"ဆရာမ မခင်ကြည် တိုက်မှ သောက်မယ်” ဆိုသော ဗိုလ်ချုပ် အောင်ဆန်းနှင့် သူ၏မိသားစု
(ဤ ဆောင်းပါးရှင် ဦးအုန်းမြင့် မှာ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်း ၏ အရင်းနှီးဆုံး မိတ်ဆွေ တဦးဖြစ်သည်။ ဦးအုန်းမြင့် နှင့် သခင် တင်ဦး တို့မှာ သခင်ဘ၀ ကပင် ဗိုလ်ချုပ်၏ ပြောမနာ ဆိုမနာ မိတ်ဆွေရင်းများ ဖြစ်ကြ သည်။ ဗိုလ်ချုပ် မကျဆုံးမီ ကလေး က ကျင်းပခဲ့သော သတင်းစာ ဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က “ကျုပ်အကြောင်း သူတို့နှစ်ယောက် သာ ကောင်းကောင်းသိတယ်” ဟု ပြောဆိုခဲ့ဘူးသည်။ ဦးအုန်းမြင့် ရေးသားထား သော ဆောင်းပါး အားလုံး ကိုမူ များလွန်း သဖြင့် မဖော်ပြနိုင်ခြင်း ကို ခွင့်လွှတ်စေလိုပါသည်။ မူရင်းအတိုင်း ပြန်လည်ဖော်ပြပါသည်။)
မောင်လူအေး
ခွေးမသား စစ်ထဲဝင်
ထိုနောက်မှာကား ဂျပန်တို့ ဗမာပြည် ၀င်လာသည့်အခါ၊ သူ့အား ဗိုလ်တေဇ အဖြစ်နှင့် ပြန်တွေ့ရ၏။ ကျွန်တော်လည်း တောမှ ရန်ကုန်သို့ တက်လာပြီး သူအား ဒီဗွန်းကုတ်တွင် စစ်ဝတ်စစ်စား နှင့် တွေ့လိုက်ရသော အခါ၊ သူ က ကျွန်တော့အား သုံသုံမှုံမှုံကြီး ကြည့်နေသည်။ ကျွန်တော်က “ဗိုလ်တေဇ နေကောင်းရဲ့လား” ဟု စကားစလိုက်သည် နှင့် တပြိုင်နက် “ဘာ ဗိုလ်တေဇလဲ ၊ ခွေးမသား စစ်ထဲဝင်ရမယ်” ဟုပြန်၍ နှုတ်ဆက်လိုက်သည် ကို ယခုတိုင် ကြားယောင်လျက် ရှိပါသေးသည်။
သူနှင့်အရက်
တနေ့သော် ကျွန်တော်တို့ ဗိုလ်စကြာအိမ် ရောက်သွားကြသည်။ ဗိုလ်စကြာတို့အိမ်တွင် သခင်တင် ( ယခင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး)၊ နောင်ကြီးလင်း (ကွယ်လွန်သူ သထုံခရိုင်ဝန် သခင်လင်းကြီး) တို့လည်း ရှိရာ အားလုံးကပင် “စစ်ဗိုလ် ဆိုရင် အရက်သောက်ရတယ်” ဟု ပြောပြောဆိုဆို သခင်အောင်ဆန်းအား ၀ိုင်း၍ အရက်တိုက်ကြသည်။ ပဌမ သော် မသောက် ဇွတ်ငြင်းသေးသည်။ နောက် မနေနိုင်တော့ “စစ်တိုက်မှာဘဲ သောက်မယ်၊ငါသောက်မယ်၊ အဟမ်း ဟဲဟဲ” ဟုဆိုကာ တခွက်မော့ လိုက်လေသည်။ မော့ပြီးသည်နှင့် တပြိုင်နက် “မင်းတို့ဥစ္စာ မကောင်းဘူး၊ နံလဲနံတယ်၊ ပူလဲပူတယ်” ဟု မှတ်ချက်ချလေသည်။ ဗိုလ်စကြာ၊ သခင်တင် နှင့် နောင်ကြီးလင်း တို့ကောင်းမှု ကြောင့် ၃-၄ခွက် လောက်သောက်ပြီးနောက် သူ့ကို အတင်းတိုက် ရမလား ဟု ဆဲသည်။ နောက် “ငါအိမ်ပြန်မယ်” ဟုပြောပြောဆိုဆို ထပြန်လေသည်။ အိမ်ရောက်သော အခါ “ငါမူးတယ်၊ အိပ်မယ်” ဟု ပြောကာ အိပ်ရာဝင်လေသည်။ ခဏမျှ ငြိမ်နေပြီး အိပ်ပျော်သွားပြီ ဟု ထင်နေစဉ် “ဟေ့ ခွေးမသား အုန်းမြင့်၊ တင်ဦး ငါမူးတယ် အိပ်လို့မရဘူး၊ ငါ့အမူး ပြေအောင် လုပ်ပေးကြ” ဟုအော်တော့ သည်။ ကျွန်တော်တို့ ၀င်သွားသော အခါ ဒရိမ်း ဒယိုင်ထပြီး “ငါအမူးပြေအောင် လုပ်ပေးကြ ခွေးမသားတွေ” ဟု တကြိမ်းတည်း ကြိမ်းနေ၍ “ ရေချိုးဗျာ၊ ပျောက်သွားမှာဘဲ” ဟု ပြောလိုက်သည်နှင့် တပြိုင်နက်၊ ဆင့်ကာ ဆင့်ကာ ကြိမ်းတော့သည်။ သခင်အောင်ဆန်းမှာ ရေကို ၇-ရက် ၈-ရက် ကြာမှ ချိုးချင် ချိုးသည်။ အမြင်မတော်၍ အခြားလူများက အတင်းချိုးခိုင်းမှ ချိုးတတ်သည့် အလေ့မှာ မပျောက်။ ထိုနောက်မှ သူ့အား သခင်တင်ဦးနှင့် ကျွန်တော် ၂-ယောက်တွဲ၍ လမ်းရှောက်နေရ တော့ သည်။နောက်တနေ့ မနက်တွင် အိပ်ရာထ ခါတိုင်းထက်နောက်ကျပြီး အိပ်ရာမှ နိုးလျှင် နိုးချင်း“ခွေးမသားတွေ ငါမူးနေသေးတယ်” ဟု မနက်ခင်းနှုတ်ဆက်လိုက်လေသည်။
နောက် ဗမာ့တပ်မတော် ဖွဲ့လေပြီ။ သခင်တင်ဦး၊ သခင်ဗအေးနှင့် ကျွန်တော်တို့အား စစ်ထဲမ၀င်၍ “ခွေးမသား တွေ စစ်ထဲဝင်ရမယ်” ဟု တကြိမ်းတည်း ကြိမ်းနေသည်။ သခင်အောင်ဆန်း ကား စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး ရမည်။ စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေး အစစ် ခိုင်လုံမည် ဟု တထစ်ချ ယုံကြည်သည်။ စစ်တပ် ကြီးကျယ်မှု ကို ကြိုးစားလုပ်ခဲ့သည်။
ဒေါ်ခင်ကြည်နှင့်
ကျွန်တော်နယ် သို့ထွက်သွားပြီး ပြန်လာသောအခါ သူဆေးရုံတွင် ရောက်နေလေပြီ။ သခင်တင်ဦး နှင့် ကျွန်တော် သူ့အခန်းထဲ ၀င်သွားသော ကြရာ၊ “ဟို ခွေးသား တင်ဦး ကို ငါ့မိန်းမဘို့ လက်စွပ်ဝယ်ခိုင်းတာ မရဘူး။ မင်းဝယ်ပေးရမယ်” ဟု စကားစလေသည်။ ကျွန်တော်လည်း သူကျေနပ်အောင် ၀ယ်ပေးပါမယ် ဟု ပြော၍ “ဟေ့၊ တင်ဦး အုန်းမြင့် ကို ပိုက်ဆံပေးလိုက်၊ ဟေ့ကောင် လက်စွပ်ဝယ်ဘို့နော်၊ ခွေးမသား မင်းသုံး မပစ်လိုက်နဲ့အုံး” ဟု တဆက်တည်းပြောလေသည်။ ထိုအခိုက် ဆရာမလေး တယောက် ဆေးခွက်ကိုင်၍ ၀င်လာရာ “ မသောက်ဘူး၊ မသောက်ဘူး၊ ဆရာမ မခင်ကြည် တိုက်မှ သောက်မယ်” ဟု ခေါင်းတခါခါ ပြောသဖြင့်၊ ဆရာမလေး ပြုံးပြီး လှည့်ထွက်သွားလေသည်။ တဘက်ခန်းမှ ဦးကျော်ငြိမ်း (ယခင်) ပြည်ထဲရေးဝန်ကြီး က “မြန်မြန်ရအောင် လုပ်ပေးလိုက်စမ်းဗျာ ဟဲဟဲ” ဟု ထုံးစံအတိုင်း လေအေးလေပြော့ ကလေးနှင့် လှမ်း၍ နော့လိုက်လေသည်။
ထိုနောက် ကျွန်တော် တောသို့ပြန်သွားရာ သခင်အောင်ဆန်း ဒေါ်ခင်ကြည် နှင့် လက်ထပ်သည့် သတင်းကို ကြားရလေသည်။ ထိုစဉ်က သခင်အောင်ဆန်းမှာ လွတ်လပ်ရေး အတွက် ဆင်းရဲ ပင်ပမ်းကြီးစွာ ကြိုးပမ်း၍ အတော်မကျန်းမမာ ဖြစ်နေရာ၊ ဒေါ်ခင်ကြည် ၏ ဂရုတစိုက် ကြည့်ရှုပြုစုမှု ကြောင့်သာ နလံထူလာခြင်း ဖြစ်ပေသည်။ သို့မဟုတ်က တရှောင်ရှောင် နှင့် ထိုစဉ်ကပင် လုံးလုံး လဲဘွယ်ရာ ရှိပေသည်။ ဒေါ်ခင်ကြည်၏ ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွတ်လပ်ရေး ကို ဆက်လက် ကြိုးပမ်းနိုင်ခြင်းဖြစ်လေသည်။ သို့သော် လွတ်လပ်ရေးအတွက် တိုက်နေရင်းပင်၊ လွတ်လပ်ရေး မရခင် ခုလပ်တွင်ပင် ရန်သူ့ လက်ချက်ဖြင့် အသက်ဆုံးရှုံး ရရှာလေပြီ။
( ယခုအခါ မြန်မာငွေစက္ကူ များတွင် ဗိုလ်ချုပ်ရုပ်ပုံလွှာ ကို မဖော်ပြတော့ပါ။ နောင် ကလေးငယ် များပင် ဗိုလ်ချုပ် ကို မြင်ဘူးကြတော့မည်မဟုတ်။ ထိုကဲ့သို့ လွတ်လပ်ရေး ရရန် အားသွန်ခွန်စိုက်ပြီး အသက်ပါ စတေးခံခဲ့သော မြန်မာသမိုင်း ၏ အကြီးအကျယ်ဆုံး အာဇာနည် ခေါင်းဆောင်ကြီး ၏ ရင်နှစ်သည်းချာ သမီးရတနာ ဒေါ်စု အား ဗိုလ်ချုပ် ကိုယ်တိုင် ကြပ်မတ် တည်ထောင်ခဲ့သော တပ်မတော်မှ လူမဆန်သော ဗိုလ်ချုပ်များ က သမိုင်းကို လစ်လျူရှု၍ ယခုတိုင် ဖမ်းဆီးချုပ်နှောင်ထားသည် မှာ မြန်မာပြည် ၌ လူ အုပ်ချုပ်နေသလော၊ ခွေးအုပ်ချုပ်နေသလော မေးစရာ မလိုတော့ပါ။ ဤကား စကားချပ်။)
-မောင်လူအေး-
Rest of your post
No comments :
Post a Comment