Saturday, 10 January 2009
မြန်မာပြည်အတွက် မေးခွန်းများ ( အပိုင်း ၄)
-အောင်သူငြိမ်း-
-စာဖတ်မိတ်ဆွေများခင်ဗျား-
ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် The River of Lost Footsteps စာအုပ်မှာ ပထမအခန်းကို ပါတော်မူခန်း၊ သမိုင်းနဲ့ စခဲ့ပေမယ့် နောက်တခန်းမှာ ၁၉၈၈ ခုနှစ် နှောင်းပိုင်းအခြေအနေတွေနဲ့ သူရဲ့ ပုဂ္ဂိုလ်ရေး အကြောင်း တွေကို တင်ပြလို့ မြန်မာပြည်အရေး စိတ်ဝင်စားဖွယ် မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။ သူတင်ပြပုံက အတိတ်နဲ့ ပစ္စုပ္ပန်၊ နိုင်ငံရေးနဲ့ မိသားစု ကိုယ်ရေးကိုယ်တာ စသဖြင့် လူးလာ ခေါက်တုံ့ အပြန်အလှန်တင်ပြပုံမျိုး ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုတဲ့ အရေးတော်ပုံ ဖြစ်လာတော့ စာရေးသူ ဦးသန့်မြင့်ဦးက ၂၂ နှစ် သား အရွယ်ပါ။ နယူးယောက် မက်ဟန်တန်မှာ မွေးခဲ့ပြီး၊ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ဖြစ်ပွားချိန်မှာ သူက ကောလိပ်ပြီးဖို့ အနည်းငယ်ပဲ လိုတော့တဲ့အချိန်၊ ကုလသမဂ္ဂမှာ သူရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းစဖို့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ ရုံးခွဲတခုမှာ အလုပ်သင် ဝင်ဖို့ ပြင်ဆင်ထားတဲ့ အချိန်ပါ။ အခု ကျောင်းပြီးရင် မဟာ တန်းဆက်တက်ဖို့ အလားအလာ ကောင်းတွေလည်း သူ့ရှေ့မှာ စောင့်ကြိုလို့ နေပါတယ်။
သူက သူကြီးပြင်းခဲ့ရတဲ့ ဘဝကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။ နယူးယောက်မှာ ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အိမ်က ရေဗာဒေးလ်းမှာ၊ အမေရိကန် လူလတ်တန်းစား အသိုင်းအဝိုင်းအတွင်း ကြီးပြင်းခဲ့ရသူပါ။ ဟတ်ဆန်မြစ်ပေါ် မျှော်ကြည့်နေတဲ့ ၆ ဧက ကျယ်ခြံဝန်းကြီးထဲမှာ ကြီးပြင်းလူလား မြောက်ခဲ့ရတာပါ။ ဒါပေမယ့် သူက သူကြီးပြင်းရတဲ့ အရပ်ဟာ မြန်မာပြည်ရဲ့ တစိတ်တပိုင်းလို ဖြစ်နေခဲ့တယ်လို့ ရေးပါတယ်။ အိမ်မှာ အဆောင်အယောင်တွေက အစ မြန်မာလက်မှု ပစ္စည်း၊ အနုပညာ လက်ရာတွေ ဖြစ်သလို အိမ်က ကလေး ထိန်း၊ အိမ်စေဝန်ထမ်းအားလုံးက မြန်မာ လူမျိုးတွေ ဖြစ်ကြပါတယ်။ အိမ်ထဲမှာ မြန်မာထမင်း-ဟင်းနံ့နဲ့ ပုဆိုး၊ ထဘီနဲ့ သွားလာနေခဲ့ကြတာပဲလို့ သူက ပြောပါတယ်။ ဒါ့အပြင် သပ္ပါယ်လှတဲ့ ဘုရားခန်းကလည်း ရွှေရောင် တလက်လက်နဲ့ ရှိနေခဲ့ပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံ သတင်းတွေကြားရတော့ ဦးသန့်မြင့်ဦးလည်း ပြည်ပကနေ စိတ်ဓါတ်တက်ကြွနေခဲ့ပါ တယ်။ ဂျနီဗာ မှာ ကုလသမဂ္ဂ အလုပ်သင်ကိစ္စကို ဖျက်ပြီး မြန်မာနိုင်ငံကို သွားဖို့ပြင်ပေမယ့် ရန်ကုန်လေဆိပ်က ပိတ်ထား လိုက်ပါပြီ။ သူ့အမြင်မှာတော့ ၁၉၈၈ အရေးတော်ပုံမှာ မြန်မာနိုင်ငံ သမိုင်းရဲ့ အလှည့်အပြောင်း၊ အချိုးအကွေ့တခုပါ။ ဒီလို အရေးမှာ သူ မပါဝင်ရလေတာ အကြီးအကျယ် နစ်နာမှုတခုလို့ မြင်မိပါတယ်။ ၁၉၈၈ ခုနှစ်မှာ မြန်မာ ပြည်သူတွေက ဆယ်စုနှစ်များစွာ အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင် စနစ် အဆုံးသတ် ရေးနဲ့ နိုင်ငံတကာနဲ့ တံခါးပိတ်ထားတဲ့ ကိစ္စတွေ အဆုံးသတ်လို့ ပွင့်လင်းလွတ်လပ်ရေးကို တောင်းဆိုခဲ့ကြ ပါတယ်။ ရန်ကုန်စက်မှု တက္ကသိုလ်က စလို့ ဖြစ်လာတဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို အကြမ်းဖက်ချေမှုန်းရာ ကနေ လူထု မကျေနပ်မှု တွေက တိုးလာနေပါတယ်။ စီးပွားရေး လူမှုရေး အခြေအနေကလည်း ချွတ်ခြုံကျ နေပါပြီ။ ဒီလိုနဲ့ ၈-၈-၈၈ နေ့မှာတော့ လူထုအုံကြွမှုကြီး စတင်လာပါတော့တယ်။ ရန်ကုန်မြို့လယ်က စီးပွားရေးကောင်းတဲ့ မိသားစု တွေ၊ ဝန်ထမ်းတွေ၊ ပညာရှင်တွေက အစ ကျောင်းသားတွေ လှုပ်ရှားမှုကို ထောက်ခံကြပြီး “တစုံတရာတော့ ပြောင်းလဲချိန် တန်ပြီ” လို့ ယူဆနေကြပါပြီ။
၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဦးနေဝင်းက မုတ်သုန်မိုးတွေ ရွာနေတဲ့ကြားက အရေးပေါ် ပါတီညီလာခံ ကို ခေါ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတာလည်း မြန်မာနိုင်ငံမှာ တခုတည်း ရှိနေ တဲ့ပါတီ၊ ဦးနေဝင်း ကိုယ်၌က ဖန်တီးထားတဲ့ ပါတီပါ။ ဒီအရေးပေါ် ညီလာခံမှာ ဦးနေဝင်းက လူတွေ မမျှော်လင့်ထားတာကို ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အရေးအခင်းတွေမှာ လူထုတွေက အစိုးရအပေါ် ယုံကြည်မှုနည်းနေ တာကို ဖော်ပြခဲ့ကြတယ်။ ဒီအတွက် သူ့မှာ တာဝန်ရှိတာနဲ့အညီ သူနဲ့ အခြား ပါတီခေါင်းဆောင်တွေ နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက မိန့်ခွန်းနောက်ဆုံးမှာ ဦးနေဝင်းက သူက နိုင်ငံရေး ကသာ အနားယူသွားတာဖြစ်တယ်၊ တိုင်းပြည်ပြိုကွဲတာကိုတော့ လက်မခံနိုင်ဘူး၊ အဲသည်တော့ ဆူဆူပူပူ ဆက်ဖြစ်မယ်ဆိုရင် စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ခြိမ်းခြောက်စကား ကိုလည်း သတိပေး ပြောသွားခဲ့ပါသေးတယ်။
ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံ အုံကြွမှုကြီးက ပိုအရှိန်ရလာခဲ့ပါတယ်။ ပထမပိုင်းမှာ စစ်တပ်တွေက အကြမ်းဖက် ချေမှုန်းကျလို့ လူထောင်ချီ သေကြရပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်အကြာမှာတော့ ဆက်ခံသူ သမ္မတသစ် ဦးစိန်လွင် နှုတ်ထွက်လိုက်ရပြီး အရပ်သားပညာရှင် ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့ပါ တယ်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလို့ ပြေလည်ရာ ပြေလည်ကြောင်း လေချိုကမ်းလာခဲ့ပါတယ်။
ဒါပေမယ့် သည်အချိန်မှာ အတိုက်အခံအင်အားစုတွေက လုံးဝနိုင်မယ်လို့ တွက်ထားကြပါပြီ။ သြဂုတ်လ ၂၅ ရက်နေ့ ရွှေတိဂုံဘုရား အနောက်ဖက်မုတ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထွက်ပြီး လူထုကို စကားပြောပြီးတဲ့ နောက်ပိုင်းမှာ လူထုက ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ အရင် နိုင်ငံရေးအရှိန်အဝါရှိသူ ဦးနု၊ သခင်စိုး၊ ဦးအောင်ကြီး၊ ဗိုလ်ချုပ်ကြီး ဦးတင်ဦးတို့လည်း ခေါင်းဆောင်အဖြစ် ထွက်ပေါ်လာပါတယ်။ ကျောင်း သား ခေါင်းဆောင်တွေက အများအပြားပေါ်လာသလို၊ နယ်အသီးသီးမှာလည်း သပိတ်ခေါင်းဆောင်တွေ ပေါ် လာကြပါတယ်။ သို့သော်လည်း ခေါင်းဆောင်မှုကို စုစည်းလို့ စနစ်တကျ ဗျူဟာဆွဲ အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ တခဏတာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ရသော်လည်း အောင်ပွဲမခံနိုင်ဘဲ စစ်အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရပါ တော့တယ်။ လူထောင်ချီပြီးလည်း သွေးထွက်သံယို အသက်ဆုံးကြရပြန်ပါတယ်။
သွေးထွက်သံယို အာဏာသိမ်းမှု အပြီးမှာတော့ အမေရိကန်၊ ဂျပန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဂျာမနီတို့က နှစ်နိုင်ငံချင်း ပေးနေတဲ့ အကူအညီတွေကို ရပ်စဲခဲ့ကြပါတယ်။ ဒါပေမယ့် အကြီးအကျယ် ပြစ်တင်ရှုံ့ချမှုတွေ မရှိခဲ့ သလို မြန်မာ့အရေးက ကုလသမဂ္ဂ ဝင်ရောက်အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာလည်း မရှိခဲ့ကြပါဘူး။ အကြောင်းကလည်း ရှင်းပါတယ်။ အဲသည်အချိန်က မြန်မာပြည်ထဲမှာ စီအဲန်အဲန် ရုပ်မြင်သံကြား ကင်မရာတွေ ရှိမနေသလို၊ နိုင်ငံခြားသတင်းတွေမှာလည်း ချက်ချင်းမဖော်ပြနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။
ဒီနောက်ပိုင်း ကျောင်းသားတွေက စစ်အာဏာရှင်ကို လက်နက်စွဲကိုင် ပြန်တော်လှန်ကြဖို့ဆိုပြီး နယ်စပ်နဲ့ တောထဲကို ရောက်လာခဲ့ကြပါတယ်။ ဦးသန့်မြင့်ဦးကလည်း နောက်တနှစ်မှာတော့ တခြားအလုပ်တွေနားပြီး နယ်စပ်က ကျောင်းသားစခန်းတွေဆီ၊ နိုင်ငံရေး အလုပ်တွေဆီ ခြေဦးလှည့်ခဲ့ပါတယ်။ သူပြောတာက သူအရင် တွေ့ခဲ့ သိခဲ့ရတဲ့ မြန်မာပြည်နဲ့၊ အခု မြန်မာပြည်က ကွာခြားလှချည့်လို့ ဖော်ပြပါတယ်။ ယခင် သူတွေ့နေရတဲ့ သူတွေက သက်ကြီးပိုင်းတွေ ကုတ်အင်္ကျီ အသေသပ်နဲ့ ဆေးပြင်းလိပ်ဖွာလို့ ရေဗားဒေးလ်မြစ်ကမ်းမှာ စကား လက်ဆုံချကျနေသူတွေ၊ အတိတ်ကို ပြန်တန်းတနေတဲ့ ကမ္ဘာလို့ သူက ပြောပါတယ်။ အခု နယ်စပ်မှာ သူမြင် နေရတဲ့ လူငယ်ကျောင်းသားတွေက အရေးပေါ် နေကြ၊ ရန်လို ထကြွနေကြ၊ တက်ကြွပြီး မြန်မာပြည်အနာဂတ်ကို တွေးတောကြံဆနေကြတဲ့ မတူကွဲပြားတဲ့ မြန်မာနိုင်ငံကို မြင်နေရပါတယ်။
ဒီအချိန်မှာ သူလည်း လက်နက်ကိုင်တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် အဖြေတခု ဖြစ်ကောင်းရဲ့လို့ ယုံကြည်နေမိ ခဲ့ပါတယ်။ အချို့ သူတွေကတော့ ပြည်ပမှာ ဖိအားပေးရေး၊ စီးပွားရေး ပိတ်ဆို့ရေးကိစ္စတွေကိုလည်း တိုက်တွန်းနေကြ ပါတယ်။
ဒါပေမယ့် ၈၈ နောက်ပိုင်းမှာတော့ ယခင်က လူသူ စိတ်မဝင်စားခဲ့တဲ့ မြန်မာနိုင်ငံက ပိုလို့ လူစိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် စိတ်ဝင်စားမှုက မြန်မာနိုင်ငံက အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်း ဖြစ်ပျက်ခဲ့သယောင် သမိုင်းမရှိခဲ့သလို စိတ်ဝင်စားမှုမျိုးပါ။ ဒါကို စာရေးသူ ဦးသန့်မြင့်ဦးက မကျေလည်လှပါ ဘူး။ မြန်မာနိုင်ငံ သမိုင်းက ဖြစ်ခဲ့တဲ့ ကိုလိုနီ ကျွန်ပြုခံခဲ့ရတဲ့ ကိစ္စတွေ၊ မျိုးချစ်စိတ် ပြင်းထန်ပုံ၊ နိုင်ငံခြားသား မုန်းတီးပုံတွေ၊ တိုင်းရင်းသား ရောင်စုံသူပုန် ပုန်ကန်ထကြွမှုနဲ့ စစ်အာဏာရှင် ခြေကုတ်ရလာပုံကို လျစ်လျူရှု ထားပြီး ပြောနေကြသလို သူက မြင်ပါတယ်။ ဒီတော့လည်း သူ့မှာ မေးခွန်းတွေ ဖြစ်လာရပါတယ်။
ဘာဖြစ်လို့ စစ်အာဏာရှင်တွေက ဒီလောက် သက်ဆိုးရှည်နေခဲ့ရတာလဲ။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ပြန်ရအောင် ဘယ်လိုနည်းနဲ့ ဆောင်ကျဉ်းနိုင်မှာလဲ။ ရန်ကုန်အစိုးရနဲ့ တိုင်းရင်းသားတွေ ကြားက ပြည်တွင်းစစ်ကို ကျနော်တို့က ဘယ်လိုကြည့်မြင်ကြမှာလဲ။ သဘာဝ သယံဇာတကြွယ်ဝလွန်းပြီး အာဆီယံနိုင်ငံတွေ ရှေ့ရောက်ခဲ့ရတဲ့ နိုင်ငံတခုက ဘာဖြစ်လို့ အခု အောက်ကျနောက်ကျ ဖြစ်နေရသလဲ။ ပို အရေးကြီးတာက ကျနော်တို့ ဘာဆက်လုပ်ကြမှာလဲ ... စသဖြင့် အတောမသတ်နိုင်တဲ့ မေးခွန်းတွေ ထုတ်ခဲ့ပါ တယ်။ ဒါတွေဟာ သမိုင်းနဲ့ ဆက်နွယ်နေတယ်လို့လည်း သူက ယုံကြည်ပါတယ်။
နောက်တပတ်မှာတော့ သူက မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ အခြေခံ ဖွဲ့စည်းပုံ၊ စနစ်တွေ အကြောင်း သူသုံးသပ် ထားပုံကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
Rest of your post
at 19:10
Subscribe to:
Post Comments
(
Atom
)
2 comments :
ကောင်းတယ်ဗျာ၊ အခုလိုမိတ်ဆက်ပေးတာ။ ဆက်ရေးပါ။
တင့်ဆွေ
can you check again how to say The River Of Lost Footsteps in Burmese please? what i see is--what you meant is...not really reach to the original... just shitty language-bussiness! not really important, any way!!!!
Post a Comment