လေသံပစ်လာတဲ့ နိုင်ငံခြားအန်ဂျီတွေလည်း စတင်ပေါ်ပေါက် လာနေပါတယ်။ ပြည်တွင်း လုပ်ငန်းကို အဓိကထား၍ အထူးပိုမို လုပ်ဆောင်မယ် ဆိုတဲ့ အုပ်စုများလည်း မနည်းပါ။ စစ်ဘေးက ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီနေသမျှ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဘယ်တော့မှ ပြီးဆုံးမည် မဟုတ်ဟု စာတန်း ရေးတင်နေသော မြန်မာများ၊ မြန်မာပြည်တွင်းတွင် အလုပ်လုပ်ခဲ့ သော နိုင်ငံခြား သားများလည်း မနည်းလှ။ စစ်တပ်မပါလျှင် မပြီးသောကြောင့် စစ်တပ်ကိုလည်း စည်းရုံးရမည်ဟု ဆိုသူ တွေလည်း ရှိပါတယ်။ ဂျာနယ်များ၊ ဝက်ဆိုက်များ၊ ဘလောဂ်များတွင် ဟိုလိုလုပ်ပါလား သည်လိုလုပ်ပါ့လား ဆိုသည့် ဆောင်းပါးရှင်များလည်း အထောင်အသောင်း (ကိုယ်ပါ ပါသည်)။

မြင်ရတာတွေက အမျိုးကတော့ စုံလှပါတယ်။ သို့သော် နိုင်ငံတခုအရေးသည် အဆိုပါနိုင်ငံ တခုတည်းနှင့်လည်း ဖြေရှင်း၍ အခုခေတ်တွင် မပြီးတော့။ ထို့အတွက် အားလုံး (မြန်မာပြည်သား မဟုတ်သူများလည်း) ပါဝင် ပတ်သက် လာကြပါတယ်။ အကျိုးလိုလို့ ညောင်ရေ လောင်းချင်သူများ ပါလာတာလည်း မဆန်း။ ကောင်းတာတွေပါသလို ဆိုးတာတွေလည်း ရှိတာကို ခွဲခြားမြင်ဖို့ အထူးလိုပါတယ်။

နောက်ဆုံးအနေဖြင့် အကြံပေးလိုတာ တခုရှိပါတယ်။ ရှေးတုံးကသမားတော်ကြီး တဦးထံ ဆေးပညာ လာရောက် သင်ကြား ခဲ့သည့် လူငယ်များအား နှစ်ပေါင်းနှစ်ဆယ် ဆေးပညာရပ်များ သင်ကြားအပြီး ဆရာကြီးက အခုလို မိန့်ပါတယ်။ "ကိုင်း .... မင်းတို့ကိုတော့ ဆရာသိသမျှ တတ်သမျှ အိတ်သွန်ဖာမှောက် အနှစ်နှယ်ဆယ် သင်ပေးခဲ့ပြီးပြီ။ သို့သော် လူ့အသက်ကို ကယ်တင်တဲ့ ဆေးပညာဟာ ဘယ်တော့မှ ကုန်ခန်းနိုင်တယ် မရှိတော့ ပြဿနာ အသစ်တွေကို ရင်ဆိုင်ခဲ့ရရင် ကျန်တဲ့ အပိုင်း မှာ မင်းတို့ ဉာဏ်ရှိသလို ဉာဏ်ကျယ်သလို ဆက်လက်ကုသပေတော့"။

တိုးလာတဲ့ နှစ်သစ်မှာ ပို၍ဥာဏ်ကောင်းတွေ တိုးလာပါစေဟု အားလုံးအတွက် ဆုတောင်း မေတ္တာပို့သပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၎ ရက် ဇန်နဝါရီလ ၂ဝဝ၉ ခုနှစ်

Rest of your post

No comments :